အာဇာနည်နေ့မှာ ပြန်ပြောင်းအမှတ်ရဆင်ခြင်စရာ . . .

Type
4

ငြိမ်းချမ်းအောင်

 

သည်နှစ် ရန်ကုန်မှာ မိုးကောင်းသည်။ မြန်မာပြည်၏ မုတ်သုံရာသီထုံးစံအတိုင်း ဝဠာတစ်ခွင်လုံး အုံ့မှိုင်း လို့ နေသည်။ မိုးက တစိမ့်စိမ့်၊ တစွေစွေ၊ ရံဖန်ရံခါ သဲသဲမဲမဲ။ လွမ်းစရာ ရာသီဖြစ်ပါသည်။
ဤလ ဤရာသီခါသမယအတွင်းမှာပင် မြန်မာ့ နိုင်ငံရေးသမိုင်းတွင်   မိုးသက်မုန်တိုင်းကြီးတစ်ခု ကျရောက်ခဲ့ပါသည်။ အကြမ်းဖက်ဝါဒကို လက်ကိုင် ထားခဲ့သော အကြမ်းဖက်သမားတို့၏ လက်ချက် ကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ   ကျဆုံးခဲ့ကြရသည်။  ယခု ၂၀၂၄ ခုနှစ် ဇူလိုင် ၁၉ ရက်ဆိုလျှင် ၇၇ နှစ်တိုင်ခဲ့ပြီ။ သို့တစေ  မြန်မာတစ်ပြည်လုံး ဝမ်းနည်းလို့မဆုံး။ မျိုးဆက်အလီလီ လွမ်းလို့မဆုံးနိုင် ဖြစ်ခဲ့ကြရသည်။
ဆရာကြီးမောင်ထင်က “ဗမာ့နိုင်ငံရေးသုခမိန်” ဆောင်းပါးတွင် “ဗိုလ်ချုပ်ဆုံးသောနေ့၌ ကျွန်တော် သည် မိုးရွာထဲတွင် မော်တင်လမ်းမှသည် အသံလွှင့် ရုံသို့ တကိုယ်တည်း  ခြေလျှင် လျှောက်ပြန်ရင်း၊ တောင်မြောက်လေးပါးတို့ကို       တွေးမိသည်။ ကျွန်တော်၏    ညီငယ်သည်  သစ္စာဖောက်သော ဗမာတစ်ယောက်၏  လက်ချက်ကြောင့်  ဂျပန် အသတ်ခံရသည်။ သတ်သူမှာ ဂျပန်ဖြစ်သောကြောင့် တော်ပါသေး၏။ ဗိုလ်ချုပ်သည် သစ္စာဖောက်သော ဗမာတစ်ယောက်၏ လက်ချက်ကြောင့် ဗမာအသတ် ခံရသည်။ ဪ ချစ်လိုက်ရတဲ့ အမျိုး။ သည်အမျိုး ကိုမှ ချစ်မိရပလေ။ ယခုနေအခါ ဗိုလ်ချုပ်ကိုနှိုး၍ ရလျှင်   နှိုးပြီး   မေးလိုက်ချင်စမ်းသည်။    အမျိုးကို ချစ်သေးသလား။
မမေးနှင့်တော့၊ မမေးနှင့်တော့။ ဗိုလ်ချုပ်နိုးလာ လျှင် ‘ချစ်သေးတယ်’ဟူ၍ပင်လျှင် ဖြေဦးမည်”ဟူ၍ မချိတင်ကဲ ရေးသားခဲ့ပါသည်။
 မသမာသူ လူတစ်စု၏ လုပ်ကြံမှုကြောင့်ပင် ကျဆုံးခဲ့ရခြင်းဖြစ်
မှန်ပါသည်။     အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ကိုလိုနီနယ်ချဲ့ ဗြိတိသျှ အစိုးရ၏ နောက်ကွယ်မှ  ကြိုးကိုင်စီမံမှုမှတစ်ဆင့် အာဏာကို မက်မောသော၊  မနာလိုမရှုဆိတ်သော၊ ရန်ငြိုးအာဃာတကြီးမားသော       ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံသား မသမာသူ လူတစ်စု၏ လုပ်ကြံမှု ကြောင့်ပင် ကျဆုံးခဲ့ရခြင်းဖြစ်သည်။
နယ်ချဲ့ဗြိတိသျှတို့သည် မြန်မာနိုင်ငံကို မတတ် သာ၍  လွတ်လပ်ရေးပေးရတော့မည်  ဖြစ်သော် လည်း တောင်တန်းဒေသများကို ချန်လှပ်ထားလို၍ ပင်လုံကွန်ဖရင့်အထိ  နိုင်ငံရေးအရ ခြေရှုပ်မှုများ၊ ခြေထိုးမှုများကို အစွမ်းကုန်လုပ်ဆောင်ခဲ့ကြသည်။ ၁၉၄၄  ခုနှစ်   မဟာမိတ်တပ်များ  မြန်မာပြည်သို့ ပြန်လည်သိမ်းပိုက်နိုင်တော့မည်ဟု    ယုံကြည် ကတည်းက ဘိလပ်အစိုးရ၏ မြန်မာပြည်ဆိုင်ရာ အတွင်းဝန် အေမာရီက “မြန်မာပြည်ကိုပြန်လည် သိမ်းပိုက်ပြီးနောက်    လွတ်လပ်ရေးပေးရသော အခြေအနေသို့ရောက်သော်လည်း     ဗြိတိသျှ အင်ပါယာ၏   စီးပွားရေးအရ  ကြည့်သည်ဖြစ်စေ၊ ကာကွယ်ရေးဘက်မှ ကြည့်သည်ဖြစ်စေ တောင်တန်း နယ်ဒေသကို    ဗြိတိသျှလက်အောက်၌     အနှစ် သုံးဆယ်မျှလောက်        ထားပြီးမှဖြစ်မည်။ ထိုတောင်တန်းသားများသည်    မြန်မာများကဲ့သို့ မဟုတ်။ ဗြိတိသျှကထိန်းသိမ်းထားရန် အမှန်လိုအပ် ပေသေးသည်”ဟု အစရှိသော သဘောထားပါသည့် အတွင်းစာတစ်စောင်ကို  အိန္ဒိယပြည်တွင်ရှိသော မြန်မာပြည်ဘုရင်ခံ    ဆာဒေါ်မန်စမစ်ထံ ရေးသား ပေးပို့ခဲ့လေသည်။
စစ်ပြီးခေတ် နယ်ချဲ့စနစ်(ဝါ) ခေတ်သစ်ကိုလိုနီ နယ်ချဲ့စနစ်သည် ရှေးကကဲ့သို့ နယ်ချဲ့သမားများ ကိုယ်တိုင် ကိုလိုနီနိုင်ငံများတွင် တိုက်ရိုက်ဝင်ရောက် အုပ်ချုပ်သောစနစ် မဟုတ်တော့ဘဲ မိမိတို့ကြိုးဆွဲရာ ကမည့် အစိုးရများရရှိအောင် ဆောင်ရွက်ပေးသော စနစ်သာ ဖြစ်ပေသည်။ နယ်ချဲ့ဗြိတိသျှတို့သည် လည်း  မြန်မာပြည်ကို   လွတ်လပ်ရေးမပေးလျှင် မဖြစ်တော့ကြောင်းသိသည့်အတိုင်း  တစ်ဖက်တွင် လည်း လွတ်လပ်ရေးပေးရန် သဘောတူ၍ အခြား တစ်ဖက်တွင် လွတ်လပ်စမြန်မာနိုင်ငံတွင် မိမိတို့ ဩဇာခံမည့်အစိုးရမျိုး (ဝါ) မိမိတို့ကိုအကျိုးပြုမည့် ရုပ်သေးအစိုးရမျိုးကို လိုချင်ခဲ့ကြသည်။
သို့အတွက် နယ်ချဲ့သမားသည် ကိုယ်ကျိုးမဖက် သော၊ တိုးတက်သော နိုင်ငံရေးအယူအဆရှိသော ဗိုလ်ချုပ်အောင်ဆန်းကို မလိုလားခဲ့ချေ။ ဗိုလ်ချုပ် သာ ဆက်လက်တည်ရှိနေပါက အရင်းရှင်နယ်ချဲ့ သမားများအဖို့       လွတ်လပ်စမြန်မာနိုင်ငံတွင် ဆက်လက်ကုပ်သွေးစုပ်နိုင်တော့မည်   မဟုတ်၍ ဗိုလ်ချုပ်ကို ဖယ်ရှားပစ်ရန် နောက်ကွယ်မှ ကြိုးပမ်း ကြံစည်ခဲ့ကြလေသည်။
သို့ရာတွင် နယ်ချဲ့သမားသည် ပရိယာယ်အရာ တွင်    အလွန်ပါးနပ်လိမ္မာ  ကျွမ်းကျင်သူများပီပီ ဗိုလ်ချုပ်အောင်ဆန်းကို ကိုယ်တိုင်သုတ်သင် ရှင်းလင်း ခြင်းမပြုဘဲ သုတ်သင်ရှင်းလင်းပေးမည့် အမျိုးသား သစ္စာဖောက် လက်ပါးစေများကို ရှာခဲ့လေသည်။
တိုင်းပြုပြည်ပြုလွှတ်တော်ကျင်းပ၍  အလုပ် များနေချိန်တွင် ဆိုရှယ်လစ်ပါတီနှင့် ပြည်သူ့ရဲဘော် များက ဂဠုန်ဦးစောနှင့်ပတ်သက်၍ လှုပ်ရှားမှုများ ကို   အဆက်မပြတ်  တင်ပြလာကြသည်။  “ဂဠုန် ဦးစောသည်       အင်္ဂလိပ်အရာရှိကြီးတစ်ဦးနှင့် အဆက်အသွယ် ပြုလုပ်လျက်ရှိသည်။ နယ်မှ ၎င်း၏ လက်ပါးစေ  လူငယ်များကို  ရန်ကုန်သို့ခေါ်ယူ၍ လျှို့ဝှက်လက်နက်သင်တန်း၊ နိုင်ငံရေးသင်တန်းများ ပေးလျက်ရှိသည်။ ဖဆပလထိပ်တန်းခေါင်းဆောင် များကိုလုပ်ကြံ၍ ဆူပူမှုများ ဖန်တီးမည့်လက္ခဏာ ရှိသည်”ဟု ဖော်ပြကြသည်။
ဖဆပလနှင့် ဆိုရှယ်လစ်ပါတီမှ ခေါင်းဆောင် တစ်ဦးဖြစ်သူ    ဦးဗဆွေက  ထိုသတင်းများမှာ အရေးကြီးသည်ဟု ယူဆသည့်အတိုင်း ဗိုလ်ချုပ်ကို လည်းကောင်း၊ ဦးနုကိုလည်းကောင်း တစ်ဦးချင်း တင်ပြသည်။  အလုပ်အမှုဆောင်အဖွဲ့တွင်လည်း အစီရင်ခံသည်။   သို့သော်  ပုဂ္ဂိုလ်ခပ်များများက အလေးအနက် သဘောမထားခဲ့ကြချေ။ ဗိုလ်ချုပ် ကိုယ်တိုင်ကလည်း  “ဒီသတင်းတွေ မဖြစ်နိုင်ဘူး။ ခင်ဗျားလူတွေ သတင်းမရှိ သတင်းလုပ်ကြံပေးကြ တာဖြစ်မှာပဲ”ဟု ခါးခါးသီးသီးဆိုခဲ့သည်။
သို့သော်      ကျားငစဉ်းလဲ  နယ်ချဲ့သမားသည် ၎င်းတို့၏  မူလအစီအစဉ်အတိုင်း   နောက်ကွယ်မှ ပိပိရိရိဖြင့် ကြံစည်လုပ်ဆောင်ခဲ့ကြသည်။ ၁၉၄၆ ခုနှစ် ဩဂုတ်လတွင် အင်္ဂလိပ်စစ်တပ်မှ လက်နက် ကိုင် ဗမာပုလိပ်အဖွဲ့၊ လက်နက်ဌာနသို့ တာဝန် လွှဲပြောင်းပေးပို့ခြင်းခံရသူ ကပ္ပတိန် Vivian သည် စောစောပိုင်းတွင်      ဖိုက်ချ်လမ်း   အရာရှိရိပ်သာ တိုက်ခန်းတစ်ခန်းတွင် နေထိုင်နေရာမှ အင်္ဂလန်မှ လိုက်လာသော    သူ့မိန်းမနှင့်   နေထိုင်ရန်ဟု အကြောင်းပြ၍ အေဒီလမ်းရှိ ဦးစော၏ အိမ်အနီးသို့ ပြောင်းရွှေ့လာခဲ့သည်။ မကြာမီ အိမ်ရှာဖွေစဉ်က တွေ့ဆုံသိကျွမ်းခဲ့သူ   မေဂျာ  Young  ကလည်း သူ့မိန်းမရောက်လာ၍   အိမ်မရသေးခင်စပ်ကြား ကပ္ပတိန် Vivian အိမ်၌ ခေတ္တနေထိုင်ရန် ရောက်ရှိ လာပြန်သည်။
လက်နက်ထုတ်ရန် လက်မှတ်အတုများဖြင့် ပုံစံများကို ဖြည့်ခိုင်းစေခဲ့
ထို့နောက်မှာတော့ မေဂျာ Young က ဦးစောက သူ့အသက်အန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရန် လက်နက်လိုသည်ဟူသော    တောင်းဆိုမှုအရ ကပ္ပတိန် Vivian အား လက်နက်ရှာခိုင်းလေတော့ သည်။ ကပ္ပတိန်   Vivian  ကလည်း သဘောတူ၍ လက်နက်ထုတ်ရန်      တံဆိပ်နှိပ်ပြီး   ပုံစံများကို ဦးစောအိမ်သို့ယူဆောင်၍ လက်မှတ်အတုများဖြင့် ပုံစံများကို ဖြည့်ခိုင်းစေခဲ့သည်။
၁၉၄၇ ခုနှစ် ဇူလိုင်လဆန်းခန့်တွင် ဦးစော၏ လက်ပါးစေ  ဘညွန့်နှင့် မောင်စိန်တို့သည် ပုလိပ် အယောင်ဆောင်ကာ    အပေါင်းပါများနှင့်အတူ နံပါတ်အတု တပ်ဆင်ထားသော ၃ တန်ထရပ်ကား ဖြင့် လက်နက်တိုက်မှ ဘရင်းဂန်းသေနတ်အလက် ၂၀၀ နှင့် ပြောင်းပိုများ၊ ကျည်ဆန်များကို ထုတ်ယူ ခဲ့ကြသည်။
၁၅-၇-၁၉၄၇    ရက်နေ့ထုတ်   ဗမာ့ခေတ် သတင်းစာတွင် ထိုသတင်းကိုအကျယ်တဝင့် ဖော်ပြ ခဲ့ရာ မူလက ဂဠုန်ဦးစောတို့လူသိုက် အကြံပက်ပက် စက်စက်ကြံစည်နေသည်ဟု    သတင်းပေးစဉ်က မယုံမကြည်   ခါးခါးသီးသီးဖြစ်ခဲ့သော  ဗိုလ်ချုပ် အောင်ဆန်းက “ကိုဗဆွေ၊ ခင်ဗျား သတင်းမှန်နေပြီ ထင်တယ်”ဟု ပြောကြားခဲ့သည်ကို ကြားယောင်မိ သေးသည်ဟု ဦးဗဆွေက “မိုးသက်မုန်တိုင်းကျသည့် နေ့”ဆောင်းပါးတွင် ပြန်ပြောင်းရေးသားခဲ့ပေသည်။
ဗိုလ်ချုပ်၏အစ်ကို ဝန်ကြီး ဦးဘဝင်းကလည်း ဦးစောတို့လူစု ဘရင်းဂန်းအလက် ၂၀၀ ခိုးထုတ် သွားသည်ဟု သတင်းစာများတွင် ပါလာသောအခါ “များလွန်းလှတယ်ကွာ၊    ဟုတ်နိုင်မယ်  မထင်ပါ ဘူး”ဟု သူ့၏ညီတစ်ဦးဖြစ်သူ ဦးအောင်သန်းကို ပြောလေသည်။
ဤသို့ဖြင့် “သိလျက်ကယ်၊ ဝိပါက်ရယ် ကြမ္မာ ငင်တော့”ဟူသည့်အတိုင်း မြန်မာ့နိုင်ငံရေးသမိုင်း တွင် အရှက်ရဖွယ်ရာ အကျည်းတန် အရုပ်ဆိုးစေခဲ့ သော ယူကျုံးမရဖြစ်ရပ်ဆိုးကြီး ပေါ်ပေါက်လာပါ တော့သည်။
၁၉၄၇ ခုနှစ်  ဇူလိုင် ၁၉ ရက် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော အစိုးရအဖွဲ့ဝန်ကြီးများ ရန်ကုန်မြို့ အတွင်းဝန်ရုံး တွင် အစည်းအဝေးပြုလုပ်နေခိုက် နယ်ချဲ့သမားနှင့် ပြည်တွင်းသစ္စာဖောက်တို့၏          လက်ချက်ဖြင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ    ဝန်ကြီးများဖြစ်ကြသော   သခင်မြ၊ မန်းဘခိုင်၊ ဦးရာဇတ်၊  ဦးဘဝင်းနှင့်  အတွင်းဝန် ဦးအုန်းမောင်၊    ဦးရာဇတ်၏  သက်တော်စောင့် ရဲဘော် ကိုထွေးတို့မှာ  ပွဲချင်းပြီး ကျဆုံးခဲ့ကြရပြီး ဝန်ကြီး  ဒီးဒုတ်ဦးဘချိုနှင့်  မိုင်းပွန်စော်ဘွားကြီး တို့မှာ ဆေးရုံရောက်မှ အသက်ပျောက်ခဲ့ရရှာသည်။
တရားဥပဒေအတိုင်း မိုက်ပြစ်ကိုခံခဲ့ကြရ
နယ်ချဲ့သမားတို့၏အလိုကျ       ကိုယ်ထိ လက်ရောက်    ကျူးလွန်ခဲ့ကြသော   ဦးစောနှင့် လက်ပါးစေအပေါင်းပါများသည်လည်း တရားဥပဒေ အတိုင်း မိုက်ပြစ်ကိုခံခဲ့ကြရပါသည်။ မေလ ၁ ရက် နေ့ထုတ်   အိုးဝေသတင်းစာ၏  “ဤမိုး ဤမြေ” အခန်းတွင် သတင်းစာဆရာကြီး အိုးဝေညိုမြက မောင်သုမန ကလောင်အမည်ဖြင့် “ဗမာ့ဝဋ်ကြွေး”ဟု ခေါင်းစဉ်တပ်၍ “မေလ ၈  ရက်နေ့မှာ  ဦးစောကို ကြိုးပေးတော့မယ်။    ဒီသတင်းမျိုးကြားရတာ စိတ်ညစ်တယ်ဗျာ။ ခုအချိန်မှာ တိုင်းသူပြည်သား အားလုံးလဲ ဒီသတင်းမျိုးကို ကြားချင်သူ ရှိမယ် မဟုတ်ဘူး။ အစက ဒီလိုအဖြစ်မျိုးရောက်အောင် မဖန်တီးခဲ့ကြရင်ကောင်းမှာပဲ။ ဗိုလ်ချုပ်အောင်ဆန်း တို့လဲ မသေမပျောက်ပဲ ပျော်ပျော်ရွှင်ရွှင်ရှိနေစေချင် တယ်။ ဦးစောလဲ အခုလို သားမယားနဲ့ ကွေကွင်းရ မယ့်အဖြစ်ကို   မမြင်ရက်ဖူး။  အမိမြန်မာပြည်ရဲ့ သားကြီးများပီပီ    အချင်းချင်းသင့်မြတ်ခင်မင်စွာ တိုင်းကျိုးပြည်ကျိုး ဆောင်နေကြတာပဲ တွေ့မြင် ချင်တာပဲ။
ဒီအမှုကြီးကို အစအဆုံး တရားအတိုင်းစီရင် ပြီးရင်   အမိမြန်မာပြည်ကြီးဟာ  နောင်အခါမှာ ဒီလိုပူဆွေးဒုက္ခမျိုးဘယ်တော့မှ မရောက်ပါစေနဲ့လို့ လှိုက်လှဲစွာဆုတောင်းပါတယ်။ ဒီလိုအဖြစ်မျိုးကို နောင်မှာ မဖြစ်ကြရအောင် နိုင်ငံရေးခေါင်းဆောင် လုပ်သူများ အထူးသတိပြုကြပါခင်ဗျား။
တမလွန်ဘဝတွင်    ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးစော   ပြန်လည်မိတ်ဆက်ကာ   လွတ်လပ်တဲ့ ဗမာပြည်၌ ညီရင်းအကိုများအဖြစ် ပြန်လည်မွေးဖွား ပြီး တိုင်းပြည်အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ပါစေ ဆုတောင်းပါတယ်။ လွတ်လပ်သော မြန်မာပြည်ကြီး တည်တန့်ပါစေသော်” ဟူ၍ စသည်ဖြင့် ရေးသား ဖော်ပြခဲ့ပါသည်။
သွေးထိုးလှုံ့ဆော် ဖန်တီးလုပ်ဆောင်နေကြ
၇၇ နှစ်တိုင်ခဲ့လေပြီ။ မျက်မှောက်ကာလတွင် လည်း ကိုလိုနီနယ်ချဲ့လက်ဟောင်း၊ လက်သစ်တို့ သည် မြန်မာ့နိုင်ငံရေးတွင် နည်းလမ်းပေါင်းစုံဖြင့် ဝင်ရောက်စွက်ဖက် နှောင့်ယှက်နေဆဲပင်။ နယ်ချဲ့ လက်ဟောင်းက မစားရသည့်အမဲ သဲနှင့်ပက်နေ သလို ကိုလိုနီနယ်ချဲ့လက်သစ်များကလည်း ပထဝီ နိုင်ငံရေးအရ အရေးပါသော မြန်မာနိုင်ငံတော်ကြီး တွင်   ၎င်းတို့ ဩဇာခံကြိုးဆွဲရာကမည့်   အစိုးရမျိုး မရမချင်း အိမ်ကြက်ချင်းအိုးမဲသုတ်၍ ခွပ်ခိုင်းစေပြီး မြန်မာပြည်ကြီး          ပျက်စီးရာပျက်စီးကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး    ပျက်ပြားရာ ပျက်ပြားကြောင်း    နောက်ကွယ်မှ  အစွမ်းကုန် သွေးထိုးလှုံ့ဆော် ဖန်တီးလုပ်ဆောင်နေကြဆဲပင်။
သို့ဖြင့် ၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက် အာဇာနည် နေ့တွင်   သမိုင်းသင်ခန်းစာအရ  ကိုလိုနီနယ်ချဲ့ လက်ဟောင်း လက်သစ်တို့၏ သွေးထိုးလှုံ့ဆော်မှု များကို အလေးအနက် သတိပြုဆင်ခြင်ကြရန်နှင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားခဲ့သော “အချင်းချင်းသဘောကွဲလွဲမှုမျိုးကတော့ နည်းနည်းပါးပါးတော့ရှိမှာပဲ။ ဒါပေမယ့် သူတစ်ပါးနိုင်ငံက     ကိုယ့်နိုင်ငံကို  လာရောက် စော်ကားလို့ အသက်စွန့်ပြီး မလျှော့တမ်း ကာကွယ် တိုက်ခိုက်တာကတော့   အားလုံးနဲ့သက်ဆိုင်တဲ့ အလုပ်မျိုးဖြစ်တယ်။
စုပေါင်းလုပ်ကြမှသာ အကျိုးရှိမည်ဟု မိန့်မှာ
တစ်တိုင်းပြည်လုံး ကြီးပွားစေချင်ရင် လူအား၊ ငွေအား၊    ပစ္စည်းအားနဲ့ စုပေါင်းပြီး  အင်တိုက် အားတိုက်လုပ်နိုင်မှ    အကျိုးခံစားခွင့်ရှိကြမှာပဲ။ ဗမာကတစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ရှမ်းတို့က တစ်ခြား၊ ကချင်၊   ချင်း   အကွဲကွဲအပြားပြား  လုပ်နေကြရင် အကျိုးရှိမှာမဟုတ်ဘူး။    စုပေါင်းလုပ်ကြမှသာ အကျိုးရှိမည်”ဟု မိန့်မှာချက်ကိုလည်းကောင်း။
“ဗမာတွေ စိတ်ထက်သလေး ဘာလေးနဲ့၊ တလွဲ ဆံပင်ကောင်းနေကြတယ်။ ဗမာပြည် လွတ်လပ်ရေး ရအောင်လုပ်ရမယ့်  တိုက်ပွဲမျိုးမှာ  အသုံးမချဘူး။ ဗမာပြည် ပြန်လည်ထူထောင်ရေးမှာ အသုံးမချဘူး။ ဗမာချင်းချဖို့မှာ  လုပ်ချင်တယ်။  ဒါမျိုးတွေလုပ်ချင် လို့ ဘယ်တော့မှ အကျိုးမရှိဘူး”
“ဒီတော့ကာ  ခင်ဗျားတို့ဟာ  လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးရနိုင်လောက်တဲ့ စည်းကမ်း ကိုရှိကြပါ။ လွတ်လပ်ရေးကိုလိုချင်ရင် လွတ်လပ်ရေး ရနိုင်တဲ့ ထူထောင်မှုကို လုပ်ကြပါ။ အဲဒီလို လုပ်ပြီး တဲ့နောက်  ရှေ့ကို လွတ်လပ်ရေးအရသာကို ခံစား စံစားချင်တယ်ဆိုရင် အလုပ်လုပ်ကြဖို့၊ စည်းကမ်း ရှိကြဖို့ ယခုကတည်းက ခင်ဗျားတို့ ကိုယ့်အကျင့်ဆိုး တွေ၊   အကျင့်ဟောင်းတွေ၊  စောက်ကျင့်တွေကို ပြင်ကြဖို့လိုပြီဆိုတာ ကျွန်တော် ယနေ့ပြောခဲ့ချင် တယ်”ဟူသည့် ဗိုလ်ချုပ်၏ နောက်ဆုံးမိန့်မှာချက် များကိုလည်းကောင်း အမှတ်ရ၍ သမိုင်းသင်ခန်းစာ အဖြစ်ရယူပြီး  အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို   အလေး အမြတ်ထား၍ နိုင်ငံတော်ကြီးအေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စုစုစည်းစည်း ညီညီ ညွတ်ညွတ်၊   ဦးထမ်းပဲ့ထမ်း  ကြိုးပမ်းလုပ်ဆောင် ကြရန်  တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။    ။