
စာချစ်သူ
======
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် မြန်မာနိုင်ငံ၏ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယဖြစ်သည်။
မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီနယ်ချဲ့လက်အောက်တွင် နှစ်ပေါင်း ၁၀၀ ကျော် သူ့ကျွန်ဘဝသို့ကျရောက်ခဲ့ရာမှ တစ်မျိုးသားလုံး အသက်သွေး၊ ချွေးများ ပေးဆပ်ရင်းနှီးပြီး တို့ဗမာအစည်းအရုံးနှင့် ဖဆပလအဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးကို အရယူနိုင်ခဲ့ကြသည်။
မားသားအိန္ဒိယကို လွတ်လပ်ရေး ရယူဆောင်ကြဉ်း
ဒုတိယကမ္ဘာစစ်အပြီးတွင် မြန်မာ အပါအဝင် အာရှနိုင်ငံအများစုသည် မရှေးမနှောင်း ကိုယ်စီကိုယ်စီ လွတ်လပ် ရေးရရှိခဲ့ကြသည်။ အိမ်နီးချင်း အိန္ဒိယ နိုင်ငံကြီးသည် မြန်မာထက် လေးလခွဲမျှ စောသည်။ ၁၉၄၇ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် အိန္ဒိယကွန်ဂရက်ပါတီ၏ ဦးဆောင်မှုဖြင့် နယ်ချဲ့ဗြိတိသျှတို့ လက်မှ မားသားအိန္ဒိယကို လွတ်လပ် ရေး ရယူဆောင်ကြဉ်းပေးနိုင်ခဲ့သည်။
အိမ်နီးချင်း တရုတ်နိုင်ငံကြီး ကတော့ မြန်မာထက် တစ်နှစ်ကျော် နှစ်နှစ်နီးပါး နောက်ကျခဲ့သည်။ ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ဥက္ကဋ္ဌကြီးမော် ဦးဆောင်သော တရုတ် ပြည်သူ့ကွန်မြူနစ်ပါတီက ဖက်ဆစ် ဂျပန်နှင့် နိုင်ငံရေးပြိုင်ဘက် ကွန်မင်တန် တပ်များကို တွန်းလှန်တိုက်ခိုက်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင် ခဲ့သည်။
မြန်မာ၊ တရုတ်၊ အိန္ဒိယ သုံးနိုင်ငံ သည် လူဦးရေနှင့် နယ်မြေအမျိုးအစား အရ ကွာဟမှုရှိခဲ့သော်လည်း အာရှ၌ မဟာဗျူဟာ အချက်အချာကျသည်။ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင် မြန်မာနိုင်ငံနှင့် အိန္ဒိယတို့က ပို၍ ကျောချင်းကပ်ခဲ့ကြသည်။ အိန္ဒိယ ကွန်ဂရက်ပါတီ ခေါင်းဆောင် ဂျဝါဟာလာပဏ္ဍစ်နေရူးနှင့် ဗိုလ်ချုပ် အောင်ဆန်း၊ ဦးနု၊ ဦးကျော်ငြိမ်း စသည့် မြန်မာခေါင်းဆောင်တို့သည် နိုင်ငံရေး အရသာမက ပုဂ္ဂိုလ်ရေးအရပါ ရင်းနှီး သည်။
လွတ်လပ်ရေးနှင့် ပတ်သက်၍ အိန္ဒိယနှင့်မြန်မာနှစ်နိုင်ငံ ဘယ်သူ အရင် လွတ်လပ်ရေးရယူဆွတ်ခူး နိုင်မလဲ မေးခွန်းကို နေရူးနှင့် ဗိုလ်ချုပ် အောင်ဆန်းတို့ ခန့်မှန်းသုံးသပ်လေ့ ရှိကြသည်။ နေရူးက အိန္ဒိယသည် မြန်မာထက်စောပြီး လွတ်လပ်ရေး ရမည်ဟု ခန့်မှန်းသည်။
ကံတူအကျိုးပေး မြန်မာ၊ တရုတ်၊ အိန္ဒိယ သုံးနိုင်ငံသည် ကိုလိုနီနယ်ချဲ့ လက်အောက်တွင် အဘက်ဘက်မှ ယိုယွင်းပျက်စီးခဲ့ကြရသည်။ သို့ကြောင့် မို့ နိုင်ငံခေါင်းဆောင်များသည် နိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပြီးလျှင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ကြွယ်ဝချမ်းသာရေး၊ အင်အားတောင့်တင်းရေး တို့အတွက် ကိုယ်စီကိုယ်စီ မျှော်မှန်းချက်များ ထားရှိခဲ့ကြသည်။
အချက်အချာနိုင်ငံဖြစ်
မြန်မာနိုင်ငံ၏ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက “မြန်မာပြည်ဟာ ငယ်ပေမယ့် သူ့အလျောက် တန်ဖိုးရှိတယ်။ ရှေးကတော့ မရှိဘူး၊ ယခု မြန်မာပြည်ဟာ ဥရောပတိုက် မှာ ဘယ်လ်ဂျီယံပြည်နဲ့တူတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်ဟာ အိန္ဒိယပြည်နဲ့ တရုတ်ပြည်ကြီး နှစ်ပြည် ကြားမှာရှိပြီး အင်မတန်စစ်ဘက်က အရေးပါအရာရောက် အကွက်ကျတဲ့ အချက်အချာနိုင်ငံဖြစ်နေတယ်။ စစ်နဲ့ ပတ်သက်ပြီး စစ်ပစ္စည်းတွေလည်း ရှိတယ်။ ပြီးခဲ့တဲ့ ကမ္ဘာစစ်ကြီးမှာ မြန်မာပြည်ဟာ ဘယ်လောက်အရေး ပါတယ်ဆိုတာ အပြင်ဘက်လူတွေ ကိုယ်တိုင် မြင်သလောက်မြင်ကြတယ်။ ကျွန်တော်တို့ကတော့ အတွင်းကျကျ လုပ်ခဲ့လို့သိတယ်။ နိုင်ငံတကာအရေးကိစ္စ တွေ ပေါ်ပေါက်လာတဲ့ အချိန်ကျမှ နောက်ကဝင်ပြီး မြန်မာနိုင်ငံက ခြေထိုး နိုင်တယ်။ အဲဒီလို မြန်မာပြည်က အရေးပါ တဲ့ အခြေအနေကိုရောက်နေတယ်။
မြန်မာပြည် လွတ်လပ်တဲ့အချိန်အခါ မှာ ဘယ်သူလာပြီး ဘာလုပ်မယ်၊ ညာလုပ် မယ်ဆိုတာကို ကျုပ်မလန့်ဘူး။ မြန်မာပြည် လူထုညီညွတ်ဖို့ လိုတယ်။ နိုင်ငံရေး စားဖားတွေ ညီညွတ်ဖို့မလိုဘူး။ ဘယ်သူ တွေ ညီညွတ်ရမယ်ဆိုရင် တက်ခေတ် မြန်မာပြည်မှာ တက်အံ့ဆဲဆဲ လူငယ် နိုင်ငံရေးသမားတွေ ညီညွတ်မယ်ဆိုရင် မြန်မာပြည်ညီညွတ်မှာပဲ။ တစ်ယောက် နဲ့တစ်ယောက် အကြောင်းပြချက် မလုံလောက်ဘဲ မညီမညွတ်ဖြစ်နေရင် အချုပ်အခြာအာဏာပိုင်အဖြစ် ရောက်နိုင် မှာ မဟုတ်ဘူး”ဟု ၁၉၄၇ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင်ကျင်းပသော နိုင်ငံရေး ရှင်းလင်းပွဲမိန့်ခွန်း၌ ညီညွတ်ရေးနှင့် ပတ်သက်၍ သတိပေးပြောကြားခဲ့သည်။
နိုင်ငံရေးရှင်းလင်းပွဲ
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ ရန်ကုန်မြို့တော်ခန်းမ၌ မြွက်ကြားခဲ့သော ရန်ကုန်နယ်လုံးဆိုင်ရာ နိုင်ငံရေးရှင်းလင်း ပွဲကြီးတွင်မူ “လွတ်လပ်ရေးရတဲ့အခါ ယိုးဒယားလိုဖြစ်ချင်သလား၊ တူရကီလို ဖြစ်ချင်သလား၊ အိုင်ယာလန်လိုဖြစ်ချင် သလား၊ ဆိုဗီယက်ရုရှားလို ဖြစ်ချင် သလား။ မြန်မာပြည်လွတ်လပ်ရေးရတဲ့ အခါမှာ ပြန်လည်ထူထောင်ရေး စီမံကိန်း များကို အမျိုးမျိုးသော နည်းများနဲ့လုပ်မှ၊ ခပ်ရိုင်းရိုင်း မြန်မာစကားပြောရရင် အတော့်ကိုပြဲအောင် ကြိုးစားလုပ်ကိုင်မှ အနှစ် ၂၀ ကျော်လောက်ကြာမှ မြန်မာ ပြည် တော်ရုံရောက်မယ်။ မလုပ်လို့ရှိရင် ယိုးဒယားတောင်မီမှာမဟုတ်ဘူး။ အခြား လွတ်လပ်သော တိုင်းပြည်များ ခြေတစ်လှမ်းလှမ်းရင် ကိုယ်ခြေ ၄-၅ လှမ်း လှမ်းနိုင်မှ တော်ရုံကျမယ်။ အဲဒီလို မလုပ်ရင် ဟိုလူလာလည်း မျက်နှာချို သွေးရ၊ ဒီလူလာလည်း မျက်နှာချိုသွေး ရနဲ့ ‘ဖာသည်’နိုင်ငံ ဖြစ်မှာပဲ။
လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးရတဲ့ စည်းကမ်းညီညွတ်မှု တွေကို ထိန်းထားပါ။ ထူထောင်မှုကို လုပ်ကြပါ။ အဲဒီလိုလုပ်ပြီးတဲ့နောက် ရှေ့ကိုလွတ်လပ်ရေးအရသာ ကိစ္စ အတွက် အလုပ်လုပ်တဲ့နေရာမှာ စည်းကမ်းရှိဖို့၊ ပြင်ဆင်သင့်တာတွေ ပြင်ဆင်ဖို့ ခင်ဗျားတို့ စောက်ကျင့်တွေ ပြင်ဖို့လိုနေပြီလို့ ကျွန်တော်ပြောခဲ့မယ်” ဟူ၍ ဗိုလ်ချုပ်က နောက်ဆုံးမိန့်ခွန်း အဖြစ် မြန်မာပြည်သူလူထုကို ခပ်ကြမ်းကြမ်း သတိပေးနှိုးဆော်သွားခဲ့ ရှာသည်။
လွတ်လပ်ရေးနေ့ မိန့်ခွန်း
အိန္ဒိယနိုင်ငံခေါင်းဆောင်ကြီး နေရူး ကမူ ၁၉၄၇ ခုနှစ် ဩဂုတ်လ ၁၄ ရက် နှင့် ၁၅ ရက်နေ့ သန်းခေါင်ယံအချိန်၌ နယူးဒေလီမြို့တော်ရှိ ပါလီမန် လွှတ်တော်အဆောက်အအုံ ဗဟိုခန်းမ ကြီးထဲ၌ ဥဒါန်းတွင်ရစ်မည့် လွတ်လပ် ရေးနေ့မိန့်ခွန်းအဖြစ် “ကျွန်ုပ်တို့သည် နှစ်ပေါင်းများစွာအကြာမှစ၍ လွတ်လပ် ရေးအတွက် ကြိုးပမ်းခဲ့ကြရာ ယခု ကျွန်ုပ်တို့၏ ကြိုးပမ်းချက်မှာ အကောင်အထည် ပေါ်လာပြီဖြစ်သည်။
သန်းခေါင်ယံအချိန် လူ့လောက တစ်ခွင်လုံးအိပ်မောကျနေစဉ် အိန္ဒိယ ပြည်သည် အသက်ဝင်လှုပ်ရှားကာ လွတ်လပ်ရေး ပန်းတိုင်အရောက် ချီတက်ပေတော့မည်။ အဟောင်းမှ အသစ်သို့လည်းကောင်း၊ အဖိနှိပ်ခံ ဘဝမှ လွတ်လပ်ခြင်းသို့လည်းကောင်း ကူးပြောင်းပေတော့မည်” ဟူ၍ မျှော်လင့် ချက်အပြည့်၊ ဝမ်းမြောက်ဂုဏ်ယူမှု အပြည့်ဖြင့် ပြောကြားခဲ့ပေသည်။
သို့ရာတွင် နေရူးသည် တစ်ဖက်က လည်း မားသားအိန္ဒိယ၏ကြီးလေးသော တာဝန်များကို ကြိုတင်၍ ခန့်မှန်း တွက်ချက်ထားခဲ့သည်။ သမီးဖြစ်သူ အင်ဒီရာဂန္ဒီထံ ထောင်တွင်းမှ ရေးသား ပေးပို့ခဲ့သည့် ‘သမီးထံသို့ပေးစာများ’ ထဲတွင် ‘လွတ်လပ်ရေးကို ဖေဖေတို့ အမှန်တကယ်လိုချင်တယ်။ ဒါပေမဲ့ လွတ်လပ်ရုံနဲ့မပြီးသေးဘူး။ အမိနိုင်ငံ မှာ ရှိနေတဲ့ ဖုန်မှုန့်အညစ်အကြေးတွေ၊ ဆင်းရဲငတ်ပြတ်မှုတွေ၊ ဒုက္ခတွေကို ဖယ်ရှားပစ်နိုင်ဖို့ လိုသေးတယ်။ ပြီးတော့ လူတွေရဲ့စိတ်ဓာတ်မြင့်မား လာအောင်လုပ်ရဦးမယ်။ အစွမ်းကုန် ဆောင်ရွက်ဖို့လိုတယ်။ ပူးပေါင်း ဆောင်ရွက်စရာတွေလည်း ရှိတယ်။ တိုင်းသူပြည်သားတွေရဲ့ ခံယူချက် မြင့်မားမလာရင် လုပ်စွမ်းနိုင်မှာ မဟုတ်ဘူး။ အခုလိုလုပ်ဖို့ရာ တာဝန် ကြီးလှတယ်။ အချိန်တွေ အများအပြား လိုမယ်။ အနည်းဆုံး အစပြုကြိုးစား ပြင်ဆင်ထားဖို့တော့ လိုလိမ့်မယ်သမီး’ ဟု ရေးသားခဲ့သည်။
b စာမျက်နှာ ၁၀ မှ
အနီရောင်အလံများ ရဲရဲတောက်
၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ ထျန်းအန်းမင်ရင်ပြင်တွင် လူ နှစ်သိန်း၊ သုံးသိန်းခန့် စုဝေးနေကြ သည်။ အနီရောင်အလံများကလည်း ရဲရဲတောက်နေသည်။ ဥက္ကဋ္ဌကြီး မော်စီတုံးက “တရုတ်ပြည်သူ့သမ္မတ နိုင်ငံကြီး၏ ဗဟိုပြည်သူ့အစိုးရကို ယခု တည်ထောင်လိုက်ပါပြီ။ ကျွန်တော်တို့ တရုတ်ပြည်သူတွေ ကိုယ့်ခြေထောက် ပေါ်ကိုယ် မတ်မတ်ရပ်နိုင်ခဲ့ပြီ” ဟု ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားခဲ့သည်။
ဒေသတွင်း ကံတူအကျိုးပေး မြန်မာ၊ တရုတ်၊ အိန္ဒိယတို့၏ လွတ်လပ်ရေး ကြိုးပမ်းမှု ခြေလှမ်းများကား သိပ်မကွာ လှ၍ လွတ်လပ်ရေး အောင်ပန်းကို ရယူ ဆွတ်ခူးရာတွင်လည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ ရှေ့ဆင့်နောက်ဆင့်မျှသာ ကွာခြားခဲ့ကြသည်။
သို့တစေ လွတ်လပ်ပြီးခေတ် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ် လျှောက်လှမ်းရာတွင်မူ များစွာကွာဟ သွားခဲ့လေသည်။ တရုတ်နှင့် အိန္ဒိယ တို့သည် အင်အားကြီးနိုင်ငံအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သော်ငြား မြန်မာ ကား ဖွံ့ဖြိုးဆဲနိုင်ငံငယ်လေးအဆင့် မျှသာ။
အခက်အခဲများစွာ
ရင်ဆိုင်ကြုံတွေ့ခဲ့ကြရ
တရုတ်၊ အိန္ဒိယ၊ မြန်မာ သုံးနိုင်ငံ စလုံးသည် ကိုလိုနီနယ်ချဲ့တို့၏ ဆိုးမွေ များနှင့် လွတ်လပ်စနိုင်ငံများ၏ သဘာဝအတိုင်း အခက်အခဲများစွာကို ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါသည်။
အိန္ဒိယပြည်ကြီးက လွတ်လပ်ရေး ရပြီးနောက် ပါကစ္စတန်၏ခွဲထွက်မှု၊ အိန္ဒိယ-တရုတ်စစ်ပွဲ၊ ဆင်းရဲမွဲတေမှုနှင့် ဇာတ်နိမ့်ဇာတ်မြင့် လူတန်းစားခွဲခြားမှု၊ ဟိန္ဒူ-မွတ်စလင် ဘာသာရေးပဋိပက္ခ များ စသည့်စိန်ခေါ်မှုပေါင်းများစွာနှင့် ရင်ဆိုင်ကြုံတွေ့လာခဲ့ရသည်။
တရုတ်ပြည်ကြီးက မြေယာပြုပြင် ပြောင်းလဲရေး၊ မဟာခုန်ပျံကျော်လွှား မှုကြီး၊ ယဉ်ကျေးမှုတော်လှန်ရေးစသည့် ပေါ်လစီအမှားများကြောင့် အခက်အခဲ ကြုံတွေ့ခဲ့ကြရသည်။
မြန်မာပြည်က ဝါဒစွဲ၊ လူမျိုးစွဲ၊ ဂိုဏ်းဂဏစွဲ၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲတို့ကြောင့် ပေါ်ပေါက်လာသော လွတ်လပ်ရေး၏ ဖွားဖက်တော် နိုင်ငံရေးပဋိပက္ခများ၊ လက်နက်ကိုင်ပဋိပက္ခများ စသည့် ဝဲဩဃထဲတွင် ချာချာလည်ခဲ့ရသည်။
သို့ရာတွင် တရုတ်နှင့် အိန္ဒိယ တို့သည် အတိတ်က အမှားအယွင်းများ ကို သင်ခန်းစာ ရယူတတ်ကြသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင် ပြောင်းလဲရေးများကို လုပ်ဆောင်ခဲ့ ကြသည်။ အမှားကို ဆင်ခြင်သည်။ အမှန်ကို ရှေးရှုသည်။ ရဲဝံ့စွာ လျှောက်လှမ်းသည်။
တရုတ်ပြည် ကွန်မြူနစ်ပါတီ၏ ၁၉၇၈ ခုနှစ် (၁၁)ကြိမ်မြောက် ဗဟို ကော်မတီ တတိယစုံညီအစည်းအဝေး အတွင်း ရေးဆွဲခဲ့သော ပေါ်လစီများ အတွင်း တံခါးဖွင့်ပြုပြင်ပြောင်းလဲရေး သည် အခြေခံနိုင်ငံတော်ဝါဒပေါ်လစီ ဖြစ်လာခဲ့သည်။ တရုတ်ပြည်၏ ကံကြမ္မာသည် ထိုအချိန်ကစတင်ပြီး မိုးမြေသိမ့်သိမ့်တုန်မျှ အပြောင်းအလဲ ကြီးများ ဖြစ်ပေါ်ခဲ့သည်။
မှီငြမ်းကိုးကားရာမှာ သတိထားဖို့လို
တရုတ်ပြည် ပြုပြင်ပြောင်းလဲရေး ဗိသုကာ တိန့်ရှောင်ဖိန်က ၁၉၈၂ ခုနှစ် စက်တင်ဘာလက ကျင်းပခဲ့သော တရုတ်ပြည် ကွန်မြူနစ်ပါတီ (၁၂)ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကွန်ဂရက် ဖွင့်ပွဲအခမ်းအနားတွင် “ကျွန်တော်တို့ရဲ့ ခေတ်မီတည်ဆောက်ရေးဟာ လက်တွေ့ က အစချီရမယ်။ တော်လှန်ရေးပဲဖြစ်ဖြစ်၊ တည်ဆောက်ရေးပဲဖြစ်ဖြစ် တိုင်းတစ်ပါး ရဲ့ အတွေ့အကြုံကို လေ့လာရာနဲ့ မှီငြမ်း ကိုးကားရာမှာ သတိထားဖို့လိုပါတယ်။ ဒါပေမယ့် တခြားနိုင်ငံရဲ့အတွေ့အကြုံ ဖြစ်ဖြစ်၊ ပုံစံဖြစ်ဖြစ်၊ ပုံတူကူးချတာဖြစ်ဖြစ် အတုံးလိုက် အတစ်လိုက် ပုံတူကူးချခြင်း ဟာ ဘယ်တော့မှ အောင်မြင်မှာ မဟုတ် ပါဘူး။ ဒီဘက်မှာ မနည်းလှတဲ့သင်ခန်းစာ တွေ ကျွန်တော်တို့မှာ ရှိခဲ့ပြီးပါပြီ”ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံကမူ သက်တမ်းအားဖြင့် (၇၄)နှစ်ရှိခဲ့ချေပြီ။ သို့တစေ ပစ္စက္ခတိုင် အတိတ်သင်ခန်းစာများကို ရယူနိုင်ခဲ့ခြင်း မရှိသေးချေ။ လက်ရှိကာလတွင်လည်း ပြည်ပအားကိုး ပုဆိန်ရိုးများသည် ပြည်ပဩဇာခံ၍ အမိမြန်မာနိုင်ငံတော်ကို ကျရှုံးနိုင်ငံဖြစ်ရန် တစိုက်မတ်မတ်ကြံစည် လုပ်ဆောင်လျက် ရှိကြပြန်သည်။ ယခင်က အေးချမ်းသာယာခဲ့သော ဒေသအချို့သည် မီးဟုန်းဟုန်း တောက်လောင်လျက်ရှိသည်။ ဒေသခံ ပြည်သူအချို့သည် စစ်ဘေးရှောင် ဒုက္ခသည်များ ဖြစ်ကုန်သည်။ အပြစ်မဲ့ ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြိုင်ဘက် ပါတီဝင်များစွာတို့သည် အကြမ်းဖက် သမားတို့၏ ပစ်မှတ်ဖြစ်လာပြီး လုပ်ကြံ သတ်ဖြတ်ခြင်း ခံနေကြရသည်။
ဆိုရလျှင် မြန်မာသည် ရှေ့သို့လှမ်းရ မည့်အစား နောက်ပြန်လှမ်းနေသည်။ ဒေသတွင်း အာဆီယံနိုင်ငံများကမူ ရှေ့သို့ ခပ်သုတ်သုတ်လှမ်းနေကြသည်။ အိမ်နီးချင်း လာအိုက ယခုရက်ပိုင်းအတွင်း မှာပင် အမေရိကန်ဒေါ်လာ ခြောက်ဘီလီယံ တန်ဖိုးရှိ လာအို-တရုတ် ကျည်ဆန်ရထား လမ်းသစ်ကို ဖွင့်လှစ်ခဲ့သည်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကူမင်းမြို့မှ လာအို နိုင်ငံ မြို့တော်ဗီယန်ကျင်းအထိ ကီလို မီတာပေါင်း ၁၀၀၀ ကျော်ရှည်လျားသည့် အဆိုပါ ရထားလမ်းကို တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ လာအိုက သူတို့၏ ပထမဆုံးကျည်ဆန် ရထားကို “လန်ချန်း”ဟု အမည်ပေးထား သည်။ အာရှ၏ ဖွံ့ဖြိုးတိုးတက်မှု နောက်အကျဆုံး နိုင်ငံတစ်နိုင်ငံအနေဖြင့် ခေတ်မီကမ္ဘာကို လှမ်းခုန်ရောက်ရှိသွား သည့် အကြီးမားဆုံးခြေလှမ်းတစ်ရပ် ဖြစ်သည်ဟု ဆိုသည်။
မြို့ပတ်ရထားလမ်းစီမံကိန်းပြီးစီး
ဗီယက်နမ်နိုင်ငံဘက် မျက်နှာမူ လှည့်ကြည့်ပြန်တော့ ဟနွိုင်းမြို့တော်၌ ဆယ်နှစ်ကြာ တည်ဆောက်ခဲ့သော မြို့ပတ်ရထားလမ်း စီမံကိန်းပြီးစီးသွား၍ နိုဝင်ဘာလ ၆ ရက်တွင် စတင်ပြေးဆွဲ နေသည်။ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေလျှော့ရန် ရည်ရွယ်တည်ဆောက် ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ခရီးစဉ် အစအဆုံးမှာ ၁၃ ကီလိုမီတာရှိသည်။ ဘူတာ ၁၂ ခုပါဝင်ပြီး ၂၃ မိနစ်သာ ကြာမြင့်သည်။ အမေရိကန်ဒေါ်လာ ၈၆၈ သန်း အကုန်အကျခံ တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံက နိုဝင်ဘာလ ၂၄ ရက်တွင် အရှည် ၁၁၃၁ မီတာနှင့် အကျယ် ၁၃ ဒသမ ၅ မီတာရှိ မဲခေါင် မြစ်ကူးတံတားဖွင့်ပွဲကို ကျင်းပခဲ့သည်။ ရှစ်စင်းမြောက် မဲခေါင်မြစ်ကူးတံတားဟု ဆိုသည်။
ထိုနေ့တစ်ရက်တည်းမှာပင် ကုလ သမဂ္ဂအထွေထွေညီလာခံက ဘင်္ဂလား ဒေ့ရှ်၊ လာအိုနှင့် နီပေါနိုင်ငံတို့ကို ကမ္ဘာ့ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ (LDCS) အဆင့်မှ လွတ်မြောက်သွားခဲ့ကြောင်း အတည်ပြုလိုက်သည်။
၁၉၈၇ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက် နေ့က ကျင်းပခဲ့သော (၄၂) နှစ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ (၉၆) ကြိမ်မြောက်အစည်းအဝေး ဆုံးဖြတ် ချက်အရ ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ ဖြစ်ခဲ့ရသည့် မြန်မာနိုင်ငံကတော့ လက်ရှိ ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံး စာရင်း ဝင်နိုင်ငံပေါင်း ၄၆ နိုင်ငံထဲတွင် ကျန်ရှိ နေဆဲ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က ကျရောက် သော (၄၇)နှစ်မြောက် ရခိုင်ပြည်နယ် နေ့တွင် ပေးပို့သည့်သဝဏ်လွှာ၌ “တိုင်းပြည်၏ သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုလျှင် လွတ်လပ်ရေး ရပြီးချိန်မှစ၍ မြန်မာ့လူ့ဘောင်အဖွဲ့ အစည်းအတွင်း ကြုံတွေ့ခဲ့ရသော နိုင်ငံရေးပဋိပက္ခများကို အခြေခံသည့် ရိုက်ခတ်မှုကြောင့် တိုင်းရင်းသား ညီအစ်ကိုအချင်းချင်းအကြား နိုင်ငံရေး ဝါဒမတူညီမှု၊ အယူအဆ မတူညီမှုများ နှင့် သံသယများ တိုးပွားစေပြီး လက်နက်ကိုင် ပဋိပက္ခများကိုဖြစ်ပေါ် စေခဲ့ပါသည်။ ထိုပဋိပက္ခများကို ဖြေရှင်းနေရခြင်းကြောင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုသည် အိမ်နီးချင်းနိုင်ငံ များ၊ ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ် ပါက ဖွံ့ဖြိုးတိုးတက်မှု နောက်ကျစေမှု ကို ဖြစ်ပေါ်စေခဲ့ပါသည်။
စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှု အပြည့် ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရန် ပြည်ထောင်စုကြီးအတွင်းရှိ တိုင်းရင်း သားများအားလုံး အေးအတူ၊ ပူအမျှ အတူတကွ ယှဉ်တွဲနေထိုင်ရင်း အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုများဖြင့် တည်ဆောက် ပေးကြရမည် ဖြစ်ပါသည်”ဟု ဖော်ပြ ခဲ့သည်။
သန္နိဋ္ဌာန်တစ်ရပ်ရှိဖို့သာလို
သို့ဆိုလျှင် မြန်မာသည် မြန်မာနှင့် အတူ မရှေးမနှောင်း လွတ်လပ်ရေး ရရှိခဲ့ကြသည့် တရုတ်၊ အိန္ဒိယနိုင်ငံကြီး များကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်၊ ချမ်းသာကြွယ်ဝအောင် အတိတ် သင်ခန်းစာများကို အလေးအနက် ဆင်ခြင်သုံးသပ်ကြရပါတော့မည်။ နိုင်ငံ တစ်နိုင်ငံ၏ (၇၄) နှစ်သက်တမ်း ဆိုသည်မှာ ဘာမျှမရှိသေးပါ။ အချိန် ရှိပါသေးသည်။ ပစ္စက္ခ (၇၄)နှစ်မြောက် လွတ်လပ်ရေးမှသည် အနာဂတ် ဖွံ့ဖြိုးရေးဆီသို့ဟူသည့် လေးနက် ခိုင်ကျည်သော သန္နိဋ္ဌာန်တစ်ရပ်ရှိဖို့သာ လိုအပ်ပါသည်။
အနာဂတ် မျိုးဆက်များအတွက် ကျွန်တော်တို့ လက်တွဲမဖြုတ်စတမ်း ကြိုးပမ်းကြပါစို့။ ။
- Log in to post comments