အာဆီယံ ယူ-၁၉ ပြိုင်ပွဲတွင် မြန်မာအသင်း ဂိုးပြတ်နိုင်ပွဲရရှိ

 

ရန်ကုန်    ဇူလိုင်     ၂


၂၀၂၂   အာဆီယံ ယူ-၁၉  ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုပထမနေ့ကို ဇူလိုင် ၂ ရက်က အင်ဒိုနီးရှားနိုင်ငံ၌ စတင်ကျင်းပရာ မြန်မာအသင်းက ဘရူနိုင်း အသင်းကို ခုနစ်ဂိုးပြတ် အနိုင်ရရှိခဲ့သည်။

 


မြန်မာအသင်းသည်  အုပ်စုအဖွင့်ပွဲတွင်  ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့ပြီး ဘရူနိုင်းကို ခုနစ်ဂိုးအထိ သွင်းယူခဲ့ခြင်းဖြစ်သည်။ အုပ်စုကျပ်အတွင်း ကျရောက်နေသည့်    မြန်မာအသင်းအတွက်     ပွဲတိုင်းအရေးပါနေပြီး ခြေစွမ်းနိမ့်သည့်အသင်းများနှင့် တွေ့ဆုံရာတွင် အနိုင်သုံးမှတ်အပြင် ဂိုးများများပါ သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

 


မြန်မာအသင်း၏ ပွဲထွက်လူစာရင်းတွင် ဟိန်းထက်စိုး (ဂိုး)၊ မျိုးမင်း ဟိန်း၊ လန်းဆန်းအောင်၊ လင်းလင်းထွန်း၊ အာကာကျော်၊ ဇော်ဝင်းသိန်း၊  ချစ်အေး၊ မိုးဆွေ၊ လမင်းထွေး၊ ထွန်းထွန်းသိန်း၊ ဥက္ကာနိုင်တို့ဖြင့် ပွဲထွက် ခဲ့သည်။ မြန်မာအသင်းသည် ပွဲအစပိုင်းတွင် ဂိုးရရန် ရုန်းကန်ခဲ့ရသော် လည်း ၂၇ မိနစ်တွင်  မိုးဆွေ၏  အဖွင့်ဂိုးရရှိပြီးနောက်ပိုင်း ဂိုးများ ဆက်တိုက်ရရှိခဲ့ခြင်းဖြစ်သည်။ ၂၉ မိနစ်တွင် ဇော်ဝင်းသိန်း၊ ၃၈ မိနစ် တွင် လမင်းထွေးတို့က ဂိုးများထပ်မံသွင်းယူခဲ့သဖြင့် ပထမပိုင်းအပြီးတွင် မြန်မာအသင်းက သုံးဂိုးပြတ်အနိုင်ရရှိနေသည်။ ဒုတိယပိုင်းတွင်လည်း မြန်မာအသင်းက  ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး   ၆၈  မိနစ်တွင်  ချစ်အေး၊ ၇၄  မိနစ်တွင်  သာယာဝင်းထက်၊  ၇၈  မိနစ်တွင်  အာကာကျော်နှင့် ၈၅ မိနစ်တွင် သိန်းဇော်သီဟတို့က သွင်းယူခဲ့သည်။

 


မြန်မာအသင်းသည်    အုပ်စု  (က)  တွင်     အိမ်ရှင်အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်း၊ ဘရူနိုင်း၊ ဖိလစ်ပိုင်တို့နှင့် ကျရောက်နေသည်။ မြန်မာ အသင်းသည် အုပ်စုဒုတိယပွဲအဖြစ် ဇူလိုင် ၄ ရက်တွင် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။            
         

ရဲရင့်လွင်၊ ဓာတ်ပုံ - AFF