
ရန်ကုန် ဇူလိုင် ၂၂
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် (၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဘောလုံး အားကစားနည်းတွင် အမျိုးသား၊ အမျိူးသမီးပြိုင်ပွဲ နှစ်ခုစလုံး ပါဝင်မည်ဖြစ်သည်။
ဇူလိုင်လဒုတိယပတ်က ပြုလုပ် သည့် ဆီးဂိမ်းအဖွဲ့ချုပ် အစည်း အဝေးအပြီးတွင် (၃၂) ကြိမ် မြောက် ဆီးဂိမ်းပြိုင်ပွဲ၌ ထည့်သွင်း ကျင်းပမည့် အားကစားနည်းများ အတည်ပြုထုတ်ပြန်ခဲ့ပြီး ဘောလုံး အားကစားနည်း၌ အမျိုးသား၊
အမျိုးသမီးပြိုင်ပွဲနှစ်ခုစလုံး ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ဆီးဂိမ်းအမျိုးသား ဘောလုံးပြိုင်ပွဲကို သက်တမ်း အလိုက် ပြိုင်ပွဲအဖြစ် ကျင်းပမည်ဖြစ်သော်လည်း အမျိုးသမီးဘောလုံး ပြိုင်ပွဲကိုမူ အလွတ်တန်း လက်ရွေးစင်အဆင့် ပြိုင်ပွဲအဖြစ် ဆက်လက် ကျင်းပမည်ဖြစ်သည်။ အမျိုးသားဘောလုံးပြိုင်ပွဲကို ယူ-၂၂ ပြိုင်ပွဲ အဖြစ် ဆက်လက်ကျင်းပဖွယ်ရှိနေပြီး အသက်ကျော်ကစားသမား ထည့်သွင်းအသုံးပြုခွင့်ရမည့် ကစားသမားအရေအတွက်ကိုလည်း မကြာမီအတည်ပြုမည်ဖြစ်သည်။
အမျိုးသားဘောလုံးပြိုင်ပွဲမှာ ဆီးဂိမ်းပြိုင်ပွဲတွင် ပုံမှန်ပါဝင်သော် လည်း အမျိုးသမီးဘောလုံးပြိုင်ပွဲမှာမူ အိမ်ရှင်အဖြစ် လက်ခံကျင်းပ သည့် နိုင်ငံအနေဖြင့် အမျိုးသမီးဘောလုံး ဖွံ့ဖြိုးမှသာ ထည့်သွင်း ကျင်းပခြင်းဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အမျိုးသမီး ဘောလုံး ဖွံ့ဖြိုးတိုးတက်ခြင်းမရှိသေးသော်လည်း ၂၀၂၁ ခုနှစ်တွင် အမျိုးသမီးဘောလုံးအသင်းများ စတင်ဖွဲ့စည်းကာ ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများ စတင်ယှဉ်ပြိုင်နေပြီဖြစ်သောကြောင့် အိမ်ရှင် အဖြစ် လက်ခံကျင်းပသည့် (၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ထည့်သွင်းကျင်းပခြင်းဖြစ်သည်။
နောက်ဆုံးကျင်းပသည့် (၃၁) ကြိမ်မြောက် ဗီယက်နမ်ဆီးဂိမ်း ပြိုင်ပွဲတွင် ဘောလုံးအမျိုးသားနှင့် အမျိုးသမီးပြိုင်ပွဲနှစ်ခုစလုံး ပါဝင် ခဲ့ပြီး မြန်မာအသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ မြန်မာအမျိုးသား အသင်းသည် အုပ်စုအဆင့်မှထွက်ခဲ့ရပြီး အမျိုးသမီးအသင်းမှာမူ ဆီမီးဖိုင်နယ်တက်ရောက်သော်လည်း တတိယလုပွဲတွင် အရေးနိမ့်ခဲ့ သဖြင့် ဆုတံဆိပ်နှင့် လွဲချော်ခဲ့သည်။
ဆီးဂိမ်းပြိုင်ပွဲတစ်လျှောက် မြန်မာအမျိုးသားဘောလုံးအသင်းက ရွှေတံဆိပ် ငါးခု၊ ငွေတံဆိပ် လေးခု၊ ကြေးတံဆိပ် ငါးခု၊ မြန်မာ အမျိုးသမီးဘောလုံးအသင်းက ငွေတံဆိပ်သုံးခု၊ ကြေးတံဆိပ် ခုနစ်ခု ရရှိထားသည်။ မြန်မာအမျိုးသမီး အသင်းသည် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ်မရဖူးသော်လည်း ဆုတံဆိပ်မလွတ်တမ်း ရယူနိုင်ခဲ့ပြီး နောက်ဆုံးကျင်းပသည့် ဗီယက်နမ်ဆီးဂိမ်း ပြိုင်ပွဲမှသာ ပထမဆုံးအကြိမ် ဆုတံဆိပ်နှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။
ရဲရင့်လွင်
ဓာတ်ပုံ-MFF