အာရှဖလား အမျိုးသမီးခြေစစ်ပွဲ အုပ်စုပထမပွဲတွင် မြန်မာအသင်း လက်ဘနွန်ကို ဂိုးပြတ်အနိုင်ရ

 

 

ရန်ကုန်  အောက်တိုဘာ  ၁၈


၂၀၂၂  အာရှဖလား  အမျိုးသမီးခြေစစ်ပွဲ  အုပ်စု  (D) ပထမနေ့ပွဲစဉ်ကို  ယနေ့မွန်းလွဲ  ၁၂  နာရီခွဲက ကာဂျစ္စတန်နိုင်ငံ၌ ကျင်းပရာ မြန်မာ့လက်ရွေးစင်  အမျိုးသမီးအသင်းက     လက်ဘနွန်လက်ရွေးစင် အမျိုးသမီးအသင်းကို လေးဂိုးပြတ်အနိုင်ရခဲ့သည်။
မြန်မာအမျိုးသမီးအသင်းသည်    အုပ်စုအဖွင့် ပွဲတွင်    ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့သဖြင့်    ခြေစစ်ပွဲ အောင်မြင်ရန် အခွင့်အရေးပိုကောင်းသွားခဲ့သည်။  ခြေစွမ်းအရ    ကွာခြားမှုရှိသော်လည်း    မြန်မာ အမျိုးသမီးအသင်းအနေဖြင့် တစ်နှစ်ခွဲဝန်းကျင်  နိုင်ငံတကာပြိုင်ပွဲများနှင့်  အဆက်ပြတ်နေ၍  ပထမ ဆုံး ယှဉ်ပြိုင်ရသည့်ပွဲဖြစ်သောကြောင့် ရုန်းကန် ခဲ့ရပြီး  မိနစ်  ၆၀  နောက်ပိုင်းမှ  အနိုင်ဂိုးများ ဆက်တိုက်ရရှိကာ     ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ် သည်။
မြန်မာအမျိုးသမီးအသင်း၏ ပွဲထွက်လူစာရင်း တွင်  မေဇင်နွယ်  (ဂိုး)၊  အေးအေးမိုး၊  ချစ်ချစ်၊ ခင်မျိုးဝင်း၊ ဖြူဖြူဝင်း၊ သင်းသင်းယု၊ စန်းသော်သော်၊ ခင်မိုမိုထွန်း၊ ဝင်းသိင်္ဂီထွန်း၊ ခင်မာလာထွန်း၊ ခင်မိုးဝေ တို့ဖြင့် ပွဲထွက်ခဲ့သည်။ မြန်မာအမျိုးသမီးအသင်းသည် ပွဲစကတည်းက ဖိကစားနိုင်သော်လည်း ပထမပိုင်း တွင်  တစ်ဂိုးသာရခဲ့ပြီး  ၂၄  မိနစ်တွင်ရရှိသည့် ပယ်နယ်တီကို  ဝင်းသိင်္ဂီထွန်းက  သွင်းယူခဲ့ခြင်းဖြစ် သည်။ ဒုတိယပိုင်း ၅၉ မိနစ်တွင် မြန်မာအသင်းသည်  ကစားအား    အပြောင်းအလဲပြုလုပ်ရန်အတွက် လူစားလဲမှုနှစ်ဦး      တစ်ပြိုင်နက်ပြုလုပ်ခဲ့ကာ  သင်းသင်းယုနေရာတွင် နော်ထက်ထက်ဝေ၊ ခင်မိုးဝေ နေရာတွင် မြတ်နိုးခင်တို့ကို လဲလှယ်အသုံးပြုခဲ့သည်။ ယင်းနောက်ပိုင်းတွင်  မြန်မာအသင်း  ကစားအား ပိုကောင်းလာပြီး ၆၄ မိနစ်တွင် လူစားဝင်ကစားသမား မြတ်နိုးခင်က  ဒုတိယဂိုး  သွင်းယူခဲ့သည်။  မြန်မာ အသင်းအတွက်   နောက်ထပ်အနိုင်ဂိုးများကို   ၈၆ မိနစ်တွင်    စန်းသော်သော်နှင့်   ၉၀+၃   မိနစ်တွင် ဂျူလိုင်ကျော်တို့က သွင်းယူခဲ့သည်။
မြန်မာအသင်းသည် ယင်းခြေစစ်ပွဲတွင် အုပ်စု (D) ၌  ယူအေအီး၊  ဂူအမ်၊  လက်ဘနွန်တို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။ မြန်မာအသင်း သည် အုပ်စုဒုတိယပွဲအဖြစ် အောက်တိုဘာ ၂၁ ရက် တွင် ဂူအမ်အသင်းနှင့် ကစားရမည်ဖြစ်သည်။ 
သတင်း-ကိုညီလေး
ဓာတ်ပုံ-AFC