
ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်
======================
အစွမ်းမသေးပေါင် မန္တလေးဆောင်
==================
မောင်သံငြိမ်း
======
နှစ်ပေါင်း (၁၀၀) သက်တမ်းရှိသည့် ရန်ကုန်တက္ကသိုလ် ကြီးတွင် အဆောင်နေကျောင်းသား ကျောင်းသူများ အတွက် ၁၉၂၂ ခုနှစ်မှစ၍ သုံးထပ်အုတ်တိုက်အဆောင် များ၊ နှစ်ထပ်သစ်သားဆောင်များစသဖြင့် အဆောင်များ ဆောက်လုပ်ပေးခဲ့ပါသည်။
ရန်ကုန်တက္ကသိုလ်စတင်တည်ထောင်ပြီး စုစုပေါင်း ၃၃ နှစ်၊ ၃၄ နှစ်ကြာကာလ ၁၉၅၃-၁၉၅၄ ခုနှစ်ခန့်မှာ နောက်ထပ်သုံးထပ် ကျောင်းသား ကျောင်းသူဆောင်များ ခံ့ခံ့ညားညား ပေါ်ထွန်းလာခဲ့ပါသည်။ ၎င်းအဆောင် များမှာ ကျောင်းသားများအတွက် မန္တလေးဆောင်၊ တောင်ငူဆောင်၊ အမရဆောင်၊ ရာမညဆောင်နှင့် ကျောင်းသူများအတွက် ရတနာဆောင်နှင့် မာလာဆောင် တို့ဖြစ်ကြပါသည်။
၁၉၅၈ ခုနှစ်မှ ရန်ကုန်တက္ကသိုလ်ရောက်သည့် ကျွန်တော်က ပထမနှစ်မှာ ကြည့်မြင်တိုင်ရှိ ရန်ကုန် တက္ကသိုလ်လက်အောက်ခံ ထီးတန်းကောလိပ်မှာ အဆောင်နေစာသင်ရပါသည်။ ကမာရွတ် ပင်မတက္ကသိုလ် ကြီးမှာ စာသင်ခန်း၊ လူနေဆောင်အခက်အခဲကြောင့် ခွဲထုတ်ထားသည့် ကောလိပ်များ ဖြစ်ပါသည်။ ရန်ကင်း မှာလည်း ရန်ကင်းကောလိပ် ရှိပါသည်။ ဒီကောလိပ် နှစ်ခုက ၁၉၅၆ ခုနှစ်ခန့်က စရှိခဲ့ပြီး ၁၉၆၀ ပြည့်နှစ်ခန့်မှာ မရှိတော့ပါ။
၁၉၅၉ ခုနှစ် စာသင်နှစ်မှာ ကျွန်တော် ရန်ကုန် တက္ကသိုလ်ကျောင်းသားစစ်စစ်ဖြစ်လာပြီး ပင်မ တက္ကသိုလ်ကြီးက မန္တလေးဆောင်မှာ နေရပါသည်။ တက္ကသိုလ်ရိပ်သာလမ်းနှင့် အဓိပတိလမ်းဆုံရာ နေရာမှာ တည်ရှိ၍ တက္ကသိုလ်၏ ပင်မဝင်ပေါက်နေရာမှာ ရှိပါသည်။ သစ်လွင်သည့် သုံးထပ်တိုက်ကြီးများမှာ ၁၉၅၄ ခုနှစ်က စတင်၍ ကျောင်းသားများနေ အဆောင် များဖြစ်ပြီး ၁၉၆၄ ခုနှစ်မှာတော့ အနိစ္စသဘောဖြင့် စာသင်တန်း၊ ဘာသာရပ်ဆိုင်ရာရုံးဌာနများဖြစ်လာပြီး ကျောင်းသားများ မနေရတော့ပါ။
မန္တလေးဆောင်ကျောင်းသား
မန္တလေးဆောင်က တက္ကသိုလ်ရဲ့ အဓိကနေရာမှာ တည်ရှိ၍ လူကြိုက်များသည်။ အဆောင်ရှေ့မှာ (ယခုမရှိတော့သည့်) သမိုင်းဝင်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အအုံကြီး ရှိသည်။ ရန်ကုန်မြို့တွင်းသို့ ပြေးဆွဲသည့် နဂါးတံဆိပ်ဘတ်စ်ကားဂိတ်ဆုံးက ဘေးမှာ ရှိသည်။ လမ်းတစ်ဖက်မှာ စာတိုက်၊ စာအုပ်ဆိုင်နှင့် တက္ကသိုလ်ဆေးရုံ ရှိသည်။ တက္ကသိုလ်တွင်းဝင်လျှင် ဝိဇ္ဇာ၊ သိပ္ပံစာသင်ခန်းများ ဘေးဘယ်၊ ညာမှာရှိပြီး အဓိပတိ လမ်းအဆုံးမှာ ခံ့ညားထည်ဝါလှသည့် ဘွဲ့နှင်းသဘင် အဆောက်အအုံရှိသည်။ စာသင်ခန်းနားအနီးမှာ တက္ကသိုလ်စာကြည့်တိုက်ကြီးလည်း ရှိပါသည်။ ကျွန်တော် ကံကောင်း၍ မန္တလေးဆောင်မှာ အခန်းရပါသည်။
မန္တလေးဆောင် ပထမနှစ်က အဆောင်၏ မြောက်ဘက်တောင်ပံ (Wing) အခန်းမှာ နေရသည်။ တောင်ပံမှာ အခန်း လေးခန်းသာ ရှိသည်။ နံပါတ် ၃၊ ၅၊ ၇၊ ၉ တို့ဖြစ်သည်။ အခန်း (၁)နှင့် (၂)က ဒုအဆောင်မှူးနေ၍ အခြားစင်္ကြံမှ ဝင်ရသည်။ ကျွန်တော်တို့တောင်ပံ စင်္ကြံမှာ အခန်း လေးခန်းသာရှိ၍ တရားဝင်ကျောင်းသားက ရှစ်ယောက်သာရှိသော်လည်း အမြဲတမ်းဧည့်သည်တစ်ဦး၊ နှစ်ဦး ရှိသည်။ လေးခန်းလုံးက ခင်မင်ရင်းနှီးကြသည်။ ကြည့်မရသူ၊ သဟဇာတမဖြစ်သူ တစ်ဦးမျှမရှိ၍ အားလုံး ပျော်ရွှင်ကြသည်။ ယနေ့အထိ အဆက်အသွယ်မပြတ် ခင်မင်ကြသည်။
အခန်း လေးခန်းက ကျောင်းသားများထဲမှာ ကျွန်တော် က အငယ်ဆုံး (၁၇)နှစ်သား ဖြစ်သည်။ ဒုအဆောင်မှူး ဆရာလှက အိမ်နှင့်ခင်သဖြင့် သူ့အခန်းနားမှာထားခြင်း ဖြစ်သည်။ အခန်းဖော်ကလည်း ဘီအီးဒီသင်တန်းတက်နေ သည့် ဆရာဦးရွှေမောင် ဖြစ်သည်။ သူကလည်း အသက်ကြီး သည်။ အခန်း (၅) မှာ သစ်တောသိပ္ပံကျောင်းသားတစ်ဦး နေသည်။ ဘာသာရပ်မတူ၍ ထိတွေ့မှုနည်းပါသည်။ အခန်း (၇) မှာ ကျွန်တော်တို့ခေါင်းဆောင်ကြီး စန္ဒရားနီနီ(ခ) အစ်ကိုလှိုင်ဝင်း(ကွယ်လွန်) ရှိသည်။ ဒီအခန်းမှာ လူစုံ၍ ပျော်ကြသည်။ ဂီတစာဆို ကိုမောင်မောင်သီ (ကွယ်လွန်)၊ ကိုညွန့်သိန်း (ဗိုလ်ကြီးကွယ်လွန်) တို့နှင့် အဆိုတော်၊ သရုပ်ဆောင် ကိုသန်းဖေလေးတို့ အလာများသည်။ တစ်ခါတစ်ခါ လာနေကြသည်။ ကိုနီ၏အခန်းဖော် ကိုလတ် (ကွယ်လွန်)က ဗိုလ်ချုပ်တစ်ယောက်၏အစ်ကို ဖြစ်သည်။
ထိပ်ဆုံးအခန်းနံပါတ်(၉)မှာတော့ အိမ်စောင့်အစိုးရကို ခေါင်းဆောင်ခဲ့သည့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်း၏ ဒုတိယသား ကိုငွေစိုး နေသည်။ သူ့အခန်းဖော်က ကျေးဇူးရှင် မန္တလေးသား ကိုဖေသန်း ဖြစ်ပါသည်။ ဗိုလ်ချုပ်ကြီးနေဝင်း၏သား ကိုငွေစိုးက အင်မတန် ယဉ်ကျေးသိမ်မွေ့သည်။ မာန်မာနမရှိ၊ အေးဆေးသည်။ ဗိုလ်သင်တန်းသွားတက်နေရာ လူကြီးသိသွားပြီး ကျောင်းပြန်တက်ခိုင်း၍ အဆောင်မှာနေကာ ကျောင်းတက် နေသူ ဖြစ်ပါသည်။ အားလုံးနှင့်ခင်မင်သည်။ ကျောင်း ပြီးတော့ လေယာဉ်မှူးကြီးဖြစ်ပြီး ယခုကွယ်လွန်သွားပြီ ဖြစ်ပါသည်။ သူ့အခန်းမှာ အမျိုးတော်သူ၊ လူသိများသည့် ဂျပန်အသံလွှင့်ဌာနမှာ အလုပ်လုပ်သူ ကိုတင်အောင်ခိုင် (ကွယ်လွန်)လာနေတတ်သည်။
အခန်း(၉)က မန္တလေးသား ကိုဖေသန်းကို ကျေးဇူး ရှင်ဟု ဝိသေသပြုရခြင်းမှာ အကြောင်းရှိပါသည်။ အဆောင် မှာ စားသောက်စကားပြောရင်း သူ့မှာ (ဝမ်းကွဲ) နှမနှစ် ယောက်ရှိတယ်။ လိုက်ကြည့်ကြဟု ဖိတ်ခေါ်၍ လိုက်သွား ကြည့်ရာ ကျွန်တော့်ချစ်ဦးသူ (လက်ရှိဇနီး)နှင့် တွေ့သည်၊ ကြိုက်သည်၊ ငါးနှစ်ရည်းစားဖြစ်ပြီး လက်ထပ်သည်။ ထို့ကြောင့် ကျေးဇူးရှင်ဟု ခေါ်ပါသည်။ မြားနတ်မောင် ဖြစ်ပါသည်။ တခြားသူငယ်ချင်း တစ်ယောက်က တခြား နှမထံ လိုက်ကြည့်သည်။ ဟိုက ပြန်မကြိုက်၊ ရုပ်ရှင် မင်းသားကြီးနှင့်ရသွားသည်။ မန္တလေးဆောင် မြောက်ဘက် တောင်ပံက သူငယ်ချင်းများသတိရမိပါသည်။ နောက်ကျော ဘက် အခန်းမှာ ကလေးဗိုလ်၊ ကိုဝင်းရွှေ (ပဲခူးကျောင်း ဆရာကြီး/ငြိမ်း) (ကွယ်လွန်)၊ လသာ ပါတီယူနစ်ဥက္ကဋ္ဌ ဟောင်း ကိုဗကြည်၊ မောင်ရွှေ(ခ)စိုးနိုင် (ဟိုတယ်/ခရီး)တို့ နေကြသည်။ ခင်ကြသည်။
မန္တလေးအဆောင်ကို ၁၉၅၄ ခုနှစ်က စတင်ဖွင့်လှစ် ချိန်မှာ ဆေးတက္ကသိုလ်အကြိုကျောင်းသားများကိုလည်း ထားရှိခဲ့ရာ အငြိမ်းစားကျန်းမာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာမြဦး၊ လက်ရှိမန္တလေး ကျောင်းသား ဟောင်းများအစုအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ညို စသည်တို့လည်းပါဝင်ကြောင်း သိရှိရပါသည်။ ကွယ်လွန် သွားကြသည့် နာယက ဒုတိယဗိုလ်မှူးကျော်ရှိန် (MD/ငြိမ်း)၊ အစုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးတင်အုန်း (လေယာဉ်မှူးကြီး ဗိုလ်မှူး/ငြိမ်း)၊ ပညာရေးဝန်ကြီး(ငြိမ်း) ဦးပန်းအောင်၊ ဟိုတယ်/ခရီးဝန်ကြီး(ငြိမ်း) ဗိုလ်ချုပ် စောလွင်တို့ နေခဲ့ကြပါသည်။
လက်ရှိတွင် (သစ်တောဝန်ကြီး/ငြိမ်း) ဦးအောင်ဖုန်း၊ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ကျော်ဝင်း၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာတင်အောင်အေး၊ တိုင်းမင်းကြီး(ငြိမ်း) ဦးစောဂျူဗလီစံလှ၊ ဦးအုန်းခင်၊ ရာထူးဝန်/ငြိမ်း ဦးလှမြင့်ဦး၊ ညွှန်ချုပ်(ငြိမ်း)ဦးချစ်ဆွေ၊ ဦးခင်ဆွေ၊ ဦးစောကြိုင်၊ ဦးတင့်ဆွေ၊ ဦးဝင်းကြည်၊ ဦးငွေကိုင်၊ ဦးဗကြည်၊ မြန်မာ့အသံသိန်းဟန် စသည်တို့ ကျန်ရှိနေပါသေးသည်။ နာယကများ၊ အမှုဆောင်များ အဖြစ် တာဝန်ယူနေကြပါသည်။ ယင်းကဲ့သို့ နိုင်ငံ့တာဝန် ထမ်းဆောင်ခဲ့သည့်ပုဂ္ဂိုလ်များ နေထိုင်ခဲ့သည့် အဆောင် ဖြစ်၍ စာရေးဆရာကြီး ဒေါက်တာမောင်မောင်ညိုက “အစွမ်းမသေးပေါင် မန္တလေးဆောင်”သီချင်းကို စပ်ဆို ဂုဏ်ပြုခဲ့ကြပါသည်။
အစွမ်းမသေးပေါင် မန္တလေးဆောင်
မန္တလေးဆောင်ကျောင်းသားဟောင်း ဆရာဝန်ကြီး ဒေါက်တာမောင်မောင်ညို ရေးစပ်ခဲ့သည့် “ဂုဏ်ရောင်ပြောင်တဲ့မန္တလေးဆောင်”သီချင်း ကောက်နုတ်ချက်မှာ-
“အစွမ်းမသေးပေါင် မန္တလေးဆောင်၊ တစ်ထောင် ကိုးရာငါးဆယ်လေးက စတင်တည်ထောင်၊ အဘက်ဘက် က နိုင်ငံတာဝန်ထမ်းဆောင် x x x နိုင်ငံချစ်တဲ့ ခေါင်းဆောင် ကောင်းများ မွေးဖွားပေးလို့ ဂုဏ်ပြောင် အစွမ်းမသေးပေါင် မန်း x x x မန္တလေးဆောင် x x x နိုင်ငံလွတ်မြောက်ရေး ဆောင်ရွက်ပေးခဲ့တာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင် ပေါင်းများစွာ မွေးထုတ်ပေးခဲ့တာ တို့ရန်ကုန် တက္ကသိုလ် ပါ။ မန္တလေးဆောင်ရဲ့ ဂုဏ်ရောင်၊ x x x အားကစား ကဏ္ဍမှာ ဆရာငြိမ်းကဦးဆောင်x x x ဘောလုံးဒိုင်းကြီး များ အပိုင်စားရခဲ့သနော် x x x စာပေအနုပညာနှင့် ရုပ်ရှင် မှာလည်းအောင် ကောလိပ်ဂျင်နေဝင်းတဲ့ သရုပ်ဆောင် မြန်မာပြည်တစ်ခွင်နော် ဟိုးဟိုးကျော်။ အသက်ကလေး ရယ်တဲ့ရှည်စေလို မြနန္ဒာနေညိုသန်း မန်းတောင်ရိပ်ခို၊ တဘောင်အတိတ်နှင့် အောင်နိမိတ်ပြည့်စုံ x x x ဟု သီဆိုရပြီး နောက်ဆုံးမှာ တော်တယ်မောင် x x x တော်တယ်မောင် x x x ဂုဏ်ရောင်ပြောင်တဲ့ မန္တလေးဆောင်”ဟု သံပြိုင်သီဆိုရပါသည်။
ကျွန်တော်တို့ ဒီသီချင်းကို ဆရာဒေါက်တာ မောင်မောင်ညိုရေးစပ်ပြီးချိန်မှစ၍ မိတ်ဆုံပွဲတိုင်း စုပေါင်း သီဆိုကြပါသည်။ နောက်ဆုံးကျင်းပသည့် မိတ်ဆုံညစာ စားပွဲမှာ ၂၄-၁၂-၂၀၁၉ ရက်နေ့က ကျင်းပသည့် (၁၉) ကြိမ်မြောက်ပွဲ ဖြစ်ပါသည်။
၁၉၉၅ ခုနှစ်တွင် နိုင်ငံတော်က ရန်ကုန်တက္ကသိုလ် စိန်ရတုပွဲကို ခြိမ့်ခြိမ့်သဲကျင်းပပေးပြီး ထို့နောက်ပိုင်းတွင် မန္တလေးဆောင် အဆောင်မှူးကြီးများအား ကန်တော့ပွဲ များနှင့် မိတ်ဆုံစားပွဲများ ပေါ်ပေါက်လာခဲ့ပါသည်။ နာယကကြီး ဒုဗိုလ်မှူးကြီးကျော်ရှိန်(ငြိမ်း/ကွယ်လွန်)၏ အစီအစဉ်အရ ဆရာကန်တော့ပွဲနှင့် မိတ်ဆုံစားပွဲများကို နှင်းဆီကုန်း ဘိုးဘွားရိပ်သာ၌ နှစ်စဉ် အောက်တိုဘာလ တွင် ကျင်းပဖြစ်ခဲ့ပါသည်။
ရန်ကုန်တက္ကသိုလ် မန္တလေးဆောင်မှာ အဆောင် အဖြစ်ရပ်တည်နိုင်ခဲ့သည့်ကာလ ၁၀ နှစ်ခန့်သာ ကြာမြင့် သဖြင့် အဆောင်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဆရာကြီး သုံးဦးသာ ရှိပါသည်။ ပထမဆုံး ၁၉၅၄ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် အားကစားအရာရှိ ဆရာဦးညိမ်း ဖြစ်ပါ သည်။ ကျောင်းသားများက ဆရာညိမ်းဟုသာ ခေါ်သည်။ ထိုအချိန်က လူပျိုကြီးဖြစ်ပြီး နာမည်ကြီး ရန်ကုန်တက္ကသိုလ် ဘောလုံးအသင်းကို ကြီးကြပ်၊ လေ့ကျင့်ပေးနေသူဖြစ်သဖြင့် တက္ကသိုလ်ဘောလုံးသမား၊ အားကစားသမားများကို သူ့အခန်းမှာ ခေါ်ယူ စောင့်ရှောက် ထားသည်။ လက်ရွေးစင် ဘောလုံးသမား ကိုနေဝင်း (နောင်တွင် နိုင်ငံကျော် ရုပ်ရှင် မင်းသားကြီး ကောလိပ်ဂျင်နေဝင်း)အပါအဝင်ဖြစ်သည်။ စကားနည်း သော်လည်း စိတ်စေတနာ ကောင်းမွန်သူဖြစ်၍ ကျောင်းသားများက မိဘသဖွယ် ချစ်ခင်လေးစား ကြပါသည်။ ဆရာက ၁၉၅၄ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်အထိ အဆောင်မှူး တာဝန်ထမ်းဆောင်ခဲ့သည်။ ဆရာညိမ်းက ၂၀၀၈ ခုနှစ် နိုဝင်ဘာလမှာ ကွယ်လွန်ခဲ့ပါသည်။
ဆရာညိမ်းက ၁၉၆၀ ပြည့်နှစ်တွင် အိမ်ထောင်ကျ၍ အခြားသို့ပြောင်းသွားရာ ဒဿနိက ဆရာကြီး ဒေါက်တာ ခင်မောင်ဝင်းက အဆောင်မှူးအဖြစ် ပြောင်းလာသည်။ ဆရာကြီး ဒေါက်တာခင်မောင်ဝင်းမှာ နှစ်နှစ်ကျော် အဆောင်မှူးတာဝန် ထမ်းခဲ့ပါသည်။ ဆရာကြီးမှာ နောက်ပိုင်းတွင် ပညာရေးဝန်ကြီးနှင့် သံအမတ်ကြီး တာဝန်များကိုလည်း ထမ်းရွက်ခဲ့ပါသည်။ ဆရာကြီး ဒေါက်တာခင်မောင်ဝင်းသည် ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှာ ကွယ်လွန်သွားခဲ့ပါသည်။
စာမျက်နှာ ၇ သို့ b
၁၉၆၂ ခုနှစ်ကျော်တွင် အဆောင်မှူးတာဝန် ထမ်းဆောင်ခဲ့သူမှာ ဆရာကြီးဒေါက်တာသိန်းအောင် ဖြစ်ပါသည်။ ကျွန်တော်က ၁၉၆၂ ခုနှစ် မတ်လမှာ ဝိဇ္ဇာတန်း ဖြေဆိုအောင်မြင်ပြီး ဇူလိုင်လတွင် တပ်မတော်သို့ ဝင်ရောက်ခဲ့သဖြင့် အဆောင်မှူး ဒေါက်တာသိန်းအောင်ကို မတွေ့မဆုံခဲ့ရပါ။ မန္တလေး ဆောင်မှ တပ်မတော်သို့ ဝင်ရောက်ခဲ့သော ကျောင်းသား များစွာ ရှိပါသည်။ နိုင်ငံအတွက် အသက်ပေးသွားသူများ ဖြစ်ကြသော ဗိုလ်တင်ဝင်းမောင်၊ ဗိုလ်ဝင်းကြည်၊ ဗိုလ်ကျော်မြင့်၊ ဗိုလ်သိန်းအောင်၊ ဗိုလ်တင်မောင်မြင့်တို့ကို သတိရမိပါသည်။ ဗိုလ်မှူးအေးမင်း၊ ဒုဗိုလ်မှူးကြီး လှမောင်၊ ဗိုလ်မှူးစိုင်ခွန်အုံတိုင်း စသည်တို့က ကွယ်လွန် ခဲ့ကြပါပြီ။
စာရေးသူအနေဖြင့် ၁၉၆၂ ခုနှစ်တွင် တပ်မတော် ထဲဝင်၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းတို့တွင် တာဝန် ထမ်းဆောင်ခဲ့သဖြင့် တက္ကသိုလ်နယ်မြေနှင့် ဝေးခဲ့ရပါသည်။ တပ်မတော်တာဝန်ပြီး၍ ၁၉၇၈ ခုနှစ်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင် ရသော်လည်း ပြည်ပနိုင်ငံ ခြောက်နိုင်ငံမှာ ၁၅ နှစ်ခန့် တာဝန်ထမ်းခဲ့ရသည်။ ကံအားလျော်စွာ ၁၉၉၅ ခုနှစ်က ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင် ကျင်းပနေချိန်မှာ သံအမတ်ကြီးတာဝန်ဖြင့် နီပေါနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့အပြောင်း ရန်ကုန်မြို့သို့ ညွှန်ကြားချက်များရယူရန်ပြန်လာခွင့်ရချိန်နှင့် ကြုံကြိုက် ခဲ့ရပါသည်။ ထိုကာလမှစ၍ ကျောင်းသားဟောင်းများ အစုအဖွဲ့တွင် အချိန်ရသရွေ့ ပါဝင်ဆောင်ရွက်နိုင်ခဲ့ ပါသည်။
ရှေ့ပိုင်းတွင် ဖော်ပြခဲ့သည့်အတိုင်း အမိတက္ကသိုလ် ကြီး၏ မင်္ဂလာရှိသော စိန်ရတုကာလမှ အစပျိုးခဲ့သည့် မန္တလေးဆောင်ကျောင်းသားဟောင်းများ၏ လှုပ်ရှားမှု ကာလမှာ နှစ်ပေါင်း ၂၅ နှစ်ရှိပြီဖြစ်၍ ရေးသားမှတ်တမ်း ဖော်ပြရန် များစွာရှိသော်လည်း စာမျက်နှာအခြေအနေ အရ အကျဉ်းချုပ် ဖော်ပြရလျှင် - ၁၉၉၅ ခုနှစ် စိန်ရတုအကြို မိတ်ဆုံညစာစားပွဲ၊ ဓာတ်ပုံနှင့်လှုပ်ရှားမှု ပြပွဲကျင်းပသည်။ ၁၉၉၅ ခုနှစ် အောက်တိုဘာလမှစ၍ အဆောင်မှူးကြီး သုံးဦးအား ပူဇော်ကန်တော့ပွဲကို နှင်းဆီကုန်းဘိုးဘွားရိပ်သာတွင် နှစ်စဉ်ကျင်းပသည်။ ၁၉၉၆ ခုနှစ်တွင် မန္တလေးဆောင် ပညာရေးရန်ပုံငွေ လှူဒါန်းပွဲနှင့် ဂုဏ်ပြုပွဲကျင်းပသည်။ ၁၉၉၆ ခုနှစ်တွင် အစွမ်းမသေးပေါင် မန္တလေးဆောင်မဂ္ဂဇင်းကို ပထမ အကြိမ်အဖြစ် စိန်ရတုကိုကြိုဆိုထုတ်ဝေခဲ့သည်။ ၂၀၀၀ ပြည့်နှစ်မှစ၍ ဝန်ကြီး ဦးအောင်ဖုန်း(ငြိမ်း)၏ အကူအညီ ဖြင့် သစ်တောဦးစီးဌာန ခန်းမဆောင်၊ နောက်ပိုင်း အင်းလျားကန်ဘေး IBC မြက်ခင်းပြင်တွင် မိသားစု မိတ်ဆုံစားပွဲများကို နှစ်စဉ်ကျင်းပနိုင်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် နောက်ဆုံးကျန်ရှိခဲ့သည့် အဆောင်မှူး ဒေါက်တာသိန်းအောင်၏ဆန္ဒအရ မန္တလေးဆောင် ကျောင်းသားဟောင်းကြီးများထဲမှ အသက်(၈၀)ကျော်သူ များအား ဂါရဝပြုလက်ဆောင်များ ပေးခဲ့ကြပါသည်။ အဆောင်မှာ ဘူမိဗေဒဌာနဖြစ်သွား၍ မျိုးဆက်သစ် ဘူမိဗေဒအထူးပြုကျောင်းသားများ ပညာထူးချွန်ဆု ချီးမြှင့်ပေးခဲ့သည်။
မန္တလေးဆောင်ကျောင်းသားဟောင်းများ မိတ်ဆုံ စားပွဲကို ဒီဇင်ဘာလ ၂၄ ရက်နေ့ ညတိုင်း အင်းလျား ကန်စောင်း IBC မြက်ခင်းပြင်တွင် ကျင်းပခဲ့ပါသည်။ ၂၀၁၉ ခုနှစ်က ကျင်းပခဲ့သည့်ပွဲမှာ (၁၉) ကြိမ်မြောက် ဖြစ်ပါသည်။ ညစာစားပွဲတွင် ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ဝယ်စားနေကျ “ခပတ်ခန်နာ”ဖြင့် ဧည့်ခံ ခဲ့သည်။ ရန်ကုန်တက္ကသိုလ်ရာပြည့်နှစ်မှာမှ ကပ်ရောဂါ ဘေးကြောင့် အထိမ်းအမှတ်မဂ္ဂဇင်းလည်း မထုတ်နိုင် သေးပါ။ မိတ်ဆုံညစာစားပွဲလည်း ဘယ်ဆီမှာလဲ မသိပါ။ ကျောင်းသားဟောင်းများ အစ်ကိုကြီး ဦးစောဂျူဘလီ စံလှမဂ္ဂဇင်းတွင် ရင်ဖွင့်ထားသကဲ့သို့ ရာပြည့်မိတ်ဆုံ စားပွဲကို (ယခင်အကြောင်းကြောင်းကြောင့် ခွင့်ပြုချက်မရ၍ မကျင်းပနိုင်ခဲ့သော) မန္တလေးဆောင် အရှေ့ မြက်ခင်းပြင်တွင် ကျင်းပရေးမှာလည်း ဝေးခဲ့ပြီထင်ပါ သည်။
အစွမ်းမသေးပေါင် မန္တလေးဆောင်ဟူသည့် ဆောင်ပုဒ်အရ နှစ်ကာလကြာမြင့်စွာ စုစည်းရပ်တည် ခဲ့သည့် အဆောင်သား နောင်တော်ကျောင်းသားကြီးများ လက်ထက်မှစ၍ ကြိုးပမ်းလှုပ်ရှားမှုများကို အမှတ်တရ ဖြစ်စေရန် ဤဆောင်းပါးကို ရေးသားဖော်ပြအပ်ပါ သည်။
မေတ္တာဖြင့် . . . ။ ။
- Log in to post comments