
ရန်ကုန် ဩဂုတ် ၄
အင်ဒိုနီးရှားနိုင်ငံ၌ ပြုလုပ်လျက် ရှိသည့် ၂၀၂၂ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု(ဂ) ပွဲစဉ် များကို သြဂုတ် ၅ ရက် (ယနေ့) ဆက်လက် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် မလေးရှား အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
အုပ်စု (ဂ) ဒုတိယနေ့အဖြစ် ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် သြစတြေးလျနှင့် ကမ္ဘောဒီးယား၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် မြန်မာနှင့် မလေးရှား ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ သြဂုတ် ၂ ရက်က ကစားသည့် အုပ်စုပထမပွဲတွင် မြန်မာအသင်းက သြစတြေးလျကို သုံးဂိုး-နှစ်ဂိုး၊ မလေးရှားအသင်း က ကမ္ဘောဒီးယားကို သုံးဂိုးပြတ် အနိုင်ရထားခြင်းဖြစ်သည်။ ယခုပွဲ မှာ မြန်မာအသင်းရော မလေးရှား အသင်းအတွက်ပါ အရေးပါသည့် ပွဲဖြစ်ပြီး အနိုင်ရသည့်အသင်းမှာ ဆီမီးဖိုင်နယ် တက်ရောက်ရန် အခြေအနေကောင်းသွားမည်ဖြစ် သည်။ မြန်မာအသင်းအနေဖြင့် ဆီမီးဖိုင်နယ် တက်ရောက်ခွင့် အတွက် မလေးရှားကို အနိုင် ကစားနိုင်ရန် လိုအပ်နေပြီး သရေ သို့မဟုတ် ရှုံးနိမ့်ခဲ့ပါက ခက်ခဲသွား နိုင်ဖွယ်ရှိနေသည်။
မြန်မာအသင်း သည် အုပ်စုတွင်း၌ အင်အားကြီး ဖြစ်သည့် သြစတြေးလျကို အဖွင့် ပွဲတွင် အနိုင်ရခဲ့သဖြင့် ကစား သမားများအနေဖြင့် စိတ်ဓာတ် ပိုင်း အသာရနိုင်ပြီး ပထမပွဲကဲ့သို့ အမှားနည်းနည်းဖြင့် ကစားနိုင် ပါက အနိုင်သုံးမှတ် ထပ်မံရယူ နိုင်ဖွယ်ရှိနေသည်။
ပြိုင်ပွဲကျင်းပသည့် ပုံစံအရ အုပ်စုသုံးခုမှ ထိပ်ဆုံးသုံးသင်း၊ အုပ်စု (က) နှင့် (ဂ) ဒုတိယနေရာရ နှစ်သင်းအနက် အကောင်းဆုံး တစ်သင်းသာ ဆီမီးဖိုင်နယ် တက်ရောက်ခွင့် ရမည်ဖြစ်ရာ မြန်မာအသင်းအနေဖြင့် အုပ်စု ပထမနေရာ ရယူနိုင်ရန်ပါ လိုအပ် နေခြင်းဖြစ်သည်။
ရဲရင့်လွင်
ဓာတ်ပုံ-MFF