
နိုင်ငံတကာသုံးသပ်ချက်
==============
အာဖဂန်စစ်ပွဲ ထာဝရ ရပ်စဲနိုင်မည်လော
==========================
ကိုရင်ဩ
======
အမေရိကန်ပြည်ထောင်စု၏ အသည်း နှလုံးကိုလှုပ်ခါခဲ့သည့် ဖြစ်ရပ်ဆိုးအဖြစ် ကမ္ပည်းမော်ကွန်း ရေးထိုးအပ်သော “စက်တင်ဘာ ၁၁ ရက် အကြမ်းဖက် တိုက် ခိုက်မှုဖြစ်စဉ်” ပေါ်ပေါက်ခဲ့မှု (၁၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်း အနားများ ကျင်းပလျက်ရှိသည်ဆိုသော သတင်းတစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှုရသောအခါ အနှီ ကမ္ဘာ့ထိပ်သီးနိုင်ငံကြီး အတွက်သာမက တစ်ကမ္ဘာလုံးကိုပါ သမိုင်းသင်ခန်းစာများ ပေးစွမ်းသော ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စေ့ငုလေ့လာမိလေ၏။
အသက်ဆုံးရှုံး
“စက်တင်ဘာ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်” ဆိုသည်ကား ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က “အယ်လ် ခိုင်ဒါ” အဖွဲ့မှ အကြမ်းဖက်သမား ၁၉ ဦး တို့က ခရီးသည်တင်လေယာဉ် လေးစင်းကို ပြန်ပေးဆွဲကာ နယူးယောက်မြို့ရှိ ကမ္ဘာ့ ကုန်သွယ်ရေးဌာန အဆောက်အအုံကို လည်းကောင်း၊ ဗာဂျီးနီးယားပြည်နယ် အာလင်တန်ရှိ ပင်တဂွန်စစ်ဌာနချုပ်ကိုလည်း ကောင်း တိုက်ခိုက်ခဲ့ကြသောဖြစ်စဉ် ဖြစ်သည်။ ကမ္ဘာ့ကုန်သွယ်ရေးဌာနအဆောက် အအုံ၏ တာဝါနှစ်ခုစလုံးကို လေယာဉ်ပျံ တစ်စင်းစီဖြင့် ဝင်တိုက်ခဲ့ရာတွင် တာဝါ နှစ်ခုစလုံး နှစ်နာရီအတွင်း ပြိုကျခဲ့ပြီး လေယာဉ်ပျံနှစ်စင်းပေါ်တွင် လိုက်ပါလာသော ခရီးသည်များအားလုံးနှင့် အဆိုပါ အဆောက် အအုံအတွင်း ရှိနေသူများအားလုံး အသက် ဆုံးရှုံးခဲ့ကြရသည်။
တတိယမြောက်လေယာဉ်မှာ ပင်တဂွန် စစ်ဌာနချုပ်အတွင်းသို့ ထိုးစင်းခဲ့ပြီး စတုတ္ထ မြောက်ခရီးသည်တင် လေယာဉ်တစ်စင်းမှာမူ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် ရှန့်ခ်မေးလ် ဒေသတွင် ပျက်ကျခဲ့သည်။ စတုတ္ထမြောက် လေယာဉ်ပေါ်တွင် ခရီးသည်များနှင့် အကြမ်း ဖက်သမားများ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် လေယာဉ်ပျက်ကျခဲ့ခြင်း ဖြစ်သည်။ စတုတ္ထမြောက်လေယာဉ်၏ ဦးတည်ရာ ကား အမေရိကန်ကွန်ဂရက်လွှတ်တော် အဆောက်အအုံ သို့မဟုတ် “အိမ်ဖြူတော်” ဖြစ်နိုင်ဖွယ် ရှိသည်။
အပြစ်မဲ့ပြည်သူ ၂၉၇၇ ဦးနှင့် အကြမ်း ဖက်သမား ၁၉ ဦး စုစုပေါင်း ၂၉၉၆ ဦး သေဆုံးခဲ့ရသော အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ် ပေါ်ပေါက်ခဲ့သည်မှာ ယနေ့ကာလ တွင် ၁၉ နှစ်တင်းတင်း ပြည့်မြောက်ခဲ့လေပြီ။
စက်တင်ဘာလ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်၏ နှစ်ပတ်လည် အခါ သမယတွင် ယင်းဖြစ်စဉ်အတွင်း သေဆုံးခဲ့ ကြရသော အပြစ်မဲ့ပြည်သူများအတွက် ဂါရဝပြုကာ ဝမ်းနည်းစကားဆိုခဲ့ကြသူများမှာ သမ္မတ ဒေါ်နယ်ထရမ့်နှင့် နိုဝင်ဘာရွေး ကောက်ပွဲ၏ သမ္မတလောင်း ဂျိုးဘိုင်ဒင်တို့ ဖြစ်ကြ၏။
မိန့်ခွန်းပြောကြား
၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက် နံနက်ပိုင်းက ပင်ဆယ်လ်ဗေးနီးယားပြည်နယ် ရှန့်ခ်မေးလ်ဒေသအနီး စတုတ္ထမြောက်ခရီး သည်တင်လေယာဉ် ပျက်ကျခဲ့ရာ နေရာ၌ အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်ခဲ့ရာတွင် သမ္မတထရမ့် မိန့်ခွန်းပြောကြားခဲ့သည်။
ဒုတိယသမ္မတလောင်း ဂျိုးဘိုင်ဒင်မှာမူ နယူးယောက်မြို့ရှိ စက်တင်ဘာ ၁၁ ရက် အထိမ်းအမှတ်ပြတိုက်တွင် ကျင်းပသော အောက်မေ့ဖွယ်အခမ်းအနားသို့ တက်ရောက် ခဲ့ပြီး ယင်းနေ့ညနေပိုင်းတွင် ရှန့်ခ်မေးလ် ဒေသသို့ သွားရောက်ခဲ့သည်။
အမေရိကန်ပြည်ထောင်စု၏ အသည်းနှလုံးကိုလှုပ်ခတ်နိုင်ခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုကြီးသည် မကြုံစဖူး ထူးထူး ခြားခြား တူးတူးခါးခါးရှိလှသည့် အကြမ်းဖက် တိုက်ခိုက်မှုကြီးအဖြစ် သမိုင်းတွင်ရစ်ခဲ့ပေ သည်။
၂၀၀၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ယင်း ဖြစ်စဉ်နှင့်ပတ်သက်၍ ဘင်လာဒင်က တရားဝင်ထုတ်ဖော်ဝန်ခံချက် ပေါ်ထွက်ခဲ့၏။ အမေရိကန်ပြည်ထောင်စု၏ သမိုင်းတွင် လူသေဆုံးမှုအများဆုံး အကြမ်းဖက်တိုက် ခိုက်မှုသည် သွေးပျက်ဖွယ်ရာ ဖြစ်ရပ်ဆိုး အဖြစ် ယနေ့တိုင် မမေ့နိုင်အောင် ဖြစ်နေရဆဲ ဖြစ်၏။
လူပေါင်း ၃၀၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ ရသည့်အပြင် လူပေါင်း ၁၀၀,၀၀၀ ခန့် ထိခိုက် ဒဏ်ရာရခြင်း(သို့မဟုတ်) အနံ့ဆိုးများရှူရှိုက် ရခြင်းကြောင့် နာမကျန်းခြင်းတို့ ခံစားခဲ့ ကြရပြီး ချက်ချင်းသေဆုံးခြင်းမရှိသည့် တိုင်အောင် နောက်ပိုင်းတွင် ကင်ဆာ ရောဂါကဲ့သို့ ရောဂါဘယများ ခံစားခဲ့ကြကာ အသက်ဇီဝိန်ကြွေခဲ့သူ ဦးရေမှာလည်း များပြားခဲ့ချေသည်။
စက်တင်ဘာလ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်မှုကြီးအတွက် စီစဉ်ကြိုးကိုင် သူအဖြစ် လက်ညှိုးထိုးခံခဲ့ရသူ “အယ်လ် ခိုင်ဒါ” အဖွဲ့၏ဦးသျှောင် အိုစမာဘင်လာဒင် ကို ခိုလှုံခွင့်ပေးထားသော အာဖဂန်နစ္စတန် နိုင်ငံကို စစ်ရေးနည်းလမ်းအရ အမေရိကန်က တိုက်ရိုက်အရေးယူခဲ့ခြင်းသည် ယင်းဖြစ်စဉ် ၏ အကြီးကျယ်ဆုံးသော ဂယက်တစ်ခု ဖြစ်ခဲ့သည်။
လေကြောင်းမှ တိုက်ခိုက်
ထိုစဉ်က အာဖဂန်နစ္စတန်နိုင်ငံကို “တာလီဘန်” အဖွဲ့က အုပ်စိုးနေချိန်ဖြစ်ပြီး ဘင်လာဒင်အား လွှဲပြောင်းပေးအပ်ရန် ငြင်းဆန်ခဲ့ရာမှ စက်တင်ဘာလ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုအပြီး တစ်လအကြာ တွင် အမေရိကန်က ယင်းနိုင်ငံကို လေကြောင်း မှ တိုက်ခိုက်ခဲ့လေသည်။
အမေရိကန်သည် “အကြမ်းဖက်မှု တိုက်ဖျက်ရေးစစ်ပွဲ” ဟု ကျုံးဝါးလျက် အာဖဂန်နစ္စတန်နိုင်ငံကို စစ်ဆင်နွှဲခဲ့ရာတွင် သူ၏ မဟာမိတ်နိုင်ငံများကလည်း ပူးပေါင်း ပါဝင်ခဲ့ကြသည်။
တာလီဘန်အဖွဲ့သည် မကြာမတင်မှာပင် “တန်ခိုးအာဏာ” ဖယ်ရှားခံလိုက်ရပြီး အရှက်တကွဲအကျိုးနည်း ဖြစ်ခဲ့ရသော်လည်း ယင်းအဖွဲ့မှာ စုန်းစုန်းမြုပ်မြုပ် ပျောက်ကွယ် သွားခြင်းမရှိခဲ့ချေ။
စက်တင်ဘာလ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်မှုသည် ထိုစဉ်က သမ္မတအဖြစ် တာဝန်ယူထားသူ ဂျော့ဂ်ျဒဗလျူဘုရှ်၏ ပထမမြောက် ရာထူးသက်တမ်းကို ထူးထူး ခြားခြား ပြောင်းလဲသွားစေခဲ့သည်။
“အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ပွဲ” နောက်ကွယ်မှာပင် နိုင်ငံရေးအရ လှုံ့ဆော်မှု များနှင့် အကျိုးသက်ရောက်မှုများဖြစ်ပေါ်ခဲ့ရပြီး ပြည်တွင်း၊ ပြည်ပတွင် ရှုထောင့်ပေါင်းစုံမှ ရှုမြင်ကြလျက် ခါးခါးသီးသီးအငြင်းပွား ပြောဆိုစရာများလည်း အဟုန်ကြီး ဖြစ်ပေါ်ခဲ့ရ သည်။
တာလီဘန်အဖွဲ့ အာဏာလက်လွှတ်ခဲ့ ရသည့်တိုင်အောင် အညံ့မခံ အရှုံးမပေးဘဲ “ပြောက်ကျားစစ်ပွဲ”ကို ဆက်လက်ဆင်နွှဲခဲ့ သည်။
အကြမ်းဖက်သမားများအဖြစ် သတ်မှတ် ခံရသူများကို ပစ်မှတ်ထားသော အမေရိကန် က စစ်ဆင်ရေးများကို တိုးမြှင့်ဆောင်ရွက်ခဲ့ သည်သာမက စီးပွားရေးနှင့် နိုင်ငံရေးတို့အရ ဖိအားပေးမှုများကို အရှိန်အဟုန်မြှင့်တင်ခဲ့ လေသည်။
ဖိအားပေးမှုများ
ထို့ပြင် အကြမ်းဖက်သမားများကို ခိုလှုံခွင့်ပေးထားသည်ဟု စွပ်စွဲခံကြရသော နိုင်ငံများနှင့် အစိုးရအဖွဲ့များအပေါ်တွင်လည်း ဖိအားပေးမှုများကို တစိုက်မတ်မတ်ပြုလုပ်ခဲ့ သည်။
၂၀၀၁ ခုနှစ် အောက်တိုဘာလမှ အစပြု ၍ စစ်ရေးနည်းလမ်းစတင်ခဲ့ပြီး တာလီဘန် အဖွဲ့ကို ဖြုတ်ချရန်အလို့ငှာ မြောက်အတ္တ လန္တိတ်စာချုပ်အဖွဲ့(နေတိုး)က အာဖဂန် နစ္စတန်နိုင်ငံကို ကျူးကျော်ခဲ့လေသည်။
အမေရိကန်၏ “အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ပွဲ” သည် အာဖဂန်နစ္စတန်နိုင်ငံ ၏ အိမ်နီးချင်း ပါကစ္စတန်နိုင်ငံ၏ တည်ငြိမ်မှု ကိုထိခိုက်ခဲ့ရပြီး ငြိမ်းချမ်းရေးနှင့် အလှမ်းကွာ ဝေးခဲ့သည်ဟုရှုမြင်ရသည်။
အမေရိကန်သည် အကြမ်းဖက်သမား များကို အမြစ်ပြတ် ချေမှုန်းရန်ဟူသော ဦးတည်ချက်ကို ကိုင်စွဲခဲ့လင့်ကစား တန်ပြန် အကျိုးသက်ရောက်မှုများနှင့်အတူ အကြမ်း ဖက်သမားများ ဆက်လက်ပေါက်ဖွား နေဆဲ ဖြစ်သည်။
အရှေ့အလယ်ပိုင်းဒေသတွင် လူပေါင်း သိန်းနှင့်ချီ၍ သေဆုံးခဲ့ကြပြီး အီရတ်နှင့် ဆီးရီးယားနိုင်ငံတို့တွင် ပြီးဆုံးခြင်းသို့မရောက် သော ဂိုဏ်းဂဏ ဖက်ပြိုင်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားခဲ့သည်ဟု ရှုမြင်ကြသည်။
ထုတိသြဘာပေးထိုက်
အဆုံးမသတ်နိုင်သော စစ်ပွဲများအပေါ် ပြည်သူများ စိတ်ပျက်ငြီးငွေ့နေကြချိန်တွင် အာဖဂန်နစ္စတန်နှင့် အီရတ်နိုင်ငံတို့မှ အမေ ရိကန်တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို လာမည့်နိုဝင်ဘာထက် နောက်မကျဘဲ ရုပ်သိမ်းပေးမည်ဟု သမ္မတဒေါ်နယ်ထရမ့်က စက်တင်ဘာလ ၁၀ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ခြင်းမှာ ထုတိသြဘာပေးထိုက် သော မင်္ဂလာသတင်းတစ်ပုဒ် ဖြစ်လာသည်။
သမ္မတထရမ့်သည် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှု၏ ကတိကဝတ် ပြုချက်တစ်ရပ်အရ “အဆုံးမသတ်နိုင်သော စစ်ပွဲများ” အမေရိကန်ပြည်သူတို့အပေါ် ဖိစီးခြင်းမှ ကျော်လွှားလွန်မြောက်အောင် မိမိဆောင်ကြဉ်းမည်ဟု ဆိုသည်။
ထိုစဉ်အတွင်း အာဖဂန်နစ္စတန် အစိုးရ အဖွဲ့နှင့် တာလီဘန်တို့အကြား ပထမဆုံး အကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဖွင့်လှစ် လိုက်ပြီဖြစ်ကြောင်း စက်တင်ဘာ ၁၂ ရက် သတင်းများတွင် ဖော်ပြထားသည်။
လပေါင်းအတန်ကြာမျှ နှောင့်နှေး ကြန့်ကြာခဲ့ရသော ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပင်လယ်ကွေ့ဒေသရှိ ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌ ကျင်းပရာတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို ငြိမ်းချမ်း ရေးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက် ရောက်ခဲ့သည်။
အမေရိကန်နှင့် တာလီဘန်တို့အကြား လုံခြုံရေးဆိုင်ရာ သဘောတူညီချက် တစ်ရပ် ကို ဖေဖော်ဝါရီလတွင် ရရှိခဲ့ပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးရန် ဦးတည်ခဲ့သည်။
သို့ရာတွင် အကျဉ်းသား အပြန်အလှန် ဖလှယ်ရေးကိစ္စနှင့်ပတ်သက်၍ သဘောကွဲလွဲ မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ဆယ်စုနှစ်လေးစုကြာမျှ ဖြစ်ပွားလာခဲ့သော စစ်ပွဲကြီးအဆုံးသတ်စေ မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပရေးမှာ နှောင့်နှေးကြန့်ကြာခဲ့ရသည်။
တစိုက်မတ်မတ် ငြင်းဆန်
အာဖဂန်အစိုးရ တာဝန်ရှိသူများနှင့် တာလီဘန်အဖွဲ့အကြား ပထမဆုံးအကြိမ် တိုက်ရိုက်တွေ့ဆုံဆွေးနွေးရန်မှာ အခက် အခဲပေါင်းများစွာကို ကျော်ဖြတ်ပြီးမှသာ ဖြစ်ပေါ်လာသည်။ အာဖဂန်အစိုးရသည် အမေရိကန်၏ “ရုပ်သေး” ဖြစ်သည်ဟုဆိုကာ အစိုးရတာဝန်ရှိသူများနှင့် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးရန် စစ်သွေးကြွများက တစိုက်မတ် မတ် ငြင်းဆန်ခဲ့သေးသည်။
အမျိုးသား ပြန်လည်သင့်မြတ်ရေးမှာ နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့များ၏ ရည်မှန်း ချက်ဖြစ်သည်။ ၁၉၇၉ ခုနှစ်တွင် ဆိုဗီယက်ကျူးကျော်မှုစတင်ချိန်မှစ၍ ဆယ်စုနှစ် ပေါင်းများစွာကြာ အကြမ်းဖက်မှုများ ဖြစ်ပွား လာနေမှု အဆုံးသတ်ရန် ဦးတည်သည်။
အမေရိကန်နှင့် တာလီဘန်တို့ရရှိခဲ့သော လုံခြုံရေးသဘောတူညီချက်အရ အမေရိကန် တပ်ဖွဲ့များ ရုပ်သိမ်းပေးရပေမည်။
ထိုစဉ်အတွင်း စက်တင်ဘာ ၉ ရက်တွင် အာဖဂန်ဒုတိယသမ္မတ အာမရူလာ ဆာလား အား လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုတစ်ရပ် ဖြစ်ပေါ်ခဲ့ရာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လမ်းချော်သွားနိုင်သည်ဟု စိုးရိမ်ပူပန်စရာ ဖြစ်ပေါ်ခဲ့ရသေးသည်။
အာဏာမျှဝေရေး
အာဖဂန်အစိုးရနှင့် တာလီဘန်ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွင် အမြဲတမ်းနှင့် အလုံးစုံ အပစ်အခတ်ရပ်စဲရေးကို ဆွေးနွေးရန် အမေရိကန်-တာလီဘန် သဘောတူညီချက် တွင် ဖော်ပြထားသည်။ ဆွေးနွေးပွဲ အစီအစဉ် အရ အလေးပေးဆွေးနွေးရန် အချက်အဖြစ် အာဖဂန်နိုင်ငံရေးအင်အားစုနှင့် တာလီဘန် အကြား အာဏာမျှဝေရေး သဘောတူညီချက် ရရှိရေးအတွက် ဆွေးနွေးရန်ဟူ၍ အဆိုပါ သဘောတူညီချက်တွင် ရေရေရာရာ ဖော်ပြ ထားပေရာ ဒိုဟာဆွေးနွေးပွဲ၏ရလဒ် မည်သို့ ရှိမည်ကို ဆက်လက်စောင့်ကြည့်ရန် လိုအပ် သည်ဟု ကျွန်ုပ်တွေးတောမိရင်း “အာဖဂန် စစ်ပွဲ ထာဝရ ရပ်စဲနိုင်မည်လော”ဟု ကျူးရင့်မိ ပါသတည်း။ ။
Source: Daily News Bulletin
- Log in to post comments