
ရန်ကုန် ဇူလိုင် ၁၆
ဖိလစ်ပိုင်နိုင်ငံ၌ ပြုလုပ်နေသည့် ၂၀၂၂ အာဆီယံ အမျိုးသမီးချန်ပီယံ ရှစ်ပြိုင်ပွဲ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို ဇူလိုင် ၁၇ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် တတိယနေရာလုပွဲအဖြစ် ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ကစားရ မည်ဖြစ်သည်။
ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် တတိယ နေရာလုပွဲအဖြစ် မြန်မာအသင်းနှင့် ဗီယက်နမ်အသင်း၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ဗိုလ်လုပွဲအဖြစ် အိမ်ရှင်ဖိလစ်ပိုင်အသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစား မည် ဖြစ်သည်။ မြန်မာအသင်းသည် ဆီမီးဖိုင်နယ်တွင် ထိုင်းအသင်းကို နှစ်ဂိုးပြတ် အရေးနိမ့်ခဲ့သဖြင့် ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။
အိမ်ရှင်ဖိလစ်ပိုင်အသင်းသည် ဆီမီးဖိုင်နယ်တွင် နာမည်ကြီး ဗီယက်နမ်ကို အံ့အားသင့်ဖွယ် လေးဂိုးပြတ်ဖြင့် အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် တက်ရောက် နိုင်ခဲ့ခြင်းဖြစ်သည်။ အိမ်ရှင်ဖိလစ်ပိုင် အသင်းအနေဖြင့် ချန်ပီယံဖြစ်နိုင်ရန် ရေပန်းစားလျက်ရှိပြီး ပထမဆုံးရယူနိုင် မည့် အနေထားလည်းရှိနေသည်။
တတိယလုပွဲနှင့် ဗိုလ်လုပွဲ တွင် အုပ်စုတူအသင်းများ ပြန်လည် တွေ့ဆုံခြင်းဖြစ်ပြီး အုပ်စုတွင်း တွေ့ဆုံမှုတွင် ဗီယက်နမ်အသင်းက မြန်မာအသင်းကို လေးဂိုးပြတ်၊ ထိုင်း အသင်းက ဖိလစ်ပိုင်အသင်းကို တစ်ဂိုး-ဂိုး မရှိဖြင့် အနိုင်ရခဲ့ သည်။ မြန်မာအသင်းသည် ဆီမီးဖိုင်နယ်အတွက် အမာခံ ကစားသမားများ အနားပေးခဲ့သဖြင့် ဗီယက်နမ်ကို ဂိုးပြတ် အရေးနိမ့်ခဲ့ခြင်းဖြစ်ပြီး ယခုတွေ့ဆုံမှုတွင် ရှုံးကြွေးပြန်ဆပ် နိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။
ရဲရင့်လွင်