
ရန်ကုန် နိုဝင်ဘာ ၁
၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ အုပ်စု (I) နောက်ဆုံးနေ့ကို နိုဝင်ဘာ ၂ ရက် (ယနေ့) ဆက်လက် ကျင်းပမည်ဖြစ်ပြီး ခြေစစ်ပွဲ အောင်မြင်ရေး အဆုံးအဖြတ်ပွဲများ ပါဝင်လျက် ရှိသည်။
မြန်မာအသင်း ပါဝင်သော အုပ်စု (I) နောက်ဆုံးနေ့ပွဲအဖြစ် မြန်မာနှင့် ဗီယက်နမ် အသင်းတို့ ယနေ့ မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲတွင် ကာဂျစ္စတန်နိုင်ငံ၌ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ မြန်မာနှင့် ဗီယက်နမ် အသင်းတို့မှာ ခြေစစ်ပွဲအောင်မြင်ရေးအတွက် မဖြစ်မနေအနိုင်ကစားရမည်ဖြစ်ပြီး အရေးနိမ့် သည့်အသင်းမှာမူ အကောင်းဆုံးအုပ်စု ဒုတိယ နေရာရ ထိပ်ဆုံးလေးသင်း စာရင်းပါရန်သာ မျှော်လင့်ရမည်ဖြစ်သည်။ အုပ်စု (I) တွင် သုံးသင်းသာပါဝင်ပြီး နိုင်ပွဲကိုယ်စီရထားသည့် မြန်မာနှင့် ဗီယက်နမ်အသင်းတို့ အပြိုင်ဖြစ်နေ ခြင်းဖြစ်သည်။ ယင်းနှစ်သင်းစလုံးသည် တရုတ် (တိုင်ပေ) ကို တစ်ဂိုး-ဂိုးမရှိဖြင့်သာ အနိုင်ရထားရာ ရမှတ်၊ ဂိုးကွာခြားချက်၊ သွင်းဂိုး၊ ပေးဂိုးအားလုံး တူညီလျက်ရှိသည်။ ယခုပွဲတွင် အနိုင်ရသည့်အသင်းမှာ အုပ်စု ပထမရပြီး ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သော် လည်း သရေကျပါက အုပ်စုပထမနေရာအတွက် ပယ်နယ်တီ အဆုံးအဖြတ် ကန်သွင်းရမည် ဖြစ်သည်။ မြန်မာအသင်းအနေဖြင့် အနိမ့်ဆုံး သရေကစားနိုင်လျှင်ပင် ခြေစစ်ပွဲအောင်မြင်ရန် သေချာသလောက်ရှိနေသည်။ လက်ရှိ အကောင်း ဆုံး ဒုတိယနေရာရအသင်းများတွင် ထိုင်း အသင်းနှင့် တာ့ခ်မင်နစ္စတန်အသင်းတို့က ခြေစစ်ပွဲအောင်မြင်ရန် သေချာသလောက် ရှိနေပြီး မြန်မာအသင်းမှာ အဆင့် ၃ နေရာတွင် ရပ်တည်လျက်ရှိသည်။
ခြေစစ်ပွဲကျင်းပနေသည့် ပုံစံအရ အုပ်စု ၁၁ ခုမှ ထိပ်ဆုံး ၁၁ သင်းနှင့် ဒုတိယနေရာရ အသင်းများအနက် အကောင်းဆုံးလေးသင်း စုစုပေါင်း ၁၅ သင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ် သည်။ အောက်တိုဘာ ၃၁ ရက်ပွဲစဉ်များအပြီးထိ ကာတာ၊ အီရန်၊ အီရတ်၊ ကူဝိတ်၊ ယူအေအီး၊ ဂျော်ဒန်၊ သြစတြေးလျ၊ တောင်ကိုရီးယား၊ မလေးရှားနှင့် ဂျပန်အသင်းတို့ ခြေစစ်ပွဲ အောင်မြင်ထားသည်။ အုပ်စု (I) မှ ပထမ နေရာရတစ်သင်း ထပ်မံထွက်ပေါ်ရန် ကျန်ရှိ နေပြီး အကောင်းဆုံးအုပ်စု ဒုတိယနေရာရ လေးသင်းမှာလည်း နိုဝင်ဘာ ၂ ရက်ပြီးဆုံး မှသာ အတည်ပြုနိုင်မည်ဖြစ်သည်။
ရဲရင့်လွင်