
ရန်ကုန် ဇူလိုင် ၉
၂၀၂၂ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု (ခ) တတိယနေ့ကို ဇူလိုင် ၉ ရက်က ဖိလစ်ပိုင်နိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက ကမ္ဘောဒီးယားကို သုံးဂိုးပြတ်အနိုင်ရရှိခဲ့သည်။ အုပ်စု (ခ) အခြားပွဲတွင် ဗီယက်နမ် အသင်းက လာအိုအသင်းကို ငါးဂိုးပြတ် အနိုင်ရခဲ့သည်။
မြန်မာအမျိုးသမီးအသင်းသည် တီမော ကို ခုနစ်ဂိုးပြတ်အနိုင်ရပြီးနောက် ကမ္ဘောဒီးယားကို သုံးဂိုးပြတ် ထပ်မံအနိုင်ယူခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းသည် လာအို၊ ဗီယက်နမ်တို့နှင့် ကစားရန် ကျန်သေးသော်လည်း ဆီမီးဖိုင်နယ်တက်ရောက်ရန် အခြေအနေကောင်းသွားပြီ ဖြစ်သည်။
မြန်မာအမျိုးသမီးအသင်း နည်းပြချုပ် ဒေါ်သက်သက်ဝင်းသည် မျိူးမြမြငြိမ်း (ဂိုး)၊ ခင်သန်းဝေ၊ ဖြူဖြူဝင်း၊ နော်ထက်ထက်ဝေ၊ နန့်ဇူးဇူးထက်၊ ခင်မျိုးဝင်း၊ ခင်မိုမိုထွန်း၊ လင်းမြင့်မိုရ်၊ ခင်မာလာထွန်း၊ ဂျူလိုင်ကျော်၊ မြတ်နိုးခင်တို့ ပါဝင်ခဲ့သည်။
မြန်မာအသင်း သည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့သလို ကမ္ဘောဒီးယားအသင်းကလည်း ပေးဂိုးနည်းစေ ရန် ခံစစ်အားပြုကစားခဲ့သည်။ ကမ္ဘောဒီးယားအသင်းသည် ခံစစ်ကို အဆင့်ဆင့်ပိတ်ဆို့ကစားခဲ့သဖြင့် မြန်မာအသင်းသည် ပထမပိုင်းတွင် ဂိုးရရန် ရုန်းကန်ခဲ့ရပြီး ပထမပိုင်းတွင် တစ်ဂိုးသာသွင်းယူနိုင်ခဲ့သည်။ မြန်မာအသင်းအတွက် အဖွင့်ဂိုးကို ၃၃ မိနစ်တွင် အသင်းခေါင်းဆောင် ခင်မာလာထွန်းက သွင်းယူခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းတွင် တစ်ဂိုးသာ သွင်းယူနိုင်ခဲ့ သည့် မြန်မာအသင်းသည် ဒုတိယပိုင်းတွင် ကစားသမားများ အပြောင်းအလဲပြုလုပ်ကာ တိုက်စစ်အားမြှင့်ခဲ့သည်။ မိနစ် ၆၀ တွင် မြန်မာအသင်း ဒုတိယဂိုးရခဲ့ပြီး မြတ်နိုးခင်က သွင်းယူခဲ့ခြင်းဖြစ်သည်။ ဒုတိယဂိုးရပြီး နောက်ပိုင်းတွင် မြန်မာအသင်းက ပွဲကိုထိန်းကစားခဲ့ပြီး ၈၆ မိနစ်တွင် ခင်မိုးဝေက တတိယဂိုး သွင်းယူခဲ့သည်။
ယခုပွဲအပြီးတွင် အုပ်စု (ခ) ၌ မြန်မာနှင့် ဗီယက်နမ်အသင်းက နှစ်ပွဲကစား ခြောက်မှတ်စီ၊ လာအိုအသင်းက သုံးပွဲကစား လေးမှတ်၊ ကမ္ဘောဒီးယားအသင်းက သုံးပွဲကစား တစ်မှတ်ရရှိထားကာ တီမောအသင်းက နှစ်ပွဲစလုံးရှုံးပြီး အမှတ်မရသေးပေ။ မြန်မာအသင်းသည် တတိယပွဲအဖြစ် ဇူလိုင် ၁၁ ရက်တွင် လာအိုအသင်းနှင့် ကစားရမည် ဖြစ်သည်။
ရဲရင့်လွင် ၊ ဓာတ်ပုံ-MFF