
ရန်ကုန် စက်တင်ဘာ ၂၇
အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲမှ မြန်မာအမျိုးသမီး အသင်းပါဝင်သည့် အုပ်စု (D) ကျင်းပမည့်ကွင်းကို အတည်ပြုသတ်မှတ်လိုက်ပြီဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် ယင်းအုပ်စုပွဲစဉ်ကို ကာဂျစ္စတန်နိုင်ငံ၌ကျင်းပရန် ဆုံးဖြတ် ခဲ့ပြီး ကာဂျစ္စတန်နိုင်ငံ ဘစ်ကက်ရှ်မြို့ရှိ ဒိုလန်အိုမူရာဇာကော့ဗ်ကွင်း၌ ပြုလုပ်သွားမည် ဖြစ်သည်။
ယင်းအုပ်စုပွဲစဉ်များကို ယခင်က လက်ဘနွန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရထားပြီး စက်တင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း အိမ်ရှင်နိုင်ငံအပြောင်းအလဲကြောင့် ကျင်းပမည့်ကာလပါ တစ်လဝန်းကျင် နောက်ဆုတ်သွား ခြင်းဖြစ်သည်။ လက်ဘနွန်နိုင်ငံက အိမ်ရှင်အဖြစ်မှ ပြန်လည်နုတ်ထွက်သွားသလို အခြားအသင်းများမှာလည်း အိမ်ရှင်အဖြစ်လက်ခံကျင်းပခြင်းမရှိသဖြင့် အာရှဘောလုံး အဖွဲ့ချုပ်သည် ကြားနိုင်ငံတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ခြေစစ်ပွဲ အုပ်စု (D) တွင် မြန်မာ၊ ယူအေအီး၊ လက်ဘနွန်၊ ဂူအမ်အသင်းတို့ ပါဝင်နေပြီး အောက်တိုဘာ ၁၈ ရက်မှ ၂၄ ရက်အထိ ပြုလုပ်သွား မည်ဖြစ်သည်။ မြန်မာအသင်းသည် ခြေစစ်ပွဲအဖြစ် အောက်တိုဘာ ၁၈ ရက်တွင် လက်ဘနွန်အသင်း၊ အောက်တိုဘာ ၂၁ ရက်တွင် ဂူအမ်အသင်း၊ အောက်တို ဘာ ၂၄ ရက်တွင် ယူအေအီးအသင်းတို့နှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ အာရှဖလား အမျိုးသမီးခြေစစ်ပွဲမှ အုပ်စုပွဲစဉ်အချို့ ကျင်းပပြီးစီးသွားပြီဖြစ်ပြီး ခြေစစ်ပွဲအောင် အသင်းလေးသင်း ထွက်ပေါ်ထားပြီးဖြစ်သည်။ အုပ်စု (E) မှ တောင်ကိုရီးယားအသင်း၊ အုပ်စု (F) မှ ဖိလစ်ပိုင်အသင်း၊ အုပ်စု (G) မှ အီရန်အသင်း၊ အုပ်စု (H) မှ ထိုင်းအသင်းတို့ ခြေစစ်ပွဲအောင်မြင်ထားကာ လေးနေရာသာ ထွက်ပေါ်ရန် ကျန်ရှိတော့သည်။ အုပ်စု (A)နှင့် (D) ပွဲစဉ်များကို အောက်တိုဘာလမှ ကျင်းပမည်ဖြစ်ပြီး အုပ်စု (B) နှင့် (C) မှာမူ ပြုလုပ်နေပြီဖြစ်သည်။
မြန်မာအမျိုးသမီးအသင်းသည် ယင်းခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပြီး ခြေစစ်ပွဲယှဉ်ပြိုင်ခါနီးမှသာ အပြီးသတ် လူစာရင်း ရွေးချယ်မည်ဖြစ်သည်။ ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဦးတင်မြင့်အောင်က ကိုင်တွယ်လျက်ရှိသည်။
ရဲရင့်လွင်