အယ်ဒီတာ့အာဘော်
============
အစိုးရ-ပုဂ္ဂလိကလက်တွဲ နက်ရှိုင်းခိုင်မာ
=======================
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလ ၂၀ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၏ (၂၉) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးတွင် ဗီဒီယိုဖြင့် မိန့်ခွန်း ပြောကြားရာ၌ အစိုးရ-ပုဂ္ဂလိကကဏ္ဍနှစ်ရပ် ပူးပေါင်းဆောင်ရွက်မှုကို ပိုမို နက်ရှိုင်းခိုင်မာစွာ တည်ဆောက်နိုင်မည်ဆိုလျှင် အလုပ်အကိုင်အခွင့်အလမ်း သစ်များ၊ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းသစ်များ ဖော်ထုတ်ပေးနိုင်မှာဖြစ်ပြီး ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှု၊ သာယာဝပြောမှုများကို ပြည်သူများ အတွက် ဖော်ဆောင်ပေးနိုင်မည်ဟု ယုံကြည်ထားကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
မျက်မှောက်ကာလတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများ၌ အလုပ်အကိုင်အခွင့်အလမ်းများ၊ စီးပွားရေးလုပ်ငန်းများ တုံ့ဆိုင်းနှေးကွေးပြီး အချို့လည်း ရပ်ဆိုင်းသွားကြသည်ကို မြင်တွေ့ရပေ သည်။ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အလုပ်အကိုင်နှင့် စီးပွားရေးလုပ်ငန်းများ အထိုက်အလျောက် ထိခိုက်နစ်နာမှုများရှိခဲ့ပါသည်။
ကူးစက်မြန်ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် လူမှုစီးပွားဘဝများတွင် စိန်ခေါ်မှု များ ကြုံတွေ့နေရသော်လည်း ဗုန်းဗုန်းလဲပြိုကျသည့် အခြေအနေမရှိပါ။ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် အလားအလာကောင်းများ ရှိနေပါသည်။
အလားအလာကောင်းများရှိနေသည့်အကြောင်းများတွင် နိုင်ငံ၏ ပထဝီဝင် အနေအထားအရ မဟာဗျူဟာကျပြီး ဒေသတွင်း စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတွင် အမြန်ဆုံးဒေသ၌ တည်ရှိခြင်း၊ အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအပိုင်း၌ နက်ရှိုင်းခိုင်မာအားကောင်းနေခြင်းနှင့် လက်တွေ့နယ်ပယ်များတွင်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဝန်းကျင် ကောင်းများ ဖြစ်ပေါ်နေခြင်း၊ ဖြစ်ပေါ်နေကြောင်းကိုလည်း အသိအမှတ်ပြု ထားခြင်းတို့ရှိသည်။ ယင်းရလဒ်ကောင်းများတွင် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး အားကောင်းမှုများ ခိုင်မာစွာရရှိထားသောကြောင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှု၊ သာယာဝပြောမှုများ ပြည်သူ များအတွက် ဖြစ်လာမည်ဟု မျှော်လင့်ပါသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် လူမှုစီးပွား ထိခိုက်နစ်နာမှုများ ကြီးကြီးမားမား ကြုံတွေ့ကြရသည်မှာ အထူးအထွေပြောစရာလိုမည် မဟုတ်ပေ။ သို့သော် အစိုးရနှင့် ပြည်သူအကြား၊ အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်း များအကြား၊ ပုဂ္ဂလိကလုပ်ငန်းများနှင့်ပြည်သူအကြား နက်နက်ရှိုင်းရှိုင်း ထိတွေ့ဆက်ဆံသည့် အလားအလာကောင်းများရှိခဲ့သည်။ အထူးသဖြင့် ကိုဗစ်-၁၉ ကာလ၌ ပြည်သူများ၊ စီးပွားရေးလုပ်ငန်းများ အခက်အခဲဖြစ်နေ ချိန်၌ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍကို ဦးဆောင်သည့် UMFCCI အဖွဲ့အစည်း ကြီးနှင့်ပူးပေါင်းပြီး နိုင်ငံတော်နှင့်ပြည်သူအကျိုးအတွက် တက်တက်ကြွကြွ လက်တွဲဆောင်ရွက်နိုင်မှုများမှာ အကျိုးရလဒ်ကောင်းများ ဖြစ်စေသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ စားနပ်ရိက္ခာလှူဒါန်းခြင်း၊ ကုန်ဈေးနှုန်းထိန်းချုပ်ခြင်း၊ ကုန် ပစ္စည်းများ မပြတ်လပ်အောင် ဆောင်ရွက်ပေးခြင်းစသည့် နိုင်ငံအကျိုးပြု၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများအပြင် ကိုဗစ်-၁၉ ကြောင့် ထိခိုက်နစ်နာသွား သော မြန်မာနိုင်ငံ၏စီးပွားရေးလုပ်ငန်းများ မျက်မှောက်ကာလနှင့် အနာဂတ်ကာလတွင် ပြန်လည်ဦးမော့လာရေး၊ ပြည်တွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးအရွယ်အစားအမျိုးမျိုး ဆက်လက်ရှင်သန် လာစေရန် ချေးငွေများ ထုတ်ချေးပေးခြင်း၊ ဖြေလျှော့ပေးခြင်းနှင့် အလုပ် အကိုင် အခွင့်အလမ်းသစ်များ ဖော်ထုတ်ပေးခြင်းတို့သည် နိုင်ငံတွင် ကြီးမား သော ခွန်အားများဖြစ်စေခဲ့ပြီး အနာဂတ်ကာလ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါခဲ့သည်။
ကမ္ဘာ့ဘဏ်မှ ယခင်အပတ် သတင်းထုတ်ပြန်ချက်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံအသီးသီး စီးပွားရေး ထိခိုက်နစ်နာမှုများ ရှိနေသော် လည်း အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ကြည့်ပါက မြန်မာနိုင်ငံသည် အခြေအနေ ကောင်းတစ်ခုကို ထိန်းထားနိုင်ကြောင်းသိရသည်။ ထို့အပြင် လာမည့် ၂၀၂၁ ခုနှစ်တွင် စီးပွားရေး တဖြည်းဖြည်း ပြန်လည်နာလန်ထူနိုင်မည် ဖြစ်ကြောင်း နှင့် အာရှဖွံ့ဖြိုးရေးဘဏ် အစီရင်ခံစာတွင်လည်း မြန်မာနိုင်ငံ၌ ယခုနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း ၁ ဒသမ ၈ ရာခိုင်နှုန်းသာရှိသော်လည်း လာမည့် ၂၀၂၁ ခုနှစ်တွင် ခြောက်ရာခိုင်နှုန်းရှိမည်ဟု ထုတ်ပြန်ထားမှုများသည် လက်ရှိခွန်အားများဖြစ်သည်။
သို့ဖြစ်ရာ ကိုဗစ်-၁၉ ကာလနှင့် ကိုဗစ်-၁၉ အလွန်ကာလတွင် စီးပွားရေး ပြန်လည်ဦးမော့လာပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုး တိုးတက်မှု၊ သာယာဝပြောမှုတို့ကို ဆောင်ကြဉ်းပေးနိုင်ရန်အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ လက်တွဲပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းခိုင်မာ အားကောင်းစေရန် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။