
ရန်ကုန် ဩဂုတ် ၃
၂၀၂၂ အာဆီယံ ယူ-၁၈ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို သြဂုတ် ၄ ရက် (ယနေ့) ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် တတိယနေရာလုပွဲအဖြစ် ထိုင်းအသင်း နှင့် ကစားရမည်ဖြစ်သည်။ တတိယနေရာ လုပွဲအဖြစ် ယနေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီတွင် မြန်မာနှင့် ထိုင်း၊ ဗိုလ်လုပွဲအဖြစ် ယနေ့ မြန်မာစံတော် ချိန် ၇ နာရီခွဲတွင် ဗီယက်နမ်နှင့် သြစတြေးလျအသင်းတို့ ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။
မြန်မာအသင်းသည် ဗိုလ်လုပွဲ ရောက်ရန် ကြိုးပမ်းခဲ့သော်လည်း ဆီမီးဖိုင်နယ်တွင် ဗီယက်နမ်ကို အရေးနိမ့်ခဲ့သဖြင့် တတိယနေရာ ရရန်သာ ကြိုးပမ်းရတော့မည်ဖြစ် သည်။ ထိုင်းအသင်းသည် အုပ်စု ပွဲများတွင် ကမ္ဘောဒီးယားကို လေးဂိုးပြတ်၊ စင်ကာပူကို ခြောက်ဂိုးပြတ်၊ အင်ဒိုနီးရှားကို သုံးဂိုးပြတ်တို့ဖြင့် အနိုင်ရကာ ဗီယက်နမ်ကို တစ်ဂိုး-ဂိုးမရှိဖြင့် အရေးနိမ့်ပြီး အုပ်စုဒုတိယဖြင့် ဆီမီးဖိုင်နယ် တက်ရောက်လာ ခြင်းဖြစ်သည်။ ဆီမီးဖိုင်နယ်တွင် ထိုင်းအသင်းသည် သြစတြေးလျ ကို တစ်ဂိုး-ဂိုးမရှိဖြင့် အရေးနိမ့် ခဲ့ခြင်းဖြစ်သည်။
သြစတြေးလျနှင့် ထိုင်းပွဲမှာ သာမန်ပွဲကစားချိန် မိနစ် ၉၀ တွင် ဂိုးမရှိသရေကျနေသဖြင့် အချိန်ပို ဆက်လက် ယှဉ်ပြိုင်ကစားရာ သြစတြေးလျအသင်းက အနိုင်ရ ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်း သည် အုပ်စုပွဲများတွင် မလေးရှား ကို နှစ်ဂိုး-ဂိုးမရှိ၊ ဖိလစ်ပိုင်ကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး သြစတြေးလျကို နှစ်ဂိုး-တစ်ဂိုး ဖြင့် အရေးနိမ့်ခဲ့သဖြင့် အုပ်စု ဒုတိယနေရာရရှိခဲ့သည်။
ဆီမီးဖိုင်နယ်တွင် ဗီယက်နမ် ကို လေးဂိုး-တစ်ဂိုးဖြင့် အရေးနိမ့် ခဲ့သဖြင့် ဗိုလ်လုပွဲနှင့် လွဲချော်ကာ တတိယလုပွဲသာ ကစားရခြင်း ဖြစ်သည်။
ရဲရင့်လွင်
ဓာတ်ပုံ-MFF