
ရန်ကုန် ဩဂုတ် ၂
၂၀၂၂ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု (ဂ) ပထမနေ့ကို သြဂုတ် ၂ ရက်က အင်ဒိုနီးရှားနိုင်ငံ ယိုဂျကာတာမြို့၌ ကျင်းပရာ မြန်မာအသင်းက အာရှထိပ်သီး သြစတြေးလျအသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
နည်းပြဦးအောင်ဇော်မျိုး ကိုင်တွယ်နေသည့် မြန်မာ ယူ-၁၆ အသင်းသည် အဖွင့် ပွဲတွင် မထင်မှတ်သည့် စွမ်းဆောင်ရည်ကောင်းပြသခဲ့ပြီး အာရှအင်အားကြီး သြစတြေးလျအသင်းကို အနိုင်ယူခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲဖြစ်သော် လည်း အမှားနည်းအောင် ကစားနိုင်ခဲ့ပြီး ရရှိသည့်အခွင့်အရေးများ အသုံးချနိုင်ခဲ့သဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းသည် ဆလိုင်းအံ့ဘွယ်မောင် (ဂိုး)၊ သူရဇော်၊ ဟန်ထွန်းဇော်၊ ရှိုင်းဝဏ္ဏအောင်၊ မြတ်ဘုန်းခန့်၊ ခွန်းချိုထူး၊ ထူးဝေယံ၊ စောမျိုးဇော်၊ လင်းထက်ဦး၊ ကောင်းထက်၊ ဘရန်းဒွန်းလီတို့ဖြင့် ပွဲထွက် ခဲ့သည်။ ပွဲစကတည်းက မြန်မာအသင်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ၃ မိနစ်တွင် စောမျိုးဇော်၊ ၂၃ မိနစ်တွင် ရှိုင်းဝဏ္ဏအောင်တို့က ဦးဆောင် ဂိုးများသွင်းယူခဲ့သည်။ သြစတြေးလျအသင်းအတွက် ၃၉ မိနစ်တွင် လူကာ၊ ၄၄ မိနစ်တွင် မီဂွယ်တို့က ချေပဂိုးများသွင်းယူခဲ့သဖြင့် ပထမ ပိုင်းတွင် နှစ်ဂိုးစီသရေကျနေသည်။ မြန်မာအသင်းသည် ဒုတိယပိုင်း တွင်လည်း အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့ပြီး အနိုင်ဂိုးကို ၇၃ မိနစ်တွင် ပြည့်စုံအောင်က သွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် မြန်မာအသင်းက အနိုင်ရလဒ်ကို ထိန်းကစားသွားပြီး အနိုင်သုံးမှတ် ရယူနိုင်ခဲ့သည်။
အုပ်စု (ဂ) တွင် သြစတြေးလျ၊ မလေးရှား၊ မြန်မာနှင့် ကမ္ဘောဒီးယား အသင်းတို့ပါဝင်နေပြီး မြန်မာအသင်းသည် အုပ်စုဒုတိယပွဲအဖြစ် သြဂုတ် ၅ ရက်တွင် မလေးရှားအသင်းနှင့် ကစားရမည်ဖြစ်သည်။
ရဲရင့်လွင်