အာဖဂန်နစ္စတန်နိုင်ငံ ဘာကြောင့် ပြိုလဲသွားသလဲ

Type

အာဖဂန်နစ္စတန်အစိုးရတပ်ဖွဲ့ဝင်တွေဟာ  တာလီဘန်အဖွဲ့ထက်  လက်နက်အင်အား၊  လူအင်အား သာလွန်ပေမယ့်  အာဖဂန်နစ္စတန်နိုင်ငံဟာ  တာလီဘန် လက်အောက်ကို ဘာကြောင့် မြန်မြန်ဆန်ဆန် ကျဆင်းသွားရတာလဲ။ 
 

သြဂုတ် ၁၅ ရက်မှာ      တာလီဘန်အဖွဲ့က မြို့တော်ကဘူးလ်မှာရှိတဲ့      သမ္မတအိမ်တော်ကို သိမ်းပိုက်ခဲ့ပါတယ်။   သမ္မတ ဂါနီအစိုးရအဖွဲ့ဟာ တာလီဘန်လက်အောက် ရောက်ရှိခဲ့ပေမယ့် သမ္မတ ဂါနီကတော့   ထွက်ပြေးတိမ်းရှောင်လွတ်မြောက် လို့နေပါတယ်။     အာဖဂန်နစ္စတန်ပြည်သူတွေနဲ့ နိုင်ငံခြားသားတွေက အာဖဂန်နစ္စတန်နိုင်ငံကနေ  စွန့်ခွာသွားဖို့ နည်းလမ်းမျိုးစုံကြိုးပမ်းနေကြပါတယ်။ 


အာဖဂန်နစ္စတန်မြို့တော်   ကဘူးလ်လေဆိပ် မှာ  အာဖဂန်နစ္စတန်ပြည်သူတွေ  နေရပ်စွန့်ခွာဖို့ အရေး မိသားစုဝင်တွေကို လက်ကဆွဲပြီး အမေရိကန်  လေယာဉ်တွေပေါ် လိုက်ပါစီးနင်းနိုင်ဖို့ အလုအယက်  ပြေးလွှားနေတဲ့မြင်ကွင်းကို    မြင်လိုက်ရတော့  ရင်ထဲမှာ  အတော်လေးတုန်လှုပ်သွားမိပါတယ်။ 
အာဖဂန်နစ္စတန်နိုင်ငံရဲ့  သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင်    ၁၉၇၈ ခုနှစ်ကစပြီးတော့ the Saur တော်လှန်ရေးစတင်ခဲ့တယ်။ ၁၉၇၉ ခုနှစ် မှာ ဆိုဗီယက်ပြည်ထောင်စုနဲ့  အာဖဂန်နစ္စတန် တပ်ဖွဲ့တို့အကြား ၁၀ နှစ်ကြာ စစ်ပွဲဖြစ်ပွားခဲ့ပါ တယ်။ စစ်အေးကာလ ၁၉၈၉ ခုနှစ်မှာ ဆိုဗီယက် အစိုးရက  အာဏာရပါတီဖြစ်တဲ့  အာဖဂန်နစ္စတန် ပြည်သူ့ဒီမိုကရက်တစ်ပါတီအစိုးရအဖွဲ့ကို  ကျော ထောက်နောက်ခံပြုခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အာဖဂန်မူဂျာဟီဒင်လို့      လူသိများတဲ့    အစိုးရ ဆန့်ကျင်အဖွဲ့   ပေါ်ပေါက်လာပြီးတော့    အစိုးရ ဆန့်ကျင်လှုပ်ရှားမှုတွေ   စတင်ခဲ့ပါတယ်။   ဂျာမနီ ဒီမိုကရက်တစ်သမ္မတနိုင်ငံက ထောက်ပံ့ပေးတဲ့     အာဖဂန်အစိုးရတပ်ဖွဲ့ဟာ    ဆိုဗီယက်အစိုးရအဖွဲ့နဲ့ ပူးပေါင်းပြီး အာဖဂန်မူဂျာဟီဒင်တွေကို တိုက်ခိုက် ချေမှုန်းခဲ့ပါတယ်။      အာဖဂန်မူဂျာဟီဒင်တွေကို အမေရိကန်၊ ဗြိတိန်၊ ပါကစ္စတန်၊  ဆော်ဒီအာရေဗျ၊  အီဂျစ်၊     တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊     ဂျာမနီ နိုင်ငံတို့က  ထောက်ပံ့မှုတွေ   ပေးခဲ့ပါတယ်။  ၁၉၈၉ ခုနှစ်မှာတော့  ဆိုဗီယက်ပြည်ထောင်စုက   အာဖဂန် နစ္စတန်နိုင်ငံကနေ     အပြီးတိုင်ဆုတ်ခွာသွားခဲ့ ပါတယ်။ 


အဲဒီနောက်မှာ ၁၉၉၂ ခုနှစ်ကနေ ၁၉၉၆ ခုနှစ် အတွင်း  အာဖဂန်မူဂျာဟီဒင်ဂိုဏ်း  ပြိုကွဲခဲ့ရာ  ပါကစ္စတန်၊  အီရန်၊  ဆော်ဒီအာရေဗျစတဲ့  နိုင်ငံ တွေက  ခွဲထွက်သွားတဲ့  ဂိုဏ်းကွဲတွေကို  ထောက်ပံ့ မှုတွေ ပေးခဲ့ပါတယ်။ ဒီလိုနဲ့ ဂိုဏ်းကွဲအချင်းချင်း စစ်ဆင်ရေးတွေ အပြိုင်အဆိုင်ဆင်နွှဲခဲ့ကြပါတယ်။  ၁၉၉၆ ခုနှစ်မှာတော့ တာလီဘန်အဖွဲ့ပေါ်ပေါက်လာ ပါတယ်။ တာလီဘန်အဖွဲ့မှာ အာရပ်နိုင်ငံတွေကနေ အယ်လ်ခိုင်ဒါအဖွဲ့ဝင်  ထောင်ပေါင်းများစွာပါဝင် ပြီးတော့   တာလီဘန်အဖွဲ့ကို  ပါကစ္စတန်နိုင်ငံက ထောက်ပံ့ပေးပါတယ်။      တာလီဘန်အဖွဲ့က  မြို့တော်ကဘူးလ်ကို  သိမ်းပိုက်လိုက်တဲ့အခါမှာ  ပြည်တွင်းစစ်ကြီး  ပြီးဆုံးသွားခဲ့ပါတယ်။ 
၁၉၉၆ ခုနှစ်ကနေ     ၂၀၀၁ ခုနှစ်အတွင်းမှာ တာလီဘန်အဖွဲ့ဆန့်ကျင်တဲ့             မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ ပေါ်ပေါက်လာပါတယ်။   ဒီကာလ မှာ တာလီဘန်တွေက နိုင်ငံရဲ့ ဒေသအားလုံးနီးပါးကို ထိန်းချုပ်ထားပါတယ်။  ၂၀၀၁ ခုနှစ်  စက်တင်ဘာ ၉ ရက်မှာ အယ်လ်ခိုင်ဒါအဖွဲ့က မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ခေါင်းဆောင်ကို လုပ်ကြံခဲ့ပါတယ်။ 


၂၀၀၁ ခုနှစ် အောက်တိုဘာ ၇ ရက်မှာ အာဖဂန် နစ္စတန်နိုင်ငံကို   အမေရိကန်တပ်ဖွဲ့တွေ   စတင် ဝင်ရောက်လာခဲ့ပါတယ်။  ရည်ရွယ်ချက်ကတော့ စက်တင်ဘာ ၁၁ ရက်မှာ        အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာရှိတဲ့    ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ      အကြမ်းဖက်တိုက်ခိုက်မှုကို လက်စားပြန်ချေဖို့ ဖြစ်ပါတယ်။ ဒါကြောင့် အာဖဂန် နစ္စတန်အစိုးရထောက်ခံတဲ့         တပ်ဖွဲ့ဝင်တွေကို    အမေရိကန်နဲ့   နေတိုးတပ်ဖွဲ့ဝင်တွေက    ထောက်ပံ့ ပေးပြီးတော့   အစိုးရဆန့်ကျင်   တာလီဘန်အဖွဲ့၊   အယ်လ်ခိုင်ဒါ၊ ဟာကာနီကွန်ရက်၊ ဟက်အီးအစ္စလာမ် ဂါဘူဒင်နဲ့        အိုင်အက်စ်စစ်သွေးကြွအဖွဲ့တွေကို သုတ်သင်ချေမှုန်းခဲ့ပါတယ်။ 
ဒီလိုနဲ့  အမေရိကန်၊  နေတိုးတပ်ဖွဲ့၊  အာဖဂန် နစ္စတန်အစိုးရတပ်ဖွဲ့နဲ့  တာလီဘန်အဖွဲ့တို့အကြား နှစ်ပေါင်း ၂၀ နီးပါး စစ်ပွဲတွေ အပြင်းအထန် ဖြစ်ပွား ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာတော့ အမေရိကန် တပ်ဖွဲ့ဝင်တွေဟာ     အာဖဂန်နစ္စတန်နိုင်ငံကနေ ဆုတ်ခွာခဲ့ပါတယ်။       ဒီလိုအမေရိကန်တပ်တွေ ဆုတ်ခွာပြီး ရက်အနည်းငယ်အကြာမှာပဲ တာလီဘန် အဖွဲ့က မြို့တော်ကဘူးလ်ကို  သိမ်းပိုက်နိုင်ခဲ့တယ်။  အာဖဂန်နစ္စတန်နိုင်ငံဟာလည်း     တာလီဘန် လက်အောက် ကျဆင်းခဲ့ရပါတယ်။ 


ဒီလိုမြန်မြန်ဆန်ဆန်နဲ့ တာလီဘန်တွေသိမ်းပိုက်နိုင်မယ်လို့  ထင်မြင်မထားဘူး။  အမေရိကန် တပ်ဖွဲ့တွေ ဆုတ်ခွာပြီး ရက် ၉၀ လောက်မှသာ သိမ်းပိုက်နိုင်မယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ထင်မြင်ခဲ့ကြပါတယ်။ တကယ်တော့ အမေရိကန်တပ် တွေ  ဆုတ်ခွာပြီး  ရက်အနည်းငယ်အတွင်းမှာပဲ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 
စုံစမ်းထောက်လှမ်းမှုအားနည်း


အာဖဂန်နစ္စတန်နိုင်ငံ တာလီဘန်လက်အောက် ဘာကြောင့်  ဒီလောက်မြန်မြန်  ကျဆင်းသွားသလဲ ဆိုရင် အမေရိကန်ရဲ့ စုံစမ်းထောက်လှမ်းမှု အားနည်း တာက အကြောင်းတစ်ရပ်အနေနဲ့ ပါဝင်တယ်လို့ ဒီမိုကရေစီကာကွယ်မှု  ဖောင်ဒေးရှင်း  အကြီးတန်း အရာရှိ ဘေရိုဂျီရိုက ဆိုပါတယ်။ ၁၉၆၈ ခုနှစ် ဗီယက်နမ် စစ်ပွဲမှာလည်း အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေကို လျှပ်တစ်ပြက် ထိုးစစ်ဆင်နိုင်ခဲ့တာလည်း အမေရိကန်ရဲ့  စုံစမ်းထောက်လှမ်းမှုအားနည်းလို့ ဖြစ်တယ်ဆိုပြီး  ဘေရိုဂျီရိုက ဆိုပါတယ်။ တာလီဘန် တွေက  မေလကတည်းက  လက်နက်အင်အား အပြည့်နဲ့ စစ်ဆင်ရေးဆင်နွှဲဖို့ ပြင်ဆင်နေခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်တာဝန်ရှိသူတွေက အမေရိကန် တပ်ဖွဲ့တွေကို  အာဖဂန်နစ္စတန်ကနေ  ဆုတ်ခွာဖို့ စီစဉ်နေပါတယ်။     အာဖဂန်နစ္စတန်အစိုးရအဖွဲ့နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက အာဖဂန်နစ္စတန်နိုင်ငံကို ခြောက်လကနေ    တစ်နှစ်လောက်အထိ    တာလီဘန် လက်အောက် မကျရောက်ဖို့ ခုခံကာကွယ်ထားသင့် တယ်လို့ ထင်မြင်ခဲ့ပါတယ်။ 


ဆိုးရွားသော ဆုတ်နစ်မှု 


အာဖဂန်နစ္စတန်တပ်ဖွဲ့တွေက နှစ် ၂၀ နီးပါး အမေရိကန်တွေရဲ့           လေကြောင်းအင်အား၊ ထောက်လှမ်းရေးသတင်းအချက်အလက်၊ ထောက်ပံ့ ပို့ဆောင်ရေး၊ အစီအစဉ်ရေးဆွဲခြင်း  စတဲ့ကိစ္စရပ် တွေပေါ်မှာ မှီခိုနေခဲ့ရပါတယ်။ အမေရိကန်အစိုးရက အာဖဂန်နစ္စတန်တပ်ဖွဲ့ဝင်တွေကို       အမေရိကန် ဒေါ်လာ နှစ်ထရီလီယံ  ကုန်ကျခံပြီးတော့  စစ်ရေး လေ့ကျင့်မှုတွေနဲ့ လက်နက်အင်အားတွေ  ဖြည့်တင်း ပေးခဲ့ပါတယ်။ ဒီလိုအစစအရာရာ ထောက်ပံ့ပေးတဲ့ အတွက်         အာဖဂန်နစ္စတန်တပ်ဖွဲ့ဝင်တွေဟာ     ယုံကြည်မှု    ပျောက်ဆုံးခဲ့ရပါတယ်။     စစ်ဆင်ရေး စွမ်းပကားဟာ   တဖြည်းဖြည်း    ဆုတ်နစ်မှုတွေ    ရှိလာပါတယ်။   စစ်ဆင်ရေးတွေမှာ   အမေရိကန် တပ်ဖွဲ့ဝင် ၆၀၀၀ ကျော်နဲ့   အာဖဂန်တပ်ဖွဲ့ဝင် တစ်သိန်းကျော် သေဆုံးခဲ့ပါတယ်။


ဒါကြောင့် ၂၀၂၀ ပြည့်နှစ်   ဖေဖော်ဝါရီလမှာ သမ္မတဟောင်း  ဒေါ်နယ်ထရမ့်နဲ့ တာလီဘန်အဖွဲ့တို့ အကြား စစ်ပွဲပြီးဆုံးကြောင်း  သဘောတူလက်မှတ်  ရေးထိုးခဲ့ပါတယ်။ ဒီသဘောတူချက်ဟာ  အာဖဂန် နစ္စတန်ကနေ   အမေရိကန်တပ်ဖွဲ့တွေ    ဆုတ်ခွာသွား ပြီးနောက်မှာ     အာဖဂန်နစ္စတန်အစိုးရတပ်ဖွဲ့ကို တာလီဘန်လက်အောက်   ကျရောက်သွားစေတဲ့ သဘော  ဖြစ်တယ်လို့  အာဖဂန်နစ္စတန်အထူးတပ်ဖွဲ့မှ   တာဝန်ရှိသူတစ်ဦးက  ဝါရှင်တန်ပို့စ်သတင်းစာကို ပြောခဲ့ပါတယ်။ အာဖဂန်နစ္စတန်သမ္မတ ဂါနီကလည်း သမ္မတ ဂျိုးဘိုင်ဒင်က  အမေရိကန်တပ်ဖွဲ့တွေ  တပ် ဆုတ်ခွာမယ့်အရေး  ရက်ရွှေ့ဆိုင်းမယ်လို့  ယူဆနိုင် ဖွယ်ရှိပါတယ်။ ဒါပေမယ့် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်မတိုင်မီ တပ်ဆုတ်ခွာဖို့ကို သမ္မတ ဂျိုးဘိုင်ဒင် က ဧပြီလမှာ ကြေညာခဲ့ပါတယ်။ အမေရိကန်တပ်ဖွဲ့ ဝင်တွေအပါအဝင်   လေကြောင်းတိုက်ခိုက်ရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေးတွေမှာ      အာဖဂန်နစ္စတန် အစိုးရတပ်ဖွဲ့က အဓိကမှီခိုအားထားရတဲ့ မဟာ မိတ်တပ်ဖွဲ့ဝင်တွေပါ တပ်ဆုတ်ခွာသွားခဲ့ပါတယ်။      နိုင်ငံတစ်ဝန်းမှာ တပ်ဖြန့်ထားတဲ့ တပ်ဖွဲ့ဝင်တွေဆီကို စားနပ်ရိက္ခာ၊  လက်နက်ခဲယမ်းစတဲ့  အထောက်အပံ့ တွေပေးဖို့   အာဖဂန်အစိုးရတပ်ဖွဲ့က   ပြီးခဲ့တဲ့လ အနည်းငယ်အတွင်းမှာ   တာဝန်ပျက်ကွက်ခဲ့ပါတယ်။ ဒါကြောင့် အာဖဂန်နစ္စတန်အစိုးရတပ်ဖွဲ့ဝင်အချို့ က   တာလီဘန်အဖွဲ့တွေနဲ့    ထိပ်တိုက်ရင်ဆိုင်စစ်ဆင်ရေးဆင်နွှဲမှုတွေကို   ရှောင်ကွင်းခဲ့တာတွေ၊    အညံ့ခံခဲ့တာတွေ ပြုလုပ်ခဲ့ကြပါတယ်။ 


ဒါ့အပြင်           တာလီဘန်အဖွဲ့ကလည်း လေယာဉ်မှူးတွေလို အစိုးရတပ်ဖွဲ့ရဲ့ အဓိကကျသူ တွေကို    လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။   သူတို့ရဲ့ မိသားစုဝင်တွေကို ဖမ်းဆီးပြီး ခြိမ်းခြောက်မှုတွေ လည်း လုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့် တပ်ဖွဲ့ဝင် တွေဟာ အညံ့ခံအရှုံးပေးတဲ့  လမ်းကြောင်းကို ရွေးချယ်ခဲ့တဲ့အတွက်   တာလီဘန်တွေဟာ   ဒီလို မြန်မြန်ဆန်ဆန် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ 


တာလီဘန်တွေ စစ်ရေးမှာကျွမ်းကျင်လာ 
တာလီဘန်တွေ     အာဖဂန်နစ္စတန်နိုင်ငံကို လွယ်လွယ်နဲ့   သိမ်းပိုက်နိုင်တာ   အမေရိကန် တပ်ဖွဲ့ဝင်တွေ  တပ်ဆုတ်ခွာသွားတာကို  အဓိက အကြောင်းအရင်းတစ်ရပ်လို့ မှတ်ယူလို့ မရပါဘူး။ တာလီဘန်တွေက တိုက်ခိုက်ရေးနဲ့ လက်နက် အင်အားကို ၁၉၉၆ ခုနှစ်နောက်ပိုင်းမှာကတည်းက ဖြည့်တင်းလာခဲ့တာဖြစ်တယ်လို့ the Scowcroft Middle East Security Initiative ဒါရိုက်တာ ကာစတင် ဖိုတန်ရို့စ်က ပြောခဲ့ပါတယ်။  မြို့တော် ကဘူးလ်ကို  သိမ်းပိုက်တဲ့နေ့မှာ တာလီဘန်တွေက မြို့တော်ကို ဝိုင်းလိုက်တယ်။ အစိုးရအဖွဲ့လိုအပ်တဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေကို ဖြတ်တောက် ခဲ့တယ်။  လူမှုကွန်ရက်ကို ထိရောက်စွာအသုံးချ နိုင်ခဲ့တယ်။  ဒေသခံပြည်သူတွေကို    အသက် အန္တရာယ်ပြုမယ့်အကြောင်း ဒေသခံအစိုးရတပ်ဖွဲ့ ခေါင်းဆောင်တွေဆီကို       ခြိမ်းခြောက်စာတွေ   ဖုန်းကနေတစ်ဆင့်    မက်ဆေ့ပို့တယ်။    ဒီလို နည်းဗျူဟာတွေကို       ကျင့်သုံးခဲ့တယ်လို့ ဒါရိုက်တာ ကာစတင် ဖိုတန်ရို့စ်က ပြောပါတယ်။ 


အာဖဂန်နစ္စတန်အစိုးရတပ်ဖွဲ့နဲ့
အကျင့်ပျက်ခြစားမှု 


အာဖဂန်နစ္စတန်အစိုးရတပ်ဖွဲ့မှာ အကျင့်ပျက် ခြစားတဲ့ တပ်ဖွဲ့ဝင်တွေလည်း ပါဝင်လို့နေပါတယ်။ ဒီလိုအကျင့်ပျက်တပ်ဖွဲ့ဝင်တွေ         ရှိနေတဲ့အတွက် တာလီဘန်အဖွဲ့ရဲ့အုပ်ချုပ်မှုဟာ       ဆက်လက် သက်တမ်းရှည်နေမှာဖြစ်ပါတယ်။     အကျင့်ပျက် တပ်ဖွဲ့ဝင်တွေကို  အစိုးရတပ်ဖွဲ့က  ထိထိရောက် ရောက် အမိန့်ပေးညွှန်ကြားဖို့ မလွယ်ကူပါ။ ဒီလို ဘာကြောင့် အကျင့်ပျက်တပ်ဖွဲ့ဝင်တွေ  ရှိရသလဲ ဆိုရင်  အာဖဂန်နစ္စတန်အစိုးရအဖွဲ့က  တပ်ဖွဲ့ဝင် တွေကို  လစာ၊  ထောက်ပံ့မှုနဲ့  လျော်ကြေးငွေ ပေးချေမှု အနည်းငယ်သာ ပေးနိုင်လို့ပဲဖြစ်ပါတယ်။ အချို့တပ်ဖွဲ့ဝင်တွေဆိုရင်    အချိန်အတော်ကြာ တိုက်ခိုက်ရေးဆင်နွှဲနေရပေမယ့်   ထိုက်တန်တဲ့ ထောက်ပံ့ပေးမှုတွေ   မရရှိခဲ့ပါဘူး။  ဒါကြောင့် သူတို့ရဲ့လက်နက်ခဲယမ်းတွေကို   တာလီဘန်တွေဆီ   ရောင်းစားတာတွေ ပြုလုပ်ခဲ့ကြပါတယ်။    ဒီလို အားနည်းချက်တွေရှိတာကြောင့်    တာလီဘန် တွေက   အာဖဂန်နစ္စတန်နိုင်ငံကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ 
လက်ရှိအချိန်    တာလီဘန်လက်အောက် မှာရှိတဲ့ အာဖဂန်ပြည်သူတွေရဲ့ခံစားချက်၊  ဘဝ နေထိုင်မှု  လုံခြုံမှုရှိ၊  မရှိ၊  အမျိုးသမီးတွေရဲ့ လွတ်လပ်ခွင့်စတဲ့ လူ့အခွင့်အရေးတွေကို  အာဖဂန် ပြည်သူတွေ     အပြည့်အဝရရှိနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။


 ကိုးကား-စီအင်န်ဘီစီနယူးစ်

 

m အောင်ကျော်ကျော်(ကြေးမုံ) m