
ရန်ကုန် ဇူလိုင် ၄
၂၀၂၄ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ တတိယ လုပွဲနှင့် ဗိုလ်လုပွဲကို ဇူလိုင် ၃ ရက်က အင်ဒိုနီးရှား နိုင်ငံ၌ကျင်းပရာ သြစတြေးလျအသင်း ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ဗိုလ်လုပွဲတွင် သြစတြေးလျအသင်းက ထိုင်း အသင်းကို ပယ်နယ်တီအဆုံးအဖြတ် ကိုးဂိုး-ရှစ်ဂိုး ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ သြစတြေးလျအသင်းနှင့် ထိုင်းအသင်းတို့ သာမန်ပွဲကစားချိန် မိနစ် ၉၀ တွင် တစ်ဂိုးစီသရေကျနေသဖြင့် အချိန်ပိုဆက်မကစားဘဲ ပယ်နယ်တီတိုက်ရိုက်ကန်သွင်းရာ သြစတြေးလျ အသင်းက ရှစ်ဂိုး - ခုနစ်ဂိုး၊ စုစုပေါင်း ကိုးဂိုး-ရှစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ ထိုင်းအသင်းသည် ဦးဆောင်ဂိုး သွင်းယူ နိုင်သော်လည်း ပထမပိုင်းမှာပင် ချေပဂိုးပြန်ပေးခဲ့ရခြင်းဖြစ်သည်။ တတိယလုပွဲတွင် အိမ်ရှင်အင်ဒိုနီးရှားအသင်းက ဗီယက်နမ်အသင်းကို ငါးဂိုးပြတ် အနိုင်ရရှိခဲ့သည်။ သြစတြေးလျအသင်းသည် အာဆီယံ ယူ-၁၆ ပြိုင်ပွဲတွင် တတိယအကြိမ် ဗိုလ်စွဲခြင်းဖြစ်ပြီး ထိုင်း၊ ဗီယက်နမ် အသင်းရရှိထားသည့် ချန်ပီယံဆုအရေအတွက်ကို လိုက်မီခဲ့သည်။
မြန်မာ ယူ-၁၆ အသင်းသည် ယင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သော်လည်း အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-AFC