အဆင်သင့်ရဲ့ဟိုမှာဘက်

Type

 

သိုက်စိုးထွန်း(နတ်ရွာ)

 

ထမင်းလေးစားရဖို့ လယ်ထွန်ရတယ်၊ ပျိုးထောင်ရတယ်၊ ပျိုးနုတ်ရတယ်၊ ကောက်စိုက်ရတယ်၊ ပေါင်းသင်ရတယ်၊ ရေသွင်းရတယ်၊ မြေဆီ ကျွေးရတယ်၊ စာခြောက်ရတယ်၊ စပါးရိတ်ရတယ်၊ စပါးပုတ်ရတယ်၊ ဆန်ဖွပ်ရတယ်၊ ထမင်းချက်ရတယ်။ အဆင့်တွေအများကြီး။ အဝတ်လေး တစ်ထည်ရဖို့ ယာထွန်ရတယ်၊ ဝါစိုက်ရတယ်၊ သားခွဲရတယ်၊ ပေါင်းသင်ရတယ်၊ ဝါကောက်ရတယ်၊ အစေ့ထုတ်ရတယ်၊ ဗိုင်းငင်ရတယ်၊ ချည်စာချရတယ်၊ ဆေးဆိုးရတယ်၊ ရက်ကန်းရက်ရတယ်၊ ချုပ်ရတယ်။ အဆင့်တွေကအများကြီး။ နေစရာအိမ်ကလေးတစ်လုံးရဖို့ သစ်ခုတ်ရ တယ်၊ ဝါးခုတ်ရတယ်၊ သက်ငယ်ပျစ်ရတယ်၊ ထန်းရွက်ချိုင်ရတယ်၊ အရပ်ကူပါ လူဝိုင်းပါ ခေါ်ရတယ်၊ တိုင်းရထွာရတယ်၊ တူးရတယ်၊  ထူရ တယ်၊ မတ်ရတယ်၊ မိုးရတယ်၊ ကာရတယ်၊ ချည်ရတယ်၊ တုပ်ရတယ်။ အဆင့်တွေအများကြီး။

 


အရာရာအဆင်သင့်

စားစရာလား၊ အသင့်စားအစားအစာတွေ အများကြီး။  ဝတ်စရာ လား၊ အသင့်ချုပ်ပြီး။ နေစရာလား၊  ငွေသာရှိရင် အသင့်ဆောက်ပြီး။ ကိုယ့်အသုံးအဆောင်တစ်ခုခု၊    ကိုယ့်အစားအစာတစ်ခုခုအတွက် ကိုယ်ကိုယ်တိုင် ဖန်တီးပြုလုပ်နေရတာကို ဒီဘက်ခေတ်က သိပ်စိတ် မရှည်ကြတော့ဘူး။ ဘယ်နေရာမှာ အဆင်သင့်ရနိုင်မလဲ၊ ဒါကိုပဲ စဉ်းစားကြတော့တယ်။ ဝယ်လိုအားဆိုတာရှိလာမှတော့ ရောင်းလို အားဆိုတာလည်း ရှိလာရတော့တာပဲပေါ့။  ဒါက  ဈေးကွက်ရဲ့ ဓမ္မတာ တစ်ခု။   ဝယ်သူက  အသင့်စားလို့ရတဲ့ဟာ၊ အသင့်ဝတ်လို့ရတဲ့ဟာ၊ အသင့်နေလို့ရတဲ့ဟာကို လိုအပ်လာပြီဆိုတော့  ရောင်းသူတွေက လည်း ဝယ်သူအကြိုက်   လိုက်ရတော့တာပေါ့။   မိတ်ဟောင်းမိတ်သစ် တွေအတွက် ရောင်းသူဘက်က အဆင်သင့်ရှိနေတယ်။

 


အသင့်ဖျော်ကော်ဖီ၊  အသင့်ချုပ်ပြီးလုံချည်၊   အသင့်၊   အသင့်၊ အသင့်၊ နေရာတော်တော်များများမှာ အသင့်ဆိုတာတွေကိုပဲ လူကြိုက် များလာတယ်။  အစားအသောက်၊   အဝတ်အဆင်တွေမှာ တင်မက ကျန်တဲ့နေရာတွေမှာလည်း  အသင့်ဆိုတာတွေ များလာတယ်။ ကား တစ်စီး စီးနိုင်ဖို့ တင်သွင်းခွင့်လျှောက်ရတာတွေ၊ အခွန်အကောက် ဆောင်ရတာတွေ၊ ယာဉ်လိုင်စင်လျှောက်ရတာတွေ၊ ဘာတွေညာ တွေကို စိတ်ရှုပ်ခံပြီး  လုပ်နေစရာ မလိုတော့ဘူး။ သက်ဆိုင်ရာကုမ္ပဏီ က   ဝယ်သူအမည်ပေါက်    ဆောင်ရွက်ပေးဖို့    အသင့်ဖြစ်နေပြီးသား။ ဖုန်းဆင်းကတ်တစ်ခု ရဖို့အတွက် လျှောက်လွှာတင်ရတာတွေ၊ စာချုပ် လက်မှတ်ထိုးရတာတွေ  မလိုတော့ဘူး။  ဝယ်ပြီးမှ   အလွယ်တကူ မှတ်ပုံတင်လိုက်ရုံပဲ။

 


အခြေအနေ၊ အချိန်အခါရဲ့ တောင်းဆိုမှုအရ  အရာတော်တော် များများကို အလွယ်တကူ၊  အဆင်သင့်အနေအထားအထိဖြစ်အောင် ဖန်တီးပေးထားလိုက်ကြတယ်။     ဒါမှ ရောင်းသူဝယ်သူအသံတူပြီး အပေးအယူ မျှတော့မှာပေါ့။ ဝယ်သူတွေလည်း အဆင်ပြေ၊    ရောင်းသူ တွေလည်း အကျိုးရှိ၊ မျှခြေဖြစ်ပါ၏ပေါ့လေ။
အသင့်စား၊  အသင့်ဝတ်၊ အသင့်နေ၊ အသင့်၊  အသင့်ဆိုတာတွေက သာမန်စားဝတ်နေရေးဆိုတဲ့ အကန့်အသတ်ဧရိယာရဲ့  နယ်နိမိတ်ကို တဖြည်းဖြည်းနဲ့ ချဲ့ထွင်လာကြတယ်။  ပညာသင်မှာလား၊  အိမ်ကနေ ထိုင်ပြီး လှမ်းသင်လို့ရတဲ့အထိ အဆင်သင့်ပြင်ဆင်ပေးလာကြတယ်။ ကိုယ်က ပညာပို့ချပေးမှာလား၊ ဒါလည်း အိမ်ကနေ လုပ်လို့ရလာတယ်။ အကြံဉာဏ်တွေ လိုနေပြီလား၊ အကြံပေးမယ့်သူတွေက အဆင်သင့်။ 

 


အခြေတကျဖြစ်နေတဲ့   အဖွဲ့အစည်းတွေက    ဆောင်ရွက်တဲ့ လုပ်ငန်းတွေကိုကြည့်ရင်  လုပ်ငန်းစဉ်တွေ များရင်များမယ်။ ဒါပေမယ့် ကြည့်လိုက်တာနဲ့  ရိုးရိုးရှင်းရှင်းနဲ့ လွယ်လွယ်ကူကူ သဘောပေါက် အောင် ဆောင်ရွက်လေ့ရှိကြတာကို   တွေ့ရပါတယ်။   ပထမဆုံး   ဘယ်ပုံစံကိုဖြည့်၊ ပြီးရင် ဘယ်အချက်အလက်အတွက် ဘယ်သူ့ဆီက အထောက်အထားကိုယူ၊ အွန်လိုင်းနဲ့ပို့ရင်ဘယ်လို၊ စာတိုက်ကဆိုရင် ဘယ်နည်း၊ စာအိတ်ကို ဘယ်လိုပိတ်၊ ချိတ်ကိုဘယ်လိုနှိပ် ဆိုတာမျိုး က  အစ၊   ဘယ်အဆင့်မှာ   အခက်အခဲကြုံနေရင် ဘယ်သူ့ဆီကို ဆက်သွယ်ဖို့ဆိုတာတွေအဆုံး       လိုအပ်မယ်ထင်တာမှန်သမျှ အကုန်လုံး   ညွှန်ကြားပေးထားတယ်။    ဒီလုပ်ငန်းစဉ်အကြောင်း အရင်ကမကြားဖူးတဲ့သူတောင်မှ  လိုက်လုပ်ရတာ   လုပ်ငန်းစဉ်တွေ များပေမယ့် ရိုးရှင်းလွယ်ကူတယ်လို့  ခံစားရစေတယ်။     ကြာလေ လွယ်လေဖြစ်လာတယ်။ဒီလိုလွယ်အောင် သက်ဆိုင်ရာက အဆင်သင့် ဖန်တီးပေးထားတဲ့သဘော။

 


လုပ်ငန်းခွင်တော်တော်များများမှာလည်း ဆုံးဖြတ်ချက်တစ်ခု ချဖို့    ကြုံလာတဲ့အခါ     တာဝန်ရှိသူက   ဆုံးဖြတ်ပိုင်ခွင့်ရှိသူဆီကို ကျိုးကြောင်းဆီလျော်တဲ့တင်ပြမှုတွေ   လုပ်ကြရတယ်။ လိုအပ်တဲ့ အထောက်အထား၊   စာရွက်စာတမ်း   အချက်အလက်စုံအောင် ထည့်ပေးကြရတယ်။ အချက်အလက်စုံရုံတင်မက ပါနေတဲ့ အချက် အလက်တွေကို  ဘယ်ဟာက  ဘယ်မှာပါဆိုပြီး  အညွှန်းအလံနဲ့တကွ သေသေချာချာ ဖော်ပြပေးလေ့ရှိကြတယ်။ ဖြစ်ကြောင်းကုန်စင်က ဘယ်လို၊ ဒီကိစ္စနဲ့ပတ်သက်လို့ မူဝါဒက ဘယ်ပုံ၊ ဥပဒေပြဋ္ဌာန်းချက်က ဘယ်နည်း၊ လမ်းညွှန်ချက်က ဘယ်ကဲ့သို့ဆိုတာတွေ စုံနိုင်သမျှစုံဖို့ပေါ့။ စုံရုံတင်မက    ရုတ်တရက်ရှာရတာလည်းလွယ်အောင်    ဖန်တီးထား သေးတယ်။  

 


ဒါတင်မကသေးဘူး၊  ဒီကိစ္စနဲ့ပတ်သက်လို့ ခွင့်ပြုတာ၊ ငြင်းပယ် တာ ဒါမှမဟုတ်   ဒီလိုဒီလိုဆောင်ရွက်သင့်ပါတယ်၊   ဒါတွေဒါတွေထဲက ရွေးချယ်နိုင်ပါတယ်ဆိုပြီး လျာထားချက်  တင်ပေးကြရတယ်။ ဒီလို လုပ်နိုင်မှလည်း တာဝန်ကျေတယ်ဆိုတဲ့သဘော။  ဒါမှလည်း အလုပ် သိပ်များတဲ့သူအတွက် အဆင်ပြေမှာ။ ကဏ္ဍခွဲအလိုက် တာဝန်ယူထား သူတွေက တာဝန်ခံထားတဲ့သဘော။

 


အဆင်သင့်ရဲ့ အားနည်းချက်တွေ


အသင့်ဖျော်ကော်ဖီမစ်ကျတော့  ကော်ဖီမှုန့်နဲ့၊ သကြားနဲ့၊ နို့ဆီနဲ့ ကိုယ့်အချိုးအစားနဲ့ကိုယ် ဖျော်သောက်ရသလောက် လျှာမတိုးတော့ ဘူး။ ပေါ့နေသလိုလို၊ ဟိုဟာပဲ လိုနေသလိုလို၊ ဒီဟာပဲ လိုနေသလိုလိုနဲ့။ အသင့်စား အစားအစာတချို့ကလည်း ကိုယ့်ဘာသာချက်ပြုတ်စားရတာနဲ့မတူဘဲ ကိုယ့်အကြိုက်နဲ့ သိပ်မကိုက်တဲ့အခါတွေ များများလာ တယ်။    တာရှည်ခံအောင်ထည့်ရတဲ့   ဆေးဝါးတွေ၊   ဓာတ်ငွေ့တွေ ရဲ့အန္တရာယ်ကရှိသေး။ ထုတ်လုပ်ရောင်းချသူကိုလည်း  အပြစ်ဆိုလို့ မရ၊  သူက လူမျိုးမရွေး၊   ဘာသာမ​ရွေး   စားလို့အဆင်ပြေအောင် ကြားချပြီး ဖန်တီးပေးထားရတာကိုး။

 


ဆိုင်ပေါ်က အသင့်ချုပ်ပြီးသားအင်္ကျီတစ်ထည်ကို ဝတ်ရတာက ချိုင်းကကျပ်နေသလိုလို၊ ခါးက တိုနေသလိုလို၊ လက်ကပွနေသလိုလိုနဲ့ ကိုယ့်ဘာသာအစဝယ်၊ ကိုယ့်ဘာသာဆိုင်သွား၊ လိုချင်တဲ့ပုံစံပြောပြီး ချုပ်တဲ့  အပ်ထည်လို အံဝင်ခွင်ကျမဖြစ်ဘူး။ သူကလည်း တစ်ယောက် ချင်းစီရဲ့   ကိုယ်တိုင်းနဲ့   တိုင်းချုပ်နိုင်တာမှ  မဟုတ်တာ။   ပျမ်းမျှ အရွယ်အစားကိုယူပြီး အသေး၊ အလတ်၊ အကြီး၊ အရွယ်လွန်ဆိုတာ မျိုးလောက်ပဲ ခွဲချုပ်ထားရတာ။ အသင့်ဆောက်ထားပြီးသားအိမ်ကို ဝင်နေရတော့  ဟိုနားကကျဉ်းလွန်းနေသလိုလို၊  ဒီနေရာက မှောင် လွန်းနေသလိုလို၊ သုံးထားတဲ့အသားတွေကို စိတ်တိုင်းမကျသလိုလို၊ အခန်းဖွဲ့စည်းပုံကို ပြန်ပြင်ချင်သလိုလိုနဲ့။

 


အသင့်ဖျော်၊ အသင့်ချုပ်ဆိုတာတွေမှာ  အားသာချက်တွေရှိသလို အားနည်းချက်တွေလည်း မကင်းကြပါဘူး။ အစားတစ်လုတ်အတွက်၊ အဝတ်တစ်ထည်အတွက် ဦးနှောက်ခြောက်ခံနေဖို့မလို၊ အချိန်ကုန်ခံ နေဖို့မလို အသင့်ဝယ်လိုက်ရုံပဲ။  လူတိုင်းက ကိုယ်လိုတာကို ကိုယ်တိုင် ဖန်တီးနေရတာ မဟုတ်ဘဲ ကိုယ်အားသန်ရာ အလုပ်တစ်ခုခုကို အာရုံ နှစ်ပြီး အလုပ်လုပ်နိုင်တဲ့အတွက် ကဏ္ဍတစ်ခုချင်းစီမှာ ပိုတိုးတက် လာနိုင်တဲ့  အလားအလာလည်း   ရှိပါတယ်။     တစ်ဖက်မှာလည်း ထုတ်ကုန်တွေက တစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်တွေကို အခြေခံပြီး အတိအကျထုတ်လုပ်ထားတာမဟုတ်တဲ့အတွက် တစ်ယောက်ချင်းစီရဲ့ တစ်ကိုယ်ရေလိုလားချက်တွေနဲ့တော့ အံဝင်ခွင်ကျဖြစ်ချင်မှ ဖြစ်နိုင် မှာပါ။ 

 


စဉ်းစားစရာတွေ


အသင့်ပေးပို့လာတဲ့ လျာထားဆုံးဖြတ်ချက်တစ်ခုကို အတည်ပြု ပေးရာမှာလည်း စဉ်းစားစရာတွေ ရှိနေပါတယ်။ အားသာချက်တွေ၊ အားနည်းချက်တွေနဲ့ပတ်သက်လို့   ခွဲခြမ်းစိတ်ဖြာစရာ ရှိနေပါတယ်။ အားသာချက်ကတော့ အဆုံးအဖြတ်ပေးရမယ့်သူအတွက် အကြောင်း အရာနဲ့တကွ သုံးသပ်ချက်တွေ၊ အကြံပြုချက်တွေ အဆင်သင့်ရနေလို့ အချိန်တိုအတွင်းမှာ ဆုံးဖြတ်ချက်တွေ  အလွယ်တကူ ချနိုင်တာပါပဲ။ အားနည်းချက်ကတော့  အဆင်သင့်ပေးပို့လာတဲ့  လျာထားဆုံးဖြတ် ချက်တွေက  အဆိုပြုသူရဲ့ အရည်အချင်းနဲ့ ကိုယ်ကျင့်တရားအပေါ်မှာ အဓိကမှီတည်နေတဲ့အချက်ပါ။

 


အသင့်စား အစားအသောက်တစ်ခုကို ဖွင့်ဖောက်စားသုံးမှု မပြုခင် မှာ ဒါဘာအစားအစာလဲ၊ ပါဝင်ပစ္စည်းတွေက ဘာတွေလဲ၊ အချိုးအစား က ဘယ်လိုလဲ၊ နည်းလမ်းကဘယ်လိုလဲ၊ ထုတ်လုပ်သူက ဘယ်သူလဲ၊ ဘယ်နေ့ကထုတ်သလဲ၊  ဘယ်နေ့မှာ သက်တမ်းကုန်မလဲ၊    ဘယ်လို စားရမှာလဲဆိုတာတွေ  သေချာဖတ်ကြည့်ဖို့လိုမှာပါ။ အဝတ်အထည်မှာ လည်း ဘယ်ကုမ္ပဏီက ထုတ်ထားသလဲ၊ ဘာတံဆိပ်လဲ၊ ဘာနဲ့ရက်လုပ် ထားသလဲ၊ အရွယ်အစားက ဘယ်လိုလဲဆိုတာတွေကို ကြည့်ဖို့လိုမှာပါ။ 

 


ထုတ်လုပ်သူကို ကြည့်လိုက်တာနဲ့၊ တံဆိပ်ကိုကြည့်လိုက်တာနဲ့ ဒီကုန်ပစ္စည်းတစ်ခုကို   စိတ်ချလက်ချသုံးစွဲနိုင်ပြီဆိုတာကို  အလိုလို  လက်ခံထားကြတဲ့   တံဆိပ်တွေရှိကြတယ်။    ကျွမ်းကျင်မှုရှိတယ်၊   စေတနာရှိတယ်၊   အမြတ်တွေ   အလွန်အကျွံတင်မထားဘူး၊   ရိုးဂုဏ်ရှိ တယ်။      ဒီလိုဂုဏ်သတင်းရှိတဲ့     အဖွဲ့အစည်းက   လူပုဂ္ဂိုလ်က  ထုတ်လုပ်တဲ့ပစ္စည်းတိုင်းက      ဝယ်ယူအားပေးသူတွေရဲ့  ယုံကြည် စိတ်ချမှုကို အမြဲရနေတာပါပဲ။ တချို့ကျတော့  ပြောင်းပြန်။ ဒီဆိုင်က ရောင်းတဲ့ပစ္စည်းဆိုတာနဲ့ နှာခေါင်းရှုံ့သွားကြပြီ၊ ဒီကုမ္ပဏီက  ထုတ်တဲ့ အထည်ဆိုတာနဲ့ လက်တွန့်သွားကြပြီ။  ဒီအင်ဂျင်နီယာဆောက်တဲ့အဆောက်အအုံဆိုတာနဲ့ သိပ်စိတ်မချတော့ဘူး။

 


ယုံကြည်မှုတစ်ခုရဖို့


ယုံကြည်စိတ်ချမှုတစ်ခုရဖို့ဆိုတာက တစ်ရက်တစ်နံနက်တည်း ကြိုးစားလို့ဖြစ်တာမျိုးမဟုတ်။   ရေရှည်တည်ဆောက်ယူကြရတာ။ ရထားတဲ့ယုံကြည်မှုလေး  ပျက်စီးစေချင်ရင်ကတော့ လွယ်ပါတယ်။ အချိန်တစ်ခဏလေးပဲ လိုတာပါ။

 


အသင့်ထုပ်ပိုးထားတဲ့ပစ္စည်းတစ်ခုကို မသုံးစွဲခင်မှာ တံဆိပ်တို့၊ ကုမ္ပဏီတို့၊ စာညွှန်းတို့ သေချာကြည့်ဖို့လိုသလို အဆိုပြုချက်တွေရောက်လာချိန်မှာလည်း ဒီအဆိုပြုချက်ရဲ့    လာရာလမ်းကြောင်းကို ပြန်ကြည့်ဖို့လိုမှာပါ။     အဆင်သင့်ပြင်ဆင်ထားတဲ့   ဆုံးဖြတ်ချက် တစ်ခုဆိုပေမယ့် အလွယ်တကူ အတည်မပြုလိုက်သင့်သေးပါဘူး။ ဒါဘယ်ကလာသလဲ၊ ဘယ်သူကစပြီး အဆိုပြုတာလဲ၊ ဘယ်သူတွေ ဆီကနေ အဆင့်ဆင့်ဖြတ်သန်းလာသလဲ၊ ယုံကြည်စိတ်ချရရဲ့လား၊ ရိုးသားရဲ့လား၊ ကိုယ်ကျိုးစီးပွားတွေနဲ့ တွဲလေ့ရှိသူလား၊ စေတနာ ထားရဲ့လား၊ ဝတ်ကျေတန်းကျေလုပ်တတ်သူလား၊ အရေးအကြီးဆုံး အချက်ဖြစ်တဲ့   သက်ဆိုင်ရာ  ကဏ္ဍအပေါ်မှာ   ထဲထဲဝင်ဝင်   သိရှိ နားလည်ရဲ့လား ဆိုတာတွေကို အသေအချာ ပြန်ကြည့်ရဦးမှာပါ။

 


ကုန်ပစ္စည်းတွေမှာ အမှတ်တံဆိပ်ကအရေးကြီးသလို လုပ်ငန်းခွင် မှာလည်း အကောင်အထည်ဖော်တဲ့ပုဂ္ဂိုလ်က အရေးကြီးပါတယ်။ ကိုယ့်လုပ်ရပ်တွေက ကိုယ်ပိုင်တံဆိပ်တွေပါပဲ။ ဒီတံဆိပ်ကိုမြင်လိုက် တာနဲ့ စိတ်ချလက်ချ  သုံးလို့ရသလို နာမည်တစ်ခု၊ လက်မှတ်တစ်ခုကို တွေ့လိုက်တာနဲ့ ဒါဟာ အပြန်အလှန်စစ်ဆေးဖို့မလိုတော့လောက်အောင် စိတ်ချရပြီးသားဆိုတဲ့ အခြေအနေမျိုးအထိ လှမ်းနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ 

 


တံဆိပ်တစ်ခုကို   ဈေးကွက်ကလက်ခံနိုင်ဖို့   ထိုးဖောက်ရတာ ခက်ခဲသလို အပြိုင်အဆိုင်တံဆိပ်တွေကြားမှာ ရေရှည်ရပ်တည်နေနိုင်ဖို့အတွက်ကလည်း သူ့စံချိန်စံညွှန်းတွေကို အမြဲထိန်းထားနိုင်မှ ဖြစ်မှာပါ။ ဒါမှလည်း   ဒီတံဆိပ်ပါတဲ့   အဆင်သင့်သုံးပစ္စည်းတွေကို ယုံယုံကြည်ကြည်သုံးနိုင်မှာပါ။ ဒီလိုပါပဲ။ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ လူ့အသိုင်းအဝိုင်းမှာပဲဖြစ်ဖြစ် နာမည်တစ်ခုကို   ထိန်းထားနိုင်ဖို့က ကိုယ့်အပြုအမူ၊   ကိုယ့်လုပ်ရပ်တွေကို   အမြဲတမ်း စံချိန်အတိုင်း ထိန်းထားနိုင်မှဖြစ်မှာပါ။  တစ်နေရာရာမှာ ဖောက်လိုက်တာနဲ့ တည် ဆောက်ခဲ့သမျှလေးတွေ အလွယ်တကူ ပြိုလဲသွားနိုင်ပါတယ်။ 

 


အဆင်သင့်အစားအစာ၊ အသင့်ချုပ်ပြီး အဝတ်အထည်၊ အသင့်သုံး ကုန်ပစ္စည်း၊ အသင့်ပြင်ဆင်ထားတဲ့ အဆိုပြုချက်တစ်ခု။ စိတ်ချလက်ချ သုံးသင့်၊ မသုံးသင့် ချိန်ဆစရာတွေ များနေဦးမှာပါ။
အဆင်သင့်ရဲ့ဟိုမှာဘက်မှာ ချင့်ချိန်စရာတွေကတော့   ရှိနေဦးမှာ ပါပဲလေ။     ။