ဒီမိုကရေစီနိုင်ငံတစ်ခု၏ နိုင်ငံသားပီသစေရေးတွင် အရေးကြီးဆုံး အဖြစ် ပြည့်စုံစေအပ်သည့် အင်္ဂါရပ်မှာ အသိဉာဏ်ဖြစ်သည်ဟု ဒီမို ကရေစီနီတိတို့ကဆိုသည်။ နိုင်ငံသားတိုင်း အသိဉာဏ်နှင့် ပြည့်စုံ စေရန်အတွက် အခြေခံပညာနှင့် အတွေ့အကြုံ၊ ဗဟုသုတတို့ လိုအပ် သည်။ သို့မှသာ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးအတွက် ကျရာတာဝန်ကို ဝင်ရောက်ထမ်းဆောင်နိုင်မည်။ ကောင်းကျိုး၊ ဆိုးပြစ်တို့ကို ဝေဖန် ပိုင်းခြားနိုင်ကြမည်ဖြစ်သည်။ ထို့အပြင် ပြည်သူ့ကိုယ်စားလှယ် များကို ရွေးချယ်ရာတွင်လည်း အပြောသမားတို့၏ လေလျဉ်ကြော တွင် မျောကာ ရွေးချယ်မှုမှားယွင်းခြင်းမျိုးကို ရှောင်ရှားနိုင်ပြီး ပြည်သူ့အကျိုးကို မှန်မှန်ကန်ကန်သယ်ပိုးနိုင်မည့် ကိုယ်စားလှယ် မျိုးကို သေချာစွာ စိစစ်ရွေးချယ်နိုင်ကြမည်ဖြစ်သည်။
ဒီမိုကရေစီစနစ်တွင် အုပ်ချုပ်ရေးက လွတ်လပ်ခြင်း၊ သာတူညီမျှ ခြင်း၊ တရားမျှတခြင်းတို့ကို အာမခံချက်ပေးထားပြီး နိုင်ငံ့ရေးရာ ကိစ္စများတွင် ပြည်သူများပါဝင်မှု၊ ပြည်သူတို့၏ လိုအင်ဆန္ဒများနှင့် ပြည်သူ့ဘဝ လုံခြုံမှုတို့ကိုလည်း အသိအမှတ်ပြု ဖြည့်ဆည်းပေးကြ သည်။ သို့ရာတွင် လူထုက မိမိတို့၏ ကိုယ်စားလှယ်အဖြစ် ရွေးချယ် ခန့်အပ်လိုက်သူသည် လူထုကို အမှန်တကယ် ကိုယ်စားမပြုသူ၊ ကိုယ်စားပြုနိုင်စွမ်းမရှိသူများ၊ လူအများ သဘောကျအောင် နှုတ်ကသာ ပြောကြားတတ်ကြပြီး အများကောင်းကျိုးအတွက် လက်တွေ့မဆောင်ရွက်နိုင်သူများလည်း ရှိတတ်ကြသည်။ အထူး သဖြင့် တစ်ချိန်က အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခဲ့သည့် နိုင်ငံများတွင် ၂၀ ရာစု နှောင်းပိုင်းကာလ ဒီမိုကရေစီစနစ်ဆီသို့ တော်လှန်ပြောင်းလဲ ခဲ့ကြပြီးနောက် ရှေ့ဆက်ဖြစ်ပေါ်လာသည့် ဖြစ်စဉ်များတွင်မူ တုံ့ဆိုင်း ရပ်တန့်မှုနှင့် နောက်ပြန်လန်ကျမှုတို့ပင် ဖြစ်ပေါ်ခဲ့ကြရာ လက်သည် များတွင် နိုင်ငံရေးသမားများ ပါဝင်ခဲ့ပြီး ပြည်သူလူထုသည်လည်း ဒီမိုကရေစီစနစ် အပြောင်းအလဲနှင့် လိုက်လျောညီထွေအောင် အဆင်သင့်ဖြစ်မနေခြင်းကလည်း အကြောင်းတစ်ရပ်ဖြစ်သည်။
ဒီမိုကရေစီစနစ်ကျင့်သုံးနေသည့် နိုင်ငံများတွင်ပင် လူလည်လူနပ် နိုင်ငံရေးသမားတို့က ပြည်သူလူထုကို ဖုံးကွယ်လှည့်စားကာ ဒီမိုကရေစီစနစ်ကို အောက်ခြေမှ လှိုက်စားကြသည်။ အပေါ်ယံတွင် ဒီမိုကရေစီသည် ဟန်ပြအဖြစ် ရှိနေသည်။ တည်ရှိနေဆဲအစိုးရသည် တရားမျှတသော ရွေးကောက်ပွဲမှ တက်လာသော အစိုးရဖြစ်ပြီး ဒီမိုကရေစီ၏ အမှတ်လက္ခဏာများမှာလည်း ပုံမပျက်ဆက်လက် တည်ရှိနေသည်။ လွတ်လပ်သော သတင်းစာများ ထုတ်ဝေနေကြသော် လည်း အစိုးရက တစ်နည်းနည်းဖြင့် ထိန်းချုပ်ထားသည်။ အစိုးရကို ဝေဖန်မှု အထိုက်အလျောက်ရှိနေသော်လည်း ပုံရိပ်ကို ထိခိုက်စေ လောက်သည့် ရေးသားဝေဖန်မှုများတွင်မူ အမာနည်း၊ အပျော့နည်း စသည့် အနည်းနည်းတို့ဖြင့် နှုတ်ဆိတ်သွားစေသည်။ တစ်ဖက်တွင် လည်း ၎င်းတို့ကို ထောက်ခံသူများနှင့် ပြည်သူလူထုကို ၎င်းတို့သည် ဒီမိုကရေစီရှင်သန်ရေးအတွက် ဆောင်ရွက်နေသူများ၊ ၎င်းတို့၏ ဆောင်ရွက်မှုများက တရားဝင်သည့်၊ တရားမျှတသည့် ကြိုးပမ်းမှု များအဖြစ် လူထုကို ရှုမြင်လက်ခံစေအောင် လှည့်ဖြားကြသည်။ ၎င်းတို့၏ လှည့်ဖြားမှုကို ပြည်သူလူထုသည် မသိ၊ နားမလည်၊ ရိပ်စားမိခြင်းလည်းမရှိ။ သို့ရာတွင် ဒီမိုကရေစီစနစ်မှာမူ သိမ်မွေ့စွာ ပျက်စီးနေခဲ့ပြီဖြစ်သည်။
ဒီမိုကရေစီစနစ်များ ပျက်စီးမှု၊ ကျဆုံးမှုတို့တွင် ဗိုလ်ချုပ်ကြီး များနှင့် စစ်ဘက် လက်နက်ကိုင်တပ်ဖွဲ့တို့မှာ ဗီလိန်များဖြစ်လေ့ ရှိကြသော်လည်း တရားမျှတသော ရွေးကောက်ပွဲများမှ ပြည်သူ တို့က တင်မြှောက်လိုက်သည့် အစိုးရများသည်လည်း လွန်စွာ အန္တရာယ်များကြောင်း အမေရိကန်ပြည်ထောင်စု ဟားဗတ်တက္ကသိုလ် မှ နိုင်ငံရေးသိပ္ပံပါမောက္ခ နှစ်ဦးက ၂၀၁၈ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် How Democracies Die စာအုပ်တွင် လေ့လာဖော်ထုတ်ရေးသား ခဲ့ကြသည်။ မဝေးလှသေးသော အတိတ်သမိုင်းဆီမှ ကမ္ဘာ့နိုင်ငံ အချို့၏ အတွေ့အကြုံများက မိမိတို့အဖို့လည်း သင်ခန်းစာများပင် ဖြစ်သည်။ အစွဲကင်းကင်း၊ အသိဉာဏ်ပွင့်လင်းစွာဖြင့် နိုင်ငံနှင့် ပြည်သူအကျိုးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ကြဉ်းနိုင်သည့် နိုင်ငံသားတို့ ဖြစ်နိုင်ကြပါစေကြောင်း။ ။