မြန်မာ့အလင်းအယ်ဒီတာအာဘော်
ယေဘုယျအားဖြင့် အစစ်အမှန်တို့ တန်ဖိုးကြီးသည်နှင့်အမျှ အတု အယောင်တို့ပေါပေါများများ ပေါ်ပေါက်လာလေ့ရှိသည်မှာ စက်ဆုပ် ဖွယ် လောကသဘာ၀ဟု ဆိုရမည်။
စိန်ရွှေ ကျောက်မျက်ရတနာအတု၊ ငွေစက္ကူအတုကအစ၊ လူတို့၏ အသုံးအဆောင်ပစ္စည်းအတုများ၊ အစားအသောက်နှင့် အဖျော် ယမကာအတုများ၊ ကျန်းမာရေးဆိုင်ရာဆေးဝါးအတုများ၊ ကုန် အမှတ်တံဆိပ်အတု၊ အနုပညာရှင်တို့၏ အနုပညာလက်ရာအတုများ၊ စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်တို့၏ ဉာဏပစ္စည်း အတုများ စသည်ဖြင့် လောကထဲရှိရှိသမျှကို အတုအပ ထုတ်လုပ် သူများရှိနေသည်ဟုပင် ဆိုရလောက်၏။ သည်လိုထဲတွင် မှတ်ပုံတင် အတု၊ ဘဏ်ငွေထုတ်လက်မှတ်အတု၊ စာချုပ်စာတမ်းအတု၊ ပိုင်ဆိုင်မှု အတုတို့ကလည်း မနည်းလှ။ ရာသီစာဖြစ်သည့် ခရီးသွားနိုင်ရေး အတွက် ကိုဗစ်ရောဂါကင်းရှင်းကြောင်း ထောက်ခံစာအတုဟူ၍ လည်း ရှိသည်တဲ့။
နည်းပညာတိုးတက်ထွန်းကားလာမှုနှင့် ယှဉ်တွဲပေါ်ပေါက်လာ သည့် လူမှုကွန်ရက်စာမျက်နှာအတု၊ မီဒီယာအတု၊ သတင်းအတု၊ ကြေညာချက်အတု စသည် စသည်ကလည်း မနည်း။
အမှန်တော့၊ လူအများ တန်ဖိုးထားကြ၊ ယုံကြည်လေးစားကြ သည့်သူများ၊ အမှတ်တံဆိပ်များ၊ ကုန်ပစ္စည်းများတို့ကို တုပခြင်း ဖြင့် အများပြည်သူကို လိမ်ညာလှည့်ဖြားခြင်းဖြစ်၏။ လူအထင် ကြီးစေရန်၊ ငွေကြေးမြတ်စွန်း စီးပွားတိုးရန်စသည့် ကိုယ်ကျိုးစီးပွား လောဘဇောပေါ်တွင် အခြေခံသည်ဟု ဆိုရပါမည်။
သူတို့၏ လူအထင်ကြီးခံလိုမှု၊ ကိုယ်ကျိုးစီးပွားလောဘဇောတို့ အတွက် အတုအပပြုလုပ်ခြင်းတို့က လူအများကို မည်မျှလောက် ဒုက္ခရောက်စေသည်၊ လောကကို မည်မျှလောက် အကျည်းတန် သွားစေသည် ဆိုခြင်းကိုမူ အတုပြုသူတို့ အနည်းငယ်မှ စောကြော မိဟန်မတူ။ သို့မဟုတ် စောကြောလိုစိတ်လည်းရှိဟန်မတူ။ သို့မဟုတ် လောဘသက္ကာယဟူသည့် မိမိအကျိုးငှာ လွန်ကဲသော လိုချင် တောင့်တမှုက ကြီးမားလွန်းနေသည့်အတွက် အခြားဘာကိုမှမမြင်။ ဘာကိုမှမသိချင်သည်လည်း ဖြစ်နိုင်သည်။
မကြာသေးမီက သတင်းများတွင် မန္တလေး၊ အောင်မြေသာစံ မြို့နယ်တွင် အားဖြည့်အချိုရည်အတုများ ပြုလုပ်နေသည်ကို ဖမ်းဆီး ရမိကြောင်း ဖော်ပြထားသည်ကို တွေ့ရ၏။ ဘာတွေရောပြီး ဘာတွေ နှင့် ပြုလုပ်နေသည်မသိ။ သောက်သုံးမိသူများကို မည်မျှလောက် အန္တရာယ်ပြုမည်မသိ။
အတုများထဲတွင် အစားသောက်နှင့် ဆေးဝါးအတုပြုလုပ်သူ တို့မှာ အကုသိုလ်အကြီးဆုံး ဖြစ်မည်ဟုထင်၏။ ဆေးဝါးများဆိုလျှင် မည်သည့်အာနိသင်မှမရှိသော ဆေးဝါးအတုများက တစ်မျိုး၊ အခြား ဆေးဝါးများနှင့် ဖလှယ်ပြုလုပ်သည့် အတုကတစ်မျိုး၊ မူရင်းဆေးဝါး ၏ အာနိသင်ကိုလျှော့ပေါ့ကာ အဆပွားသည့်အတုကတစ်မျိုး စသည် ဖြင့် မျိုးစုံလှသည်။ ပြုသမျှအတုသည် လူသတ်မှုကျူးလွန်နေခြင်း သာတည်း။
ရောဂါဝေဒနာခံစားနေရသော လူနာများမှာ ဆေးဝါးတို့ကို အားကိုးတကြီး အမိအရ ဝယ်ယူသုံးစွဲနေရသည်များဖြစ်၏။ ဘ၀ အတွက် ကောက်ရိုးတစ်မျှင်လို ဆွဲယူသိမ်းငင် သုံးစွဲကြသူများကို ဆေးဝါးအတုများက ကတွတ်ပေါက်၀ကစောင့်သည့် ဗျိုင်းလို ကောက်ကာငင်ကာ စားမျိုတော့သည်။ ငွေလည်းကုန်ရ၊ ရောဂါ လည်းမသက်သာ၊ သည်လိုနှင့် အသက်စွန့်ရသူများ မည်မျှလောက် ရှိနေပြီလဲ မသိနိုင်ပြီ။ သည်လိုလူနာများကို ကယ်တင်နိုင်ရေးအတွက် တာဝန်ရှိသူတို့ အလေးအနက်ထား စဉ်းစားသင့်ကြပြီ။ မြန်မာနိုင်ငံ ၏ ဆေးဝါးဈေးကွက်မှာ အိမ်နီးချင်းနိုင်ငံကြီးနှစ်ခုကို အားပြုနေ ရသည်ဖြစ်ရကား အတုများသည်လည်း ထိုလမ်းကပင် ဝင်လာသည် လော၊ ပြည်တွင်းမှာပင် ထုတ်လုပ်နေကြပြီလောဆိုသည်ကို စေ့ငု သင့်ပြီ။ စုံစမ်းစစ်ဆေးအရေးယူရန် အားထုတ်သင့်ကြပြီ။
ယခုလည်း ကိုဗစ်ကာကွယ်ဆေးတဲ့။ ကိုဗစ် ကုသဆေးတဲ့။ ကိုဗစ်ကပ်ရောဂါကို အမှီပြုကာ အတုပြုလုပ်သူ လောဘသားများ က စတင်လာကြပြီ။ တာဝန်ရှိသူတို့ အလေးတမူ အရေးတယူပြုကြ ပါမှ လူတို့၏အသက်ကို ကယ်တင်နိုင်မည်ဟု မြင်ပါသည်။
သည်လိုထဲတွင် လူအတုများကိုလည်း တွေ့ရသည်။ သံဃာ အတု၊ ဆရာဝန်အတု၊ ဗိသုကာအတု၊ အင်ဂျင်နီယာအတုတို့၏ သတင်း များကိုလည်း ဟိုမှာ သည်မှာ ကြားနေရသည်။ အင်ဂျင်နီယာ အတု တစ်ဦးဆိုလျှင် အင်ဂျင်နီယာကောင်စီကဲ့သို့သော အရေးကြီးသည့် အဖွဲ့အစည်းကြီးအထိ ဝင်ရောက်ခြယ်လှယ်သွားသည်ဟု ကြားမိ သေးသည်။
တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက်ဟူသည့် ကြွေးကြော်သံကို ကျယ်ကျယ်လောင်လောင်ဟစ်ရင်း ကိုယ်ကျိုးကိုသာဦးစားပေးပြီး ပြည်သူလူထုအကျိုးကို မငဲ့ကွက်သည့် နိုင်ငံရေးသမားအတုများကို လည်း ပြည်သူလူထုက သတိထားကြရန် လိုပါမည့်အကြောင်း။ ။