(၇၅)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကာလအတွင်း ကျင်းပသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ ဝန်ကြီးအဆင့်အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြား

(၇၅)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကာလအတွင်း ကျင်းပသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ ဝန်ကြီးအဆင့်အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြား

=====================================================================================================================

နေပြည်တော် အောက်တိုဘာ ၁၀

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပဆဲ (၇၅)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကာလအတွင်း ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၉ ရက်တွင် အွန်လိုင်းမှတစ်ဆင့် ကျင်းပသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ ဝန်ကြီးအဆင့် အစည်းအဝေး၌ ဗီဒီယိုဖြင့် မိန့်ခွန်းတစ်ရပ် ပါဝင်ပြောကြား ခဲ့သည်။ အစည်းအဝေးကို “ဘန်ဒေါင်း+၆၅: ကိုဗစ်-၁၉ အပါအဝင် ကမ္ဘာ့စိန်ခေါ်မှုများကို တုံ့ပြန်ဖြေရှင်းမည့် ပိုမိုဆီလျော်မှုရှိသော၊ စည်းလုံးညီညွတ်သော၊ ထိရောက် သော ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့”ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ သည်။

လက်လှမ်းမီသည့်ဈေးနှုန်း

ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းပြောကြားရာတွင် ပထဝီနိုင်ငံရေးတင်းမာမှုများ မြင့်တက်လာမှု၊ ကမ္ဘာမြေကြီး ပူနွေးလာမှု၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒမှေးမှိန် လာမှုကဲ့သို့သော မကြုံစဖူးစိန်ခေါ်မှုများနှင့် ယင်းစိန်ခေါ်မှု များအား ပိုမိုဆိုးရွားလာစေသည့် ကိုဗစ်-၁၉ ကပ်ရောဂါ အကျပ်အတည်းကို တုံ့ပြန်ဖြေရှင်းနိုင်ရန်အတွက် ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့အနေဖြင့် အဖွဲ့ကြီး၏ (၆၅)နှစ်မြောက် အခါသမယတွင် စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာအောင် ကြိုးပမ်းကြရန် လိုအပ်ကြောင်းနှင့် ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် စျေးကွက်များကို ဆက်လက်ဖွင့်လှစ်ထားကြရန်၊ ကုန်စည်စီးဆင်းမှုချောမွေ့စေရန်နှင့် ရောဂါကာကွယ်ဆေး ကို လူတိုင်းလက်လှမ်းမီသည့် စျေးနှုန်းဖြင့် တစ်ကမ္ဘာလုံးက ရရှိအသုံးပြုနိုင်စေရန်တို့အတွက် ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ ကို စစ်အေးကာလအတွင်းက လွတ်လပ်ရေးရပြီးစနိုင်ငံများ စုပေါင်း၍ ဘန်ဒေါင်းမူဝါဒများအပေါ် အခြေခံကာ၊ ငြိမ်းချမ်း၍ သာယာဝပြောသည့်ကမ္ဘာကြီးနှင့် အဖွဲ့ဝင်နိုင်ငံ များအနေဖြင့် ၎င်းတို့၏ ကံကြမ္မာကို လွတ်လပ်စွာ စဉ်းစား ဆုံးဖြတ်နိုင်စေမည့် တရားမျှတမှုနှင့် သာတူညီမျှမှုရှိသည့် အခင်းအကျင်းတစ်ရပ်ကို တည်ထောင်နိုင်ရန် မျှော်မှန်း၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့၏ မူလအဖွဲ့ဝင်ဖြစ်သည့်အားလျော်စွာ ဘန်ဒေါင်းမူဝါဒများကို အပြည့်အဝ ယုံကြည်လိုက်နာ လျက်ရှိပြီး ဘက်မလိုက်မူဝါဒကို နိုင်ငံခြားရေးမူဝါဒ၏ အဓိကအစိတ်အပိုင်းတစ်ခုအဖြစ် တစိုက်မတ်မတ် လက်ခံ ကျင့်သုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဆောင်ရွက်လျက်ရှိပြီး ဆယ်စုနှစ် များစွာကြာ ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပပျောက်ရေး၊ ပြည်သူများ၏ လူမှု-စီးပွားဘဝ မြှင့်တင်ရေးနှင့် ဒီမိုကရေစီ နည်းလမ်းမကျသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကဲ့သို့သော စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရကြောင်း၊ မိမိတို့နိုင်ငံ၏ပုံရိပ်ကို ထိခိုက်စေရန် ဝေဖန်ပုတ်ခတ်ရေး လှုပ်ရှားမှုများကြောင့်လည်း အခြေ အနေများကို ပို၍ရှုပ်ထွေးစေကြောင်းနှင့် မြန်မာနိုင်ငံ အနေဖြင့် ယင်းစိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားရန် သန္နိဋ္ဌာန်ပြုထားကြောင်းကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ သည်။

အပြုသဘောဆောင်ဖြေရှင်း

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရေးအတွက် ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့ကြီးကို ပိုမိုခိုင်မာအားကောင်းစေရန် မတူကွဲပြားသည့် အဖွဲ့ဝင်နိုင်ငံများ၏ စည်းလုံးညီညွတ်မှုကို မြှင့်တင်နိုင်ရေး နှင့် နိုင်ငံတစ်နိုင်ငံ၏ စိန်ခေါ်မှုအခက်အခဲများကို အခြား တစ်နိုင်ငံက နားလည်နိုင်ရန် ကြိုးပမ်းလျက် အဖွဲ့ဝင်နိုင်ငံ များအကြား ပြဿနာများကို ချစ်ခင်ရင်းနှီး၍ အပြုသဘော ဆောင်သည့်ပုံစံဖြင့် ဖြေရှင်းကြရေးတို့ကို တိုက်တွန်း ပြောကြားခဲ့သည်။

ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ လက်ရှိဥက္ကဋ္ဌမှာ အဇာဘိုင်ဂျန်နိုင်ငံဖြစ်ပြီး ၂၀၁၉ ခုနှစ် မှ ၂၀၂၂ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့၏ ဝန်ကြီးအဆင့်အစည်းအဝေးမှ နိုင်ငံရေး ကြေညာချက်တစ်စောင်ကို အတည်ပြုခဲ့သည်။

သတင်းစဉ်