အားကျစရာ ဓမ္မပါလတို့ရွာ

Type

စာချစ်သူ

=====

 

နေ့နှင့်ညတို့သည် ယခင်ကသိပ်မထူးခြား မကွာခြားလှဟုထင်ခဲ့သည်။ ယခု မျက်မှောက်ကာလမှာတော့ သိသိသာသာ ခြားနားကွာခြားခဲ့လေ ပြီ။ တစ်လောက၊ တစ်နေ့က မြင်တွေ့ခဲ့ရသည့် မိတ်ဆွေသူငယ်ချင်းများ၊ သူတို့နှင့်ပတ်သက်ရာ ပတ်သက်ကြောင်း ဆွေမျိုးမိတ်သင်္ဂဟများသည် နေ့မြင်ညပျောက်၊ ညမြင်နေ့ပျောက်ဆိုသလို သူတို့ချစ်သူ၊ ခင်သူတို့ အား ထာဝရကျောခိုင်းနှုတ်ဆက် ခွဲခွာသွားခဲ့ကြလေသည်။
အရေးပေါ်လူနာတင်ယာဉ်များ၏ ဥသြဆွဲသံများ၊ ဘယ်သူက တော့ ဆုံးရှာပြီ၊ ဘယ်ဝှာကတော့ အရေးပေါ်ကြပ်မတ်ကုသခန်းမှာ၊ ဘယ်သူ ဘယ်ဝှာကတော့  ဖျားနေပြီ၊   အနံ့ပျောက်နေပြီဟူသည့် စိတ်မချမ်းမြေ့စရာ အသံဗလံများကိုလည်း ဝန်းကျင်တစ်ခို ကြားသိ မြင်တွေ့နေရပေသည်။
မစည်ကားသင့်သောအရပ်တို့ စည်ကားနေ
ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး၏  အဆက်မပြတ်ရိုက်ခတ်မှု ဒီလှိုင်းများကြားတွင် ယနေ့ကမ္ဘာကြီးသည် ဗြောင်းဆန်နေသည်။ ယခင်က စည်ကားခဲ့သောအရပ်တို့သည်  ခြောက်ကပ်တိတ်ဆိတ်လျက်၊ မစည်ကားသင့်သောအရပ်တို့သည် သက်ဝင်စည်ကားနေသည်။
ထိုသောအခါ ကျွန်တော်သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးပီပီ ငါးရာ့ငါးဆယ်ဇာတ်တော် ဒသကနိပါတ်လာ မဟာဓမ္မပါလဇာတ်ကို ပြန်လည်သတိရမိပါ၏။
“ကိုယ့်မျက်စိအောက်မှာ သေသွားလို့သာ လက်ခံလိုက်ရတယ်။ တကယ်တမ်းကျတော့ ဒီလိုငယ်ငယ်ရွယ်ရွယ်လေးနဲ့ မသေထိုက်ဘူး မဟုတ်လား”
ဒိသာပါမောက္ခဆရာကြီး၏  သားကြီး သြရသ နာရေးမှအပြန် တွင် ဓမ္မပါလသည် သူ့ခေါင်းထဲ၌ ရှုပ်ထွေးနေသောပြဿနာကို ဤသို့ ဖွင့်ပြောလိုက်မိလေသည်။
ဓမ္မပါလလုလင်၏စကားသည်   အခြားတပည့်လုလင်များကို အံ့သြမှင်တက်သွားစေသည်။


“အလို၊ အဆွေဓမ္မပါလ၊ ဘယ်လိုများ ပြောလိုက်ပါလိမ့်။ သတ္တဝါ မှန်သမျှ သေရတဲ့သဘောကိုများ မသိလေရော့သလား”
“သိပါတယ်   အဆွေတို့ရယ်၊   ဒါပေမဲ့   ဒီလိုငယ်ငယ်ရွယ်ရွယ် လေးနဲ့တော့ သေကိုမသေထိုက်ပါဘူး။     သက်ကြီးရွယ်အိုဖြစ်လာ မှသာ သေရတာပါ”
“ဒါဖြင့်ကွယ်၊ သင်္ခါရတရားတို့ရဲ့ မမြဲတဲ့သဘောကို ဘယ်လိုများ ပြောကြရပါ့မလဲ”
“သင်္ခါရတရားတို့ရဲ့   မမြဲတဲ့သဘောကိုတော့    မငြင်းလိုပါဘူး။ ဒါပေမဲ့ ဒီလို  ငယ်ငယ်ရွယ်ရွယ်လေးနဲ့တော့ မသေထိုက်တာ အမှန် ပါပဲ”
“ဒါဖြင့် မေးပါရစေ အဆွေ ဓမ္မပါလ။ ရိုင်းစိုင်းရာရောက်သွားရင် လည်း ခွင့်လွှတ်ပါ။ အဆွေတို့ အိမ်မှာကော လူတစ်ယောက်မှ မသေခဲ့ ဘူးလား”
“တစ်ယောက်မက သေခဲ့ပါပြီ  အဆွေတို့။   ဒါပေမဲ့ အခုလို ငယ်ငယ်ရွယ်ရွယ်လေးတွေတော့ တစ်ယောက်မှမပါခဲ့ဘူး။ သက်ကြီး ရွယ်အိုများချည်းပဲ”
“အလို၊ တယ်လည်း ထူးဆန်းလှပါကလား။ အဆွေတို့ရဲ့ တခြား ဆွေမျိုးများကော”
“ငါတို့ရဲ့  ဆွေမျိုးတွေမှန်သမျှ ဘယ်သူမှ ငယ်ငယ်ရွယ်ရွယ်နဲ့ မသေကြရပါဘူး။ ဒါဟာ ဟိုလွန်ခဲ့တဲ့ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် ကတည်းက ရှိလာခဲ့တဲ့ ထုံးတမ်းစဉ်လာပါ”
ဓမ္မပါလ၏ ဤစကားများကို  မနီးမနားမှ  ကြားလိုက်ရသော ဒိသာပါမောက္ခဆရာကြီးအဖို့ အပြန်ပြန်စဉ်းစားဆင်ခြင်စရာ ဖြစ်လာ ရသည်။
အထူးချွန်ဆုံးဖြစ်လာ
တကယ်တော့ဖြင့် ဓမ္မပါလလုလင်မှာ ပညာသင်တပည့်ငါးရာ ထဲတွင် စံပြတပည့်တစ်ဦးဖြစ်၏။ အကျင့်စာရိတ္တ ကောင်းမွန်လှ၏။ ဉာဏ်ပညာထက်မြက်လှသဖြင့်လည်း မိမိသင်ကြားပေးသမျှ အရအမိ သင်ယူနိုင်၏။    ထို့ကြောင့်လည်း   ပညာသင်တပည့်ငါးရာထဲတွင် အထူးချွန်ဆုံးဖြစ်လာပေသည်။
အထူးချွန်ဆုံးသော တပည့်က   ဤစကားတစ်ခွန်းကို    ဤမျှ လောက် ခိုင်ခိုင်မာမာ  ပြောနေခြင်းမှာ ခိုင်မာသောအထောက်အထား ရှိနေ၍ပင်   ဖြစ်ပေလိမ့်မည်။   ခိုင်မာသော အထောက်အထားကို ကိုယ်တိုင်သိအောင်သွား၍ စုံစမ်းမှဖြစ်တော့မည်။ ဆွေရောမျိုးရော အသက်ရှည်ကြရသည့်အကြောင်းကို လေ့လာမှတ်သားပြီးလျှင် မိမိ ကိုယ်တိုင်ကျင့်သုံးမှ ဖြစ်တော့မည်။


ဓမ္မပါလတို့ရွာဆီ ခရီးထွက်ခဲ့
ဤသို့ဖြင့် ဒိသာပါမောက္ခဆရာကြီးသည် အခါအခွင့်သင့်သည့် တစ်နေ့တွင် ဓမ္မပါလတို့ရွာဆီသို့ ခရီးထွက်ခဲ့လေတော့သည်။ ဓမ္မပါလ တို့ဖခင် ပုဏ္ဏားကြီးအိမ်ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ခဲ့လေပြီ။
“အို ပုဏ္ဏားတို့၊  သင်တို့ရဲ့သား    ဓမ္မပါလဟာ  အင်မတန် ဉာဏ်ကောင်းပါပေတယ်။ အကျင့်စာရိတ္တလည်း ဖြူစင်လှပါပေတယ်။ ပညာစုံလို့ ရွှေဘုံပြန်ခါနီးပါမှပဲ မမျှော်လင့်တဲ့ရောဂါတစ်ခုကြောင့် ရုတ်တရက်ကွယ်လွန်သွားရရှာတယ်။ တရားနဲ့သာဖြေကြပါတော့။  ဟောဒီမှာ သားလေးဓမ္မပါလကို မီးသင်္ဂြိုဟ်ရာက ကောက်ယူလာခဲ့တဲ့ အရိုးများပါပဲ”
“ဟား ဟား ဟား ဟား”
ဒိသာပါမောက္ခဆရာကြီး၏စကားကို လေးလေးစားစား နာယူ ခဲ့ကြသော ပုဏ္ဏားမိသားစုသည် ဆရာကြီး၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် နှုတ်ကိုမချုပ်တည်းနိုင်ဘဲ  တစ်ခဲနက် ရယ်မောလိုက် ကြပေသည်။
“အဲဒီအရိုးတွေဟာ တခြားလူတစ်ယောက်ယောက်ရဲ့ အရိုးရင် လည်းဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ်ရင်လည်း သတ္တဝါတစ်ကောင် ကောင်ရဲ့ အရိုးရင်လည်းဖြစ်ပါလိမ့်မယ်။  ဓမ္မပါလရဲ့ အရိုးကတော့ ဘယ်နည်းနဲ့မှ မဟုတ်နိုင်ပါဘူး ဆရာကြီး”


ဤသို့ပြောနေစဉ်မှာပင် တစ်ရွာလုံးရှိဆွေမျိုးများ ရောက်လာ ကြရာ သူတို့ကလည်း လက်ခုပ်လက်ဝါးတီး၍ ရယ်မောကြလေသည်။
ဤတွင် ဒိသာပါမောက္ခဆရာကြီးသည်လည်း သူတို့နည်းတူ ပြုံးရွှင်ရယ်မောကာ-
“ကောင်းပါပြီ   အသင်ပုဏ္ဏားတို့။   သင်တို့အမျိုးအနွယ်ထဲမှ ငယ်ငယ်ရွယ်ရွယ်နဲ့ သေတဲ့သူမရှိတာတော့ ဟုတ်ပါပြီ။ ဒီတော့ ဒီလိုကောင်းကျိုးတရားခံစားကြရတာဟာ ဘယ်လိုအကျင့်များ ကျင့်ခဲ့လို့ပါ လဲ”


ဤသို့ တရင်းတနှီးမေးမြန်းလိုက်လေရာ ဓမ္မပါလ၏ဖခင် ပုဏ္ဏား ကြီးက …
“ဆရာကြီးခင်ဗျား၊ ကျွန်ုပ်တို့ တစ်မျိုးတစ်နွယ်လုံးဟာ သူတစ်ပါး အသက်ကို မသတ်ကြပါ။  သူ့ဥစ္စာကိုလည်း မခိုးကြပါ။ သူတစ်ပါး သားမယားအပေါ်လည်း  ဖောက်ပြားကျူးလွန်မှုမပြုကြပါ။   မုသား စကား မပြောကြားကြပါ။   အရက်သေစာလည်း မသောက်စားကြပါ”
“ဆရာကြီးခင်ဗျား၊ ကျွန်ုပ်တို့တစ်မျိုးတစ်နွယ်လုံးဟာ ကုသိုလ် တရားပွားများကြပါတယ်။ မကောင်းမှုမှန်သမျှ ရှောင်ကြဉ်ကြပါတယ်။ သူတော်မဟုတ် သူယုတ်မာတို့ရဲ့ အယူအကျင့်များကို ရှောင်ကြဉ်ကြပါ တယ်”
“ဆရာကြီးခင်ဗျား၊ ကျွန်ုပ်တို့ တစ်ဆွေတစ်မျိုးလုံးဟာ ပစ္စေက ဗုဒ္ဓါ အရိယာ သူတော်ကောင်းများကို ကြည်ညိုသဒ္ဓါထက်သန်စွာ လှူဒါန်းကြပါတယ်။ ကိုယ့်နယ်ထဲက  ဖြတ်သွားကြတဲ့ ခရီးသည်များကို လည်း ထမင်းချိန်မှာ ထမင်းကျွေးကြပါတယ်။ အခြားအချိန်မှာ အဖျော် ရည်များ တိုက်ကျွေးကြပါတယ်။ အမျိုးမျိုးအဖုံဖုံ တောင်းစားသူများကို လည်း တတ်စွမ်းသမျှ ပေးကမ်းစွန့်ကြဲကြပါတယ်”


“ဆရာကြီးခင်ဗျား၊ ကျွန်ုပ်တို့တစ်မျိုးတစ်နွယ်လုံးဟာ မလှူခင် တုန်းကလည်း ပုဗ္ဗစေတနာအရ ဝမ်းမြောက်ခဲ့ကြပါတယ်။ လှူတုန်း လှူဆဲအချိန်မှာလည်း မုဉ္စစေတနာအရ ရွှင်လန်းကြပါတယ်။ လှူပြီး နောက်မှာလည်း    အပရစေတနာအရ  အားရကျေနပ်ကြပါတယ်။ ပေးလှူပြီးမှ နောင်တတစ်ဖန် ပူပန်ခြင်းမပြုကြပါ”
“ဆရာကြီးခင်ဗျား၊ ကျွန်ုပ်တို့  အမျိုးအနွယ်ထဲက  အကျင့် စိတ်ဓာတ်မြင့်မြတ်ကြတဲ့  မိခင်များဟာ သားလိမ္မာ သမီးလိမ္မာကလေး များ ဖွားမြင်လာကြပါတယ်။ အခြေခံကောင်းလှတဲ့ သားသမီးကလေး များဟာ ဉာဏ်ပညာလည်း ထက်သန်ကြပါတယ်။ ဗဟုသုတ ကြွယ်ဝ ကြပါတယ်။ အကျင့်သီလ ဖြူစင်ကြပါတယ်”
“ဆရာကြီးခင်ဗျား၊     နိဂုံးချုပ်အားဖြင့်         တင်ပြချင်တာ ကတော့ ကျွန်ုပ်တို့ထံမှာ မှီခိုနေကြတဲ့ အလုပ်သမားများ၊ အခြွေအရံ များပါ အပါယ်လေးပါးရောက်ရမယ့်ဘေးကို  ကြောက်ရကောင်းမှန်း သိကြပါတယ်။ ဒါကြောင့်လည်း လူအားလုံးဟာ ကုသိုလ်ကောင်းမှု ကြိုးစားပြီးပြုကြပါတယ်။     ဒါကြောင့်လည်း     ကျွန်ုပ်တို့ရဲ့အမျိုး အနွယ်ထဲမှာ        ငယ်ငယ်ရွယ်ရွယ်နဲ့     မသေဆုံးရခြင်းဖြစ်ပါတယ် ခင်ဗျာ”
ဒိသာပါမောက္ခဆရာကြီးသည်   ဓမ္မပါလအမျိုးအနွယ်များ၏ နေထိုင်ကျင့်သုံးပုံအလုံးစုံကို ဤသို့ဝမ်းမြောက်ဝမ်းသာ ကြားနာပြီး လျှင် ထိုအကျင့်ကောင်းများကို  ရွှေပေလွှာ၌ တရိုတသေရေးမှတ်ကာ တက္ကသိုလ်မြို့တော်သို့ ယူဆောင်ခဲ့လေတော့သည်။


ဤမဟာဓမ္မပါလဇာတ်ကို ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတိုင်းလိုလို  ကြားနာဖူးကြပါလိမ့်မည်။ မဟာဗောဓိရုပ်သံလိုင်း တွင်လည်း ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာ ဘိဝံသ  ဟောကြားအပ်သော ဤမဟာဓမ္မပါလဇာတ် တရားတော်ကို မကြာခဏထုတ်လွှင့်ပူဇော်လေ့ရှိပါ၏။
ကြားသိသော်လည်း ကျင့်ဘိခဲတုံ့


သို့ရာတွင် နားနှင့်ဆတ်ဆတ်ကြားနာထားသောတရားကို နှလုံး သားထိအောင်  ပို့ဆောင်တတ်သူတို့မှာ အနည်းငယ်မျှသာ။ နားနှင့် ကြားနာပြီးနောက် နားမှသာ လမ်းဆုံးသွားသူတို့ကား ပေါများလှ၏။ ဤသည်မှာ ကမ္ဘာလောကကြီး၏ နိယာမတစ်မျိုးဖြစ်နေမည်လား မဆိုနိုင်ပါ။ ထို့အတူ ကြားသိသော်လည်း ကျင့်ဘိခဲတုံ့ဆိုသလို လိုက်နာ  ကျင့်သုံးဖို့ကလည်း ခက်ခဲလှပေ၏။


သို့ဆိုလင့်ကစား ပစ္စက္ခ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးနှင့် ရင်ဆိုင် ကြုံတွေ့နေရသည့်အခိုက်ဝယ်    ကျွန်တော်တို့သည်  တစ်ဖက်က နိုင်ငံတော်က    ထုတ်ပြန်လျက်ရှိသော   အမိန့်ညွှန်ကြားချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နေ့စဉ်ထုတ်ပြန်နေသည့် သတိပေးနှိုးဆော်ချက်များကို တစ်သဝေမတိမ်း လိုက်နာဆောင်ရွက် ကြရန်   လိုအပ်သကဲ့သို့   တစ်ဖက်ကလည်း ကျွန်တော်တို့သည် ထေရဝါဒ ဗုဒ္ဓဘာသာဝင်များဖြစ်သည့်အားလျော်စွာ အသက်ရှည်ရာ အနာမဲ့ရေး၊ ရန်ဘေးကင်းကြောင်း ကောင်းမှုမင်္ဂလာဖြစ်စရန် အလို့ငှာ  ဘုရား၊ တရား၊ သံဃာတည်းဟူသော တုနှိုင်းမဲ့ရတနာမြတ်သုံးပါးကို  ပိုမိုဆည်းကပ်ပူဇော်၍ သုစရိုက်ကုသိုလ်တရားများကို ပွားများကျင့်ကြံ အားထုတ်ကြရပါမည်။ 


  c စာမျက်နှာ ၈ မှ
ဇမ္ဗူဒီပ နိမိတ္တ၊ မြန်မာပြည်သည်      ဇမ္ဗူဒီပါ    လကျ်ာတောင်ကျွန်း နိမိတ်ထွန်းရာမြေဖြစ်သည်နှင့်အညီ    ကာယ ဝစီ မနောတို့တွင် ကောင်းသောအတိတ်၊  ကောင်းသောနိမိတ်များ    ဖြစ်ထွန်းစေရန် အလေးထားထိန်းသိမ်းစောင့်ရှောက်ကြရပါဦးမည်။  လောကီအရေး အရာများသည်  ဆန်းကြယ်လှပါပေသည်။ ရှေးရှေးက မိဘဘိုးဘွား လူကြီးများသည် လောကီအယူဝါဒဖြစ်သော အတိတ်နိမိတ်၊ စနည်း၊ တဘောင် စသည်တို့ကိုယုံကြည်ကြ၏။
ဆုံးမသတိပေးလေ့ရှိ
ရှေးရှေးက   လူကြီးများသည်    အနိဋ္ဌာရုံဖြစ်သောမြင်ကွင်းမျိုး မမြင်ရပါစေနှင့်ဟု  ဆုတောင်းကြ၏။  အမင်္ဂလာဖြစ်သော ငိုချင်း တေးသီချင်းများ၊ နိမိတ်မကောင်းသော အပြောအဆိုများ မပြုလုပ်ကြ ရန်လည်း အိမ်သူအိမ်သားများအား ဆုံးမသတိပေးလေ့ရှိ၏။ မနက် မိုးလင်းသည်နှင့် မင်္ဂလာရှိသောအသံ၊ မင်္ဂလာရှိသောစကား၊ မင်္ဂလာ ရှိသော  အလုပ်အကိုင်၊ အပြုအမူများသာ လုပ်ကိုင်ဆောင်ရွက်ကြရန်၊ ကုသိုလ်တရားများ  ကျင့်ကြံပွားများအားထုတ်ကြရန်  တိုက်တွန်း ကြ၏။ 


မျက်မှောက်ခေတ်တွင်မူ ရှေးရှေးက မြန်မာတို့၏ ဓလေ့ထုံးစံ များသည် လစ်ဘရယ်လှိုင်းတံပိုးအောက်တွင် တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်စပြုလာ၏။    ပြီးခဲ့သည့်လပိုင်းများက    ကျွန်တော်တို့ မြင်တွေ့ကြားသိခဲ့ရသောမြင်ကွင်းတို့သည်  ပြည်သူများကို  အလွန် အင်မတန် စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်ခဲ့ရလေ၏။
သင်္ချိုင်းစောင့် မဖဲဝါပုံသဏ္ဌာန်ဝတ်ဆင်၍  ရန်ကုန်မြို့လယ်ကောင် တွင် အလောင်းထမ်းလမ်းလျှောက်ခဲ့ကြသည့် ကမ်ပိန်းများ၊ လမ်းမ များထက်တွင် သွေးရောင်ဆေးများ ပက်ဖျန်းခဲ့ကြ၍ သွေးရောင် လွှမ်းနေခဲ့သော မြို့လယ်လမ်းမများ၊ မြို့လယ်လမ်းမအလယ်ထက်တွင် ကြိုးတန်း၍ လွှင့်ထူထားသော ထဘီများနှင့် အမျိုးသမီးအတွင်းခံများ၊ ထိုထဘီများကြားတွင် ချိတ်ဆွဲထားသော ထေရ်ကြီးဝါကြီး ဆရာတော် သံဃာတော်ကြီးများ၏ ဓာတ်ပုံများ၊ လူမှုကွန်ရက်စာမျက်နှာထက်တွင် ထေရ်ကြီးဝါကြီး သံဃာတော်အရှင်သူမြတ်တို့ကို ရုန့်ရင်းကြမ်းတမ်း ရိုင်းစိုင်းစွာစွပ်စွဲပြောဆိုနေကြသည့် အရေးအသားများကို ပြန်လည် မြင်ယောင်လာမိသည်။


ပြီးခဲ့တာတွေ    ပြီးပါစေတော့။  သတိသံဝေဂယူဖွယ်ရာသာ ရှိပါစေတော့။  ပစ္စက္ခတွင်   ကြယ်များ   တဖြုတ်ဖြုတ်ကြွေနေသည်။ ထင်ရှားသောကြယ်များ၊ မထင်မရှား အညတရကြယ်များ၊ ကျွန်တော် တို့နေ့စဉ်   တရင်းတနှီးမြင်တွေ့နေရသောကြယ်များ၊     ကြယ်ပွင့် ကြီးငယ်မရွေး   ညမြင်နေ့ပျောက် တဖြောက်ဖြောက်ကြွေနေကြသည်။ ထိုသောအခါ    ကျွန်တော်သည်     အားကျစရာဓမ္မပါလတို့ရွာကို ပြန်ပြောင်းအမှတ်ရမိပါ၏။    ။
ကျမ်းကိုး - 
ဝဏ္ဏသီရိ၏ငါးရာ့ငါးဆယ်ဇာတ်တော်ထဲက အသိအလိမ္မာ သင်ခန်းစာများ။