
ထွန်းကျော်
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ အမေရိကန်အစိုးရရဲ့ တိုက်တွန်းအားပေးမှုတွေကို အရာရှိတချို့နဲ့ ကျွမ်းကျင်သူတချို့က စိန်ခေါ်ထားပါတယ်။ အထူး သဖြင့် ကာကွယ်ဆေးထိုးပြဋ္ဌာန်းချက်တွေ ထွက်ပေါ်လာကတည်းက ပဲဆိုပါတော့။
ကာကွယ်ဆေးထိုးပြဋ္ဌာန်းချက်ထွက်ပေါ်
များပြားလှတဲ့ အသိုက်အဝန်းတွေအနေနဲ့ ကန့်သတ်ချက်တွေ ရှိနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းတွေ၊ လတ်တလော ကိုဗစ်-၁၉ နဲ့ ရင်ဆိုင်စစ်ခင်းနေသူတွေကို ကူညီပေးဖို့ အရင်းအမြစ် တွေ စတဲ့အခက်အခဲတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အခုလို ကာကွယ် ဆေးထိုး ပြဋ္ဌာန်းချက်တွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
အခုလိုဆောင်ရွက်ချက်ဟာ နိုင်ငံအတွက် ကောင်းတဲ့အချက် ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်လောက်တောင်ကုန်ကျစရိတ် တွေရှိရှိ အားပေးထောက်ခံသွားမယ်လို့ အိမ်ဖြူတော်က တိုက်တွန်း ပြောကြားခဲ့ပါတယ်။
ယာယီတားမြစ်တယ်ဆိုပြီး အမိန့်ချ
ကိုဗစ်-၁၉ စတင်ဖြစ်ပွားကတည်းက အမေရိကန်ပြည်ထောင်စု မှာ လူပေါင်း ၇၅၅၀၀၀ နီးပါး ကိုဗစ်-၁၉ ကြောင့် သေဆုံးခဲ့ပြီး လူပေါင်း ၄၅ သန်းကျော် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားခဲ့တယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ သတင်းအချက်အလက်တွေအရ သိရ ပါတယ်။
ရီပတ်ဘလစ်ကန်အမတ်များ ခန့်အပ်ထားတဲ့ အမေရိကန်အယူခံ ရုံးရဲ့ တရားသူကြီး သုံးဦးက ကုမ္ပဏီကြီးတွေရဲ့ အလုပ်သမားတွေ အနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ သို့မဟုတ် မကြာခဏ စစ်ဆေးဖို့လိုတယ်ဆိုတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အစိုးရရဲ့ ကာကွယ်ဆေးထိုး ပြဋ္ဌာန်းချက်တွေကို ယာယီတားမြစ်တယ်ဆိုပြီး အမိန့်ချမှတ်လိုက်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အစိုးရရဲ့ ကာကွယ်ဆေးထိုး ပြဋ္ဌာန်းချက်မှာ အလုပ်သမား ၁၀၀ သို့မဟုတ် အဲဒီထက်ပိုတဲ့ ကုမ္ပဏီ တွေမှာရှိတဲ့ အလုပ်သမားတွေအနေနဲ့ နောက်နှစ် ဇန်နဝါရီ ၄ ရက် မတိုင်ခင် ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝထိုးနှံထားရမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ သတ်မှတ်ရက်ကျော်လွန်ပြီးနောက် ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးရသေးတဲ့သူတွေအနေနဲ့ အပတ်စဉ် ကိုဗစ်-၁၉ စစ်ဆေးထားတဲ့ ရလဒ်ကို အလုပ်ကိုလာတဲ့အခါမှာ တင်ပြ ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီနှစ် ဒီဇင်ဘာ ၅ ရက်မှစပြီး အလုပ်မှာ ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ရမှာဖြစ်ပါတယ်။
အိမ်ဖြူတော်ရဲ့ ကြိုးစားမှုအပေါ် အဓိကထိုးနှက်ချက်ဖြစ်
ဂျိုးဘိုင်ဒန်အစိုးရရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး ပြဋ္ဌာန်းချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့သာမက ပြဋ္ဌာန်းဥပဒေနဲ့ ဆိုင်တဲ့ ကိစ္စရပ် တွေဟာ စိုးရိမ်ဖွယ်ကောင်းတယ်လို့ အယူခံရုံးက ထုတ်ပြန်လိုက်တဲ့ အမိန့်ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီတရားရုံးက နောက်ထပ် အမိန့်ကြေညာချက်တစ်စုံတစ်ရာ ထုတ်ပြန်ကြေညာခြင်း မရှိသေး သရွေ့ အဲဒီပြဋ္ဌာန်းချက်ကို ရပ်ထားရမယ်ဆိုပြီး ပြောထားပါတယ်။
ဒီအမိန့်ကြေညာချက်ဟာ ကိုဗစ်-၁၉ ကပ်ရောဂါကို ထိန်းချုပ် ဟန့်တားဖို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအရေအတွက် များပြားလာ အောင် လုပ်ဆောင်နေတဲ့ အိမ်ဖြူတော်ရဲ့ ကြိုးစားမှုရဲ့ အဓိကထိုးနှက် ချက်ကြီးတစ်ခုလည်း ဖြစ်ပါတယ်။
ပြဋ္ဌာန်းချက်ကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ကာကွယ်သွားမယ်
အလုပ်သမားဌာနရဲ့ ထိပ်တန်းဥပဒေရေးရာအကြံပေးကတော့ ဘိုင်ဒန်အစိုးရအဖွဲ့ဟာ ပြဋ္ဌာန်းချက် ထုတ်ပြန်ဖို့ သူ့ရဲ့လုပ်ပိုင်ခွင့် အပေါ် ယုံကြည်ချက်ရှိတဲ့အတွက် ဒီဟာကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ကာကွယ်နိုင်အောင် ဘက်ပေါင်းစုံက ပြင်ဆင်ထားလိမ့်မယ်လို့ ပြောပါတယ်။
အမေရိကန်နိုင်ငံအတွင်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးအနည်းဆုံး တစ်ကြိမ်ထိုးပြီးသူ ၂၂၃၂၄၅၁၂၁ ဦးရှိပါတယ်။ ဒါဟာ အမေရိကန် ပြည်ထောင်စု လူဦးရေရဲ့ ၆၇ ဒသမ ၂ ရာခိုင်နှုန်း ရှိပါတယ်။ အပြည့်အဝ ကာကွယ်ဆေးထိုးပြီးသူပေါင်း ၁၉၃၆၂၇၉၂၉ ဦးရှိပြီး စုစုပေါင်းလူဦးရေရဲ့ ၅၈ ဒသမ ၃ ရာခိုင်နှုန်းရှိပါတယ်လို့ ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာရဲ့ နောက်ဆုံးထုတ်ပြန်လိုက်တဲ့ အချက်အလက်တွေအရ သိရပါတယ်။
ရီပတ်ဘလစ်ကန်တွေ တရားစွဲမယ်
ပြဋ္ဌာန်းချက်အသစ်နဲ့ပတ်သက်ပြီး အစိုးရအဖွဲ့ကို တရားစွဲမယ့် အစီအစဉ်ကို ကြေညာဖို့ ရီပတ်ဘလစ်ကန်ပါတီရဲ့ ဖလော်ရီဒါ မြို့တော်ဝန် ရွန်ဒီဆန်သစ်က တခြားပြည်နယ်အရာရှိတွေနဲ့ ဆက်သွယ်ထားပါတယ်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုနှေးအောင် ၁၅ ရက်နဲ့ စတင်ခဲ့ တယ်၊ အခုတော့ ကာကွယ်ဆေးထိုးမလား၊ အလုပ်ဆုံးရှုံးခံမလား ဆိုပြီး ဒီဆန်သစ်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖက်ဒရယ်ရဲ့အာဏာမရှိသလို ဖက်ဒရယ်အစိုးရအနေနဲ့လည်း အလုပ်နေရာ စည်းမျဉ်းစည်းကမ်းများအောက်မှာ ဆေးဝါးဆိုင်ရာ မူဝါဒကို တစ်တန်းတည်း တညီတညွတ်တည်း သတ်မှတ်ပြဋ္ဌာန်း၍ မရဘူးလို့ သူကပြောပါတယ်။
အလုပ်သမားတွေကို ကာကွယ်ဆေးထိုးဖို့ ဖိအားပေးတဲ့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေ၊ ကျောင်းသားကျောင်းသူတွေကြား ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ဖို့ အတင်းအကျပ်ပြုလုပ်တဲ့ ကျောင်းနဲ့ ဝန်းကျင်ဒေသတွေကို ဖလော်ရီဒါက တားမြစ်ထားပါတယ်။
တခြားပြည်နယ်ခုနစ်ခုက ရီပတ်ဘလစ်ကန်တွေက အစိုးရအဖွဲ့ရဲ့ ဒီပြဋ္ဌာန်းချက်ကို တိုက်ဖျက်ဖို့ အစီအစဉ်တွေကို ကြေညာခဲ့ပါတယ်။
ငြင်းခုံမှုတွေ ပေါ်ထွက်လာ
ဒီမိုကရက်တစ် ကန်ဆက်စ်မြို့တော်ဝန်ကလည်း ဘိုင်ဒန်ရဲ့ ကာကွယ်ဆေးပြဋ္ဌာန်းချက်ဟာ သူ့ပြည်နယ်အတွက် အထိရောက် ဆုံး မဟုတ်သလို မှန်ကန်တဲ့လုပ်နည်းလည်း မဟုတ်ပါဘူးလို့ ပြောပါတယ်။
ကာကွယ်ဆေးပြဋ္ဌာန်းချက်နဲ့ပတ်သက်ပြီး ငြင်းခုံမှုတွေဟာ ကျန်းမာရေးအမျိုးသားအင်စတီကျု (အင်န်အိုင်အိတ်ချ်) မှာ တောင် မသင်္ကာစရာကိစ္စအဖြစ် ပေါ်ထွက်လာပါတယ်။ အင်န်အိုင်အိတ်ချ်ဟာ အစိုးရ သုတေသနအေဂျင်စီတစ်ခုဖြစ်ပြီး ကိုဗစ်-၁၉ လေ့လာ တိုက်ဖျက်ရေးမှာ အစိုးရရဲ့ ကြိုးပမ်းချက်တွေကို ဦးဆောင်နေတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
အင်န်အိုင်အိတ်ချ်အတွင်းမှာ အစိုးရရဲ့ ဒီပြဋ္ဌာန်းချက်နဲ့ပတ်သက်ပြီး သင့်တော်မှုရှိလား၊ မရှိဘူးလားဆိုတဲ့အပေါ် အငြင်းပွားမှုတွေဖြစ်နေ ပါတယ်လို့ အဆင့်မြင့်အရာရှိတစ်ဦးဖြစ်တဲ့ ဒေးဗစ် ဝန်ဒလာက ပြောလိုက်ပါတယ်။
ကိုးကား ဆင်ဟွာ
- Log in to post comments