ဒုလ္လာဘော ပုရိသာဇညော၊ န သော သဗ္ဗတ္ထ ဇာယတိ။
ယတ္ထ သော ဇာယတိ ဓိရော၊ တံ ကုလံ သုခမေဓတိ။
(ဓမ္မပဒပါဠိ၊ ဗုဒ္ဓဝဂ်)
ယောကျ်ားအာဇာနည်ကို ရခဲ၏။ ထိုယောကျ်ားအာဇာနည်သည် အရပ်တကာတိုင်း၌ မဖြစ်။ ထိုယောကျ်ားအာဇာနည် ပေါ်ပေါက်သော အမျိုးအနွယ်သည် ကြီးပွားချမ်းသာ၏။
အာဇာနည်ဟူသည် လက်ရုံးရည်၊ နှလုံးရည်(သတ္တိဗျတ္တိ) တို့နှင့် ပြည့်စုံပြီး အမြော်အမြင်ကြီးမား၍ ကိုယ်ကျင့်တရား ဖြူစင်စွာဖြင့် အများအကျိုးအတွက် မိမိ၏ အသက်ကိုပင် စွန့်လွှတ်ရန်ပိုင်းဖြတ်ထားသည့် ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များပင် ဖြစ်သည်။ ယင်းသို့သော ပုဂ္ဂိုလ်များသည် အချိန်ကာလတိုင်း၊ နေရာဒေသတိုင်းတွင် ပေါ်ထွန်းလေ့မရှိ။ မြန်မာ့သမိုင်းတွင် ပေါ်ပေါက်ခဲ့သည့် လူယောကျ်ားအာဇာနည်တို့ ရှင်သန်ခဲ့သည့် ခေတ်သည် အမိနိုင်ငံတော်နှင့်တကွ တစ်မျိုးသားလုံး သူတစ်ပါး ကျွန်ဘဝကျရောက်နေရသည့် အချိန်ကာလ ဖြစ်သည်။ သူတို့သည် နိုင်ငံနှင့် လူမျိုးတစ်ရပ်လုံးကို ကျွန်ဘဝ မှ လွတ်မြောက်ခွင့်ရစေရန် လက်ရုံးရည်နှင့် နှလုံးရည်တို့ကို အသက်တာတစ်လျှောက်လုံး အသုံးပြုကာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည်။ ကိုယ်ကျင့်တရားကို ဖြူစင်စွာ စောင့်ထိန်းပြီး ရိုးသားဖြောင့်မတ်မှုကိုလည်း ခါးဝတ်ပုဆိုး သဖွယ် မြဲမြံခဲ့ကြသည်။
အာဇာနည်ပုဂ္ဂိုလ်တို့၏ သတ္တိဗျတ္တိ အမြော်အမြင်နှင့် ပွင့်လင်းရိုးသားမှုကို ယုံကြည်ကိုးစားကြသည်။ ပြည်သူ တစ်ရပ်လုံးကလည်း တစ်စည်းတစ်လုံးတည်း တစ်ခဲနက်သော ညီညွတ်မှုတို့ဖြင့် နောက်မှလိုက်ပါခဲ့ကြကာ နိုင်ငံနှင့် လူမျိုး တို့ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့သော ထိုခေတ်ကာလ သည် မြန်မာနိုင်ငံ သမိုင်းတစ်လျှောက်တွင် စည်းလုံးညီညွတ်မှု အရှိဆုံးကာလများထဲ၌ အပါအဝင်ဖြစ်ခဲ့သည်။ နိုင်ငံသူ နိုင်ငံသား၊ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး စည်းလုံး ညီညွတ်မှုကို နယ်ချဲ့တို့ အသိအမှတ်ပြုခဲ့ရသလို လွတ်လပ် ရေးကိုလည်း ပြန်လည်ပေးအပ်ခဲ့ရသည်။ လွတ်လပ်ရေး ကြိုးပမ်းမှုကာလတစ်လျှောက်လုံးတွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း တဖွဖွမှာကြားခဲ့သော အချက်မှာ “စည်းလုံးညီညွတ်ရေး” ဖြစ်သည်။ “တိုင်းရင်းသား အချင်းချင်း ညီညွတ်ရေး၊ တိုင်းသူပြည်သားလူထု ညီညွတ်ရေး” သည် တိုင်းပြည်လွတ်လပ်ပြီးသည့် အချိန်၌ပင် မရှိမဖြစ် လိုအပ်ကြောင်း၊ ၎င်းညီညွတ်ရေးနှစ်ခု မရှိသမျှကာလပတ်လုံး တိုင်းပြည်သည် လွတ်လပ်ပင် လွတ်လပ်ငြားသော်လည်း ဘယ်ပါတီ ဘယ်အစိုးရလုပ်လုပ် (-) သည် တိုင်းပြည်ဖြစ် နေမှာပဲဟူ၍ ခပ်ကြမ်းကြမ်းပြောကြားကာ တိုင်းရင်းသား အချင်းချင်း ညီညွတ်ရေးနှင့် တိုင်းသူပြည်သား လူထုညီညွတ် ရေး လွန်စွာအရေးကြီးကြောင်း လမ်းညွှန်မိန့်ကြားသွားခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင် များက အသက်ကို စတေးကာ နိုင်ငံနှင့် လူမျိုးတို့ကို ကျွန်ဘဝမှ လွတ်မြောက်ခွင့်ရစေခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီဖြစ်သည်။ မျက်မှောက်ကာလသည် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားခဲ့သည့် ညီညွတ်ရေးနှစ်ခု မည်သည့်အခြေအနေတွင် ရှိနေသည်ကို မှန်ကန်ရိုးသားစွာ ပြန်လည်သုံးသပ်ပြီး မိမိတို့ခေတ်၏ သမိုင်းပေးတာဝန်ကို အာဇာနည်တို့ထုံး နှလုံးမူ၍ ကြိုးပမ်း ထမ်းဆောင်ကြရပါမည့်အကြောင်း။ ။