
နေပြည်တော် မေ ၆
ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပ လျက်ရှိသည့် (၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည့် မြန်မာ အားကစားအဖွဲ့အတွက် ပထမဆုံး ရွှေတံဆိပ်ဆုကို ဗိုဗီနမ်အားကစား နည်းမှ ရယူနိုင်ခဲ့သည်။ မြန်မာ ဗိုဗီနမ်အဖွဲ့သည် မေ ၆ ရက်က ကျင်းပသည့်ပွဲစဉ်များအပြီးတွင် ရွှေနှစ်ခု၊ ကြေးလေးခု စတင် ဆွတ်ခူးရရှိခဲ့သည်။
မြန်မာဗိုဗီနမ် အဖွဲ့အတွက် ရွှေတံဆိပ်ဆုများကို အမျိုးသမီး နှစ်ယောက်တွဲ သရုပ်ပြပြိုင်ပွဲတွင် ခိုင်ဝါဖူးနှင့် မေဟန်နီအောင်လွင် အတွဲ၊ အမျိုးသား လေးယောက်တွဲ လက်သိုင်းအပြ ပြိုင်ပွဲတွင် အောင်ခိုင်လင်း၊ ဟိန်းထက် အောင်၊ ရာဇာထွန်းနှင့် ကျော်သူစိုး အောင်အတွဲက ရယူပေးခဲ့ခြင်း ဖြစ်သည်။ ရွှေတံဆိပ်ဆုများ ရယူ ပေးခဲ့သည့် မြန်မာဗိုဗီနမ်ကစား သမားများမှာ ယင်းပွဲစဉ်များတွင် ဆီးဂိမ်း နှစ်ကြိမ်ဆက်တိုက် ရွှေတံဆိပ်ဆုရရှိခဲ့ခြင်း ဖြစ်သည်။ အမျိုးသား လေးယောက်တွဲ လက်သိုင်းအပြပြိုင်ပွဲတွင် မြန်မာ အတွဲက ရမှတ် ၄၅၃ မှတ်ဖြင့် ရွှေတံဆိပ်၊ ဗီယက်နမ်အတွဲက ရမှတ် ၄၄၅ မှတ်ဖြင့် ငွေတံဆိပ်၊ အိမ်ရှင် ကမ္ဘောဒီးယားအတွဲက ရမှတ် ၄၃၈ မှတ်ဖြင့် ကြေး တံဆိပ်ရရှိခဲ့သည်။ အမျိုးသမီး နှစ်ယောက်တွဲ သရုပ်ပြပြိုင်ပွဲ တွင်မူ မြန်မာအတွဲက ရမှတ် ၄၅၄ မှတ်ဖြင့် ရွှေတံဆိပ်၊ ထိုင်းအတွဲက ရမှတ် ၄၃၉ မှတ်ဖြင့် ငွေတံဆိပ်၊ အင်ဒိုနီးရှားအတွဲက ရမှတ် ၄၃၇ မှတ်ဖြင့် ကြေး တံဆိပ်ရရှိခဲ့သည်။ ကြေးတံဆိပ်ဆုများကို အမျိုးသားလက်သိုင်းအပြပြိုင်ပွဲတွင် ကျော်သူစိုးအောင်၊ အမျိုးသားဓားအရှည်ပြိုင်ပွဲတွင် ရာဇာထွန်း၊ အမျိုးသမီး Dragon-Tiger ပြိုင်ပွဲတွင် ခိုင်ဇာထွန်းနှင့် အမျိုးသားအသင်းလိုက် ပြိုင်ပွဲတို့တွင် တစ်ခုစီ ဆွတ်ခူးရရှိခဲ့သည်။
ဆီးဂိမ်းဗိုဗီနမ်ပြိုင်ပွဲကို မေ ၆ ရက်မှ ၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ရွှေတံဆိပ် စုစုပေါင်း ၃၀ ချီးမြှင့်သွားမည်ဖြစ်သည်။
ကိုညီလေး