
ဒေါက်တာမြတ်မိုး
ကျွန်တော်တို့တစ်တွေဟာ အစွဲတွေ နောက်ကို လိုက်ရင်း လိုက်ရင်းနဲ့ ဒုက္ခ ရောက်နေကြရတယ်။ ပြင်းထန်တဲ့ အစွဲ တွေကို သုခလို့ထင်ရင်း ဒုက္ခနွံနစ်နေကြ ရတယ်။
အမြစ်တွယ်နေတဲ့ အစွဲတွေ
ဒါမှဒါ... စွဲလမ်းလွန်းတာတော့ မဟုတ်သေးဘူးထင်ပါတယ်။ ကျွန်တော် တို့ ဆီမှာက အစွဲတွေသိပ်များလွန်းတယ်။ ပြင်းထန်တဲ့ စိတ်ဓာတ်အစွဲတွေဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းတွေ အကြား အမြစ်တွယ်နေတာ အတော်ကြာ ပါပြီ။ အစွဲလွန် ပြဿနာက ရူးသွပ်ခြင်းဆီ ဆိုက်သွားတတ်တယ်ဆိုတာကို သတိ ထားစေချင်ပါတယ်။
ချစ်ကြပါ၊ မစွဲလွန်းပါနဲ့၊ မရူးသွပ်ပါနဲ့၊ တန်ဖိုးထားကြပါလို့ ပြောချင်ပါတယ်။ လိုချင်တာ၊ ဖြစ်ချင်တာတွေ သိပ်များရာ ကနေ စွဲလမ်းမှုဖြစ်တယ်လို့ ဓမ္မတရားက မိန့်ထားတာပဲ မဟုတ်လား။ လိုချင်တာ မရ၊ ဖြစ်ချင်တာကို ဖြစ်ခွင့်မရရင်တော့ ဒေါသက ပါလာပြီပဲ။ ဒေါသလိုက်လာရင် တော့ ကိုယ်မြင်သမျှ၊ ကြားသမျှ အရာရာ တိုင်းဟာ သံသယတွေနဲ့ချည်းပဲ ဖြစ်လာ တော့တာ မျက်မြင်ပဲလေ။ ဒေါသနောက် မှာတော့ အာဃာတတွေ အငြိုးအတေး တွေလည်း ထပ်ဆင့်ပါလာတတ်ပြီမို့ တစ်ဖက်စွန်း ရောက်မသွားအောင် ကျွန်တော်တို့အားလုံး ဉာဏ်ပညာနဲ့ သတိထားကြစေချင်ပါပြီ။
အနာဂတ်လမ်းမပျောက်စေချင်
အစွဲဟာ အမုန်းကို ဖန်တီးတယ်တဲ့...။ အစွဲလွန်မှုဟာ ပဋိပက္ခဆီကို တွန်းပို့ တတ်တယ်လို့ ဆိုပါတယ်။ တစ်ခုခုကို အသည်းအသန် စွဲလမ်းလွန်းသူ တစ်ယောက်ရဲ့ အားနည်းချက်က ဘာလဲ ဆိုတော့ တစ်ခါတစ်ရံ လှုံ့ဆော်သွေးခွဲ သူရဲ့ သားကောင်ဖြစ်သွားတတ်တာပဲ။ ဒါကိုမြင်တတ်ဖို့လိုပြီး ရှောင်ရှား ကာကွယ်နိုင်ဖို့ အထူးလိုပါတယ်။ ပြင်းထန်တဲ့အစွဲတွေနဲ့ အပြောင်းအလဲကို ဖန်တီးလို့ မရသလို အရှိန်အဟုန်နဲ့ ပြောင်းလဲချင်တယ်ဆိုရင် အစွဲကြီးနေလို့ လည်း မရပါဘူး။
ကိုယ့်အမြင်၊ ကိုယ့်အတွေးတွေ၊ ကိုယ့်အယူအဆတွေကို အခြားသူတွေရဲ့ အမြင် အတွေးအယူအဆတွေနဲ့ ချိန်ဆ နိုင်ရပါမယ်။ ညှိတန်ညှိ၊ လျှော့တန်လျှော့ ဖို့လိုပါတယ်။ အရာရာ ကိုယ့်ဘက်က ချည်းတင်းခံနေရင် မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာနိုင်ပြီး ဖော်ဆောင် နေတဲ့ အသွင်ကူးပြောင်းမှုတစ်ခုခုဟာ ရည်မှန်းတဲ့ဆီမရောက်ဘဲ လမ်းချော် သွားနိုင်ပါတယ်။ ပန်းတိုင်ပျောက်သွား နိုင်တယ်။ အစွဲကြီးရင် အသိမှားတတ် တယ်။
အထူးသဖြင့် တိုင်းပြည်ရဲ့ အနာဂတ် လူငယ်တွေဆီမှာ ပြင်းထန်တဲ့အစွဲတွေ မထားသင့်တော့ဘူး။ မချန်ခဲ့သင့်ဘူး။ မှန်ကန်တဲ့အသိနဲ့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေသင့်တဲ့ လူငယ် မျိုးဆက်တွေအနေနဲ့ အသိမှားရင် အမြင် မှားနေရင် နာကြည်းချက် အာဃာတတွေ နဲ့ပဲ ဝေဝါးမှုန်ဝါးပြီး အနာဂတ်ပျောက်နေ မှာ သေချာတယ်။ အစွဲတွေအောက်မှာ လမ်းမပျောက်ကြပါနဲ့လို့ ဆိုပါရစေ။ ပြန်ပြီး ပြုပြင်ပြောင်းလဲဖို့ဆိုတာ အချိန် အတော်ယူရတဲ့သဘောရှိတော့ နိုင်ငံ အနာဂတ်အရေး ပေါ့ပေါ့မတွေးဘဲ အမြစ်တွယ်နေတဲ့ အယူဝါဒစွဲ ပုဂ္ဂိုလ်စွဲ တွေကို လျှော့ချနိုင်ဖို့ လိုပြီလို့ ယူဆမိပါ တယ်။
အစွဲကြောင့် တန်ဖိုးထားမှုတွေ ယုတ်လျော့သွားတတ်တယ်
အရာရာ သူ့တန်ဖိုးနဲ့ သူပါပဲ။ လူတစ်ဦးချင်းစီရဲ့ တန်းတူညီမျှမှုနဲ့ သူ့ရဲ့ အခွင့်အရေးကို တန်ဖိုးထားတတ်ရင် အပြန်အလှန် တန်ဖိုးထားမှုမျိုးဆိုတာရှိ လာမှာပါ။ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကြား အပြန်အလှန် နားလည်မှု၊ တစ်ဦးအပေါ်တစ်ဦး နားလည်ပေးမှုမျိုးနဲ့ တည်ဆောက်မှသာ အပြန်အလှန် ယုံကြည်မှုဆိုတာ ရပါတယ်။ နားလည်မှု ပေးမှ တန်ဖိုးထားပေးမှလည်း ချစ်ရာ ရောက်တာပေါ့။ ဒါကြောင့် ချစ်တတ်ပါ စေ၊ တန်ဖိုးထားတတ်ပါစေလို့ မကြာခဏ ပြောရတာပါ။ ပြင်းထန်တဲ့အစွဲတွေ ကြောင့် တန်ဖိုးထားမှုတွေ ယုတ်လျော့ သွားတတ်ပါတယ်။
အားလုံးမှာ သူ့ပညာ ကိုယ့်ပညာ၊ သူ့ဘာသာ ကိုယ့်ဘာသာ၊ သူ့ယဉ်ကျေးမှု ကိုယ့်ယဉ်ကျေးမှုဆိုပြီး ကိုယ့်သရုပ် လက္ခဏာနဲ့ကိုယ် ပိုင်ဆိုင်ကြတာပဲ၊ တန်ဖိုးထားကြတာပဲလေ။ ဒါကို ကိုယ့် ပညာမှ ကိုယ့်ပညာ၊ ငါ့ဘာသာမှ ငါ့ ဘာသာ၊ ငါ့အယူသာမှန်တယ်၊ ငါပြော တာသာမှန်တယ်၊ သူပြောတာမှားတယ်၊ သူလုပ်တာမမှန်ဘူးဆိုပြီး အယူသည်း၊ အစွဲလွန်နေရင်ဖြင့် အပြန်အလှန် တန်ဖိုး ထားမှု လေးစားမှုဆိုတာလည်း ဘယ်ရ နိုင်ပါတော့မလဲလေ...။
တဏှာ ဒိဋ္ဌိနဲ့ မသိမှုက တွယ်ဖွဲ့ထားလို့ အစွဲလွန်နေတာ
အစွဲကြီးလွန်းသူဟာလေ... ဘုရား ကိုလည်း အားမကိုးတော့ဘူး၊ တရားကို လည်း မမြင်တော့ဘူး၊၊ သံဃာကိုလည်း သတိမရတော့ဘူး...တဲ့။ အဲဒီတော့ အစွဲ လွန်ပြီး လူသာမန်ကို မပြောနဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်နဲ့ ပြည့်စုံတဲ့သူ တွေကိုတောင် တန်ဖိုးမထားနိုင် ဖြစ်သွား တော့တာပါပဲ။ ဘုန်းကံကြီးသူတွေကို တောင် စော်ကားသလိုဖြစ်သွားတတ် ပါတယ်။ ပတ်ဝန်းကျင်မှာ မမြင်အပ်၊ မကြားအပ်တာတွေ မြင်နေ၊ ကြားနေ ရတာတွေပါ။ အထူးဂရုပြုစေချင်ပါတယ်။ ရှောင်စေချင်ပါတယ်။
ယခုလိုကာလမျိုး သတ္တဝါအပေါင်း ကပ်ပေါင်းစုံ ဆိုက်နေချိန်မှာဆို ပိုဆိုးတာ ပေါ့၊ ကံကြီးထိုက်တတ်တယ်။ သတိထား ကြပါ။ အမှားနဲ့အမှန်ကြား၊ ကုသိုလ်နဲ့ အကုသိုလ်ကြား ခြားထားတဲ့ တကယ့် အကြားလေးက ခပ်ပါးပါးလေး “သတိ” တစ်ခုသာပါ။ မပေါ့ကြပါနဲ့။ “ကြိုက် တယ်” ဆိုရပါပြီ၊ အရမ်းကြိုက်ပြီး “သိပ်ကို စွဲလမ်း” သွားရင်တော့ တရား သဘောအရ ဥပါဒါန်ဖြစ်ပြီ။ လောဘနဲ့ ဒိဋ္ဌိတရားကိုယ် သဘောတွေပါသွားပြီ။ ဥပါဒါန်သဘောပါသွားရင် အလွန်ဆိုး သွားတယ်၊၊
တရားသဘော မသိတဲ့သူဆိုရင် ဒီလိုစွဲလမ်းနေတာကိုပဲ မိစ္ဆာဒိဋ္ဌိဖြစ်ပြီး သဘောအကျကြီးကျနေတာ၊ “တဏှာ” ရော၊ “ဒိဋ္ဌိ” ရော၊ “အစွဲ” ရော၊ “မသိ တာ” ရော ပေါင်းလိုက်ရင်တော့ အပါယ် ငရဲပါပဲ။ အစွဲတွေတစ်ပုံကြီးနဲ့ ဘဝတစ်ခု ကို အဆုံးသတ်ရမှာ ကြောက်စရာ ကောင်းလို့ ဆင်ခြင်နိုင်ဖို့ တင်ပြရတာပါ။ အစွဲဆိုတာ တဏှာဆိုတဲ့ မာယာက တွယ်ဖက်ထားလို့ အမှန်သဘောကို မမြင်ဘဲ မဆင်ခြင်နိုင်ကြလို့ စွဲလမ်းနေ ကြတာဖြစ်တယ်လို့ ကျေးဇူးရှင်ဗုဒ္ဓ မြတ်စွာဘုရားရဲ့ ဓမ္မတရားများကဆို ထားလေတယ်မဟုတ်ပါလား။
အစွဲပြင်းထန်မှုက အစွန်းနှစ်ပါးနဲ့ အကြမ်းဖက်မှုကိုတိုးပွားစေ
တစ်ခုခုကို အရူးအမူး အစွဲကြီးလွန်း သူဟာ သူများစိတ်နဲ့ ကိုယ်ဖြစ်နေတတ် တယ်။ သူများစိတ်နဲ့သာ အသက်ရှင် နေရသလို မိမိအသိဉာဏ်ကိုယ်နှိုက်က မိမိနှလုံး ဟာဒယက မလာဘူး၊ သူများ ပါးစပ်ဖျားမှာပဲ လမ်းဆုံးနေတတ်တယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားဆုံးဖြတ်နိုင်စွမ်း အင်မတန်အားနည်းတာကို တွေ့ရတယ်။ အစွဲကြီးသူ တစ်ယောက်အဖို့ အခြားသူ အပေါ် အကောင်းမြင်တတ်ဖို့ အင်မတန် ခဲယဉ်းမယ်ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အစွဲသန်သူတစ်ယောက်ဟာ သူ့အမြင်ထက် ကိုယ့်အမြင်က ပိုမှန် တယ်လို့ ထင်တတ်ကြလို့ပဲ။ ဒီအခါမှာ သူတစ်ပါးအပေါ် အနုတ်လက္ခဏာ ဆောင်တဲ့ အမြင်မျိုးပြတတ်လာတယ်။
အကောင်းမမြင်တတ်မှတော့ အမြင် လည်း ဘယ်ကြည်တော့ပါ့မလဲ။ အမြင် မကြည်သူတွေအကြား ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်နိုင်စွမ်း ကိုလည်း အကြီးအကျယ် ထိခိုက်မှုရှိလာစေပါ တယ်။ ဒီအခါမှာ ပေါင်းစပ်ပြီး ညှိလို့မရ တဲ့သူတွေအကြား အမှန်တရားနဲ့ ချစ်ခြင်းမေတ္တာတရား ဆိုတာလည်း ဘယ်မှာရှာလို့ ရနိုင်ပါတော့မလဲ။ ယုံကြည်မှု တစ်ဖက်စွန်းရောက်တွေ ကြောင့် လူ့အသိုက်အဝန်းတွေဟာ ပြိုကွဲ ပျက်စီးသွားတတ်ကြောင်း သာဓကတွေ လည်း များစွာရှိပါတယ်။ အစွဲပြင်းထန်ရင် အစွန်းနှစ်ပါးကို ရောက်စေပြီး အကြမ်း ဖက်မှုကို ပိုပြီးတိုးပွားသွားစေနိုင်တယ် ဆိုတာ အထူးသတိပြုရမှာဖြစ်ပါတယ်။
အစွဲဟာ သံသယနဲ့ ခွဲခြားဆက်ဆံမှုကိုပါ ဖြစ်စေပြန်တယ်
ငါ့ဒေသမှ ငါ့ဒေသ၊ ငါ့လူမျိုးမှ ငါ့ လူမျိုး တရားသေဆုပ်ကိုင်ပြီး အစွဲထား နေကြတယ်။ ဒီလို တရားသေဆုပ်ကိုင် ထားတဲ့ တစ်ယူသန်အစွဲတွေ မြန်မာ့ သမိုင်းမှာရော၊ ကမ္ဘာ့သမိုင်းမှာပါ တွေ့ဖူး ကြုံဖူးကြပါလိမ့်မယ်။ ဒီလိုအစွဲကြောင့်ပဲ သံသယတွေကြီးပြီး တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပြန်စေ့စပ်လို့မရတော့ သည်အထိ ခွဲခြားဆက်ဆံမှုတွေ ဖြစ် သွားတာ၊ တန်းတူညီမျှမှုဆိုတဲ့ အခြေခံမူ ကို မသိမသာ ထိခိုက်သွားတာမျိုးတွေ သတိထားမိပါလိမ့်မယ်။ ဒီလိုခွဲခြားဆက် ဆံမှုတွေကြောင့် တစ်ဦးနဲ့ တစ်ဦး ဝေး သွားကြတဲ့၊ မုန်းသွားကြတဲ့၊ ပဋိပက္ခ အသွင်ဆောင်တဲ့အထိ ဖြစ်ခဲ့ရတဲ့ သင်ခန်းစာယူစရာတွေများစွာ အထင် အရှားရှိခဲ့ပြီးဖြစ်ပါတယ်။
အစွဲကြောင့် ဆုံးဖြတ်ချက်ကို ထိခိုက်နိုင်
တစ်ယူသန် အစွဲတချို့ကြောင့် မိမိရဲ့ဆုံးဖြတ်ချက်မှာ အများကြီး သက်ရောက်မှုတွေရှိခဲ့တာရော ကြုံဖူး ကြပါသလား။ အသေးအဖွဲကအစ ကြီးကြီးမားမားအထိ ကိုယ့်ဘက် သူ့ဘက်အစွဲတွေကြောင့် အမှားတွေ့ တတ်တာမျိုးတွေ၊ အစွဲကြောင့်ပဲ မျက်စိ ပိတ်၊ နားပိတ် ဘက်လိုက်ပြီး bias ဖြစ်သွားတတ်တာမျိုး၊ ကိုယ်တိုင်မှာ ရော ကိုယ့်အဖွဲ့ဝင်တွေကြောင့်ပါ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ချမိတာမျိုးတွေ ဖြစ်ဖူးပါတယ်၊ ကိုယ်တိုင်ကြုံဖူး ဖြစ်ဖူး ခဲ့တာပါ။ ဘက်လိုက်မိတော့ အများရဲ့ အမြင်ကို ထည့်မစဉ်းစားမိတော့ဘဲ မိမိ ရဲ့တစ်ဖက်သတ် အစွဲကသာ အဂတိ ဘက်ကို ရောက်သွားပြီး ပြဿနာရဲ့ ဇာစ်မြစ်ကို ဖုန်းကွယ်နေတာကို သတိ မထားလိုက်မိဘူး ဖြစ်သွားတယ်။ တစ်ခါတလေမှာ ပေးဆပ်ရတဲ့ တန်ဖိုး က ကြီးမားလွန်းခဲ့ပါတယ်။ ဒါကြောင့် တစ်ခုခုကို ဆုံးဖြတ်ချက်ချတော့မယ် ဆိုရင် အစွဲကင်းကင်းနဲ့ ဆုံးဖြတ်ချက် ချနိုင်အောင် အထူးသတိထားရတယ် ဆိုတာ အတွေ့အကြုံအရ ပြောချင်ပါ တယ်။
ပိုင်းခြားစိစစ်နိုင်စွမ်းက အစွဲကို လျှော့ချနိုင်
ပြင်းထန်တဲ့ စိတ်အစွဲတွေကို အကျိုး ရှိရှိ သူ့နေရာနဲ့သူ အသုံးချနိုင်ရင်တော့ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး မှာ များစွာအကျိုးရှိလိမ့်မယ်လို့ ယူဆပါ တယ်။ နယ်ပယ်အသီးသီးမှာ သူ့ကဏ္ဍနဲ့ သူ၊ သူ့ပညာရပ် နယ်ပယ်အလိုက် အား သန်တဲ့သူတွေ စိတ်ဓာတ်ပြင်းပြတဲ့သူ တွေရှိပါတယ်။ တချို့အစွဲတွေကို ဉာဏ် ပညာ အမြော်အမြင်ရှိရှိနဲ့ အသုံးချတတ် ဖို့သာလိုတာပါ။ စိတ်ဓာတ်ပြင်းပြမှုတွေနဲ့ အတူ အကောင်းဆုံးတွေလုပ်နိုင်ဖို့ သူတို့ ကို ဖန်တီးပေးသင့်ပါတယ်။
သူတို့ရဲ့အစွဲတွေကို အမုန်းတွေမဖြစ် အောင်ဂရုစိုက်ပြီး ပဋိပက္ခဖြစ်စေမယ့် နေရာမှာ အသုံးမချမိအောင် စီမံပေးနိုင် ရင်တော့ အတိုင်းထက်အလွန်ပေါ့။ ဒီနေရာမှာ အစွဲကိုဖျောက်ဖို့ အသိနှစ်မျိုး ကို ပိုင်ဆိုင်ထားစေချင်ပါတယ်။ တစ်ခု က ဝေဖန်ပိုင်းခြား စိစစ်သုံးသပ်နိုင်စွမ်းရှိ ဖို့ပါ။ အမှားနဲ့အမှန်ကို ခွဲခြားနိုင်ဖို့ အထောက်အကူပြုပါလိမ့်မယ်။ ဆင်ခြင် တတ်တဲ့ ဉာဏ်ရအောင်တော့ လေ့ကျင့် ယူကြရတာပေါ့။ စာများများ ဖတ်၊ နှိုင်းယှဉ်လေ့လာ၊ အထောက်အထား ယူတတ်အောင် လေ့လာရပါမယ်။ သူ ပြောတာလည်းမယုံနဲ့၊ ကျမ်းဂန်က ဆိုထားတိုင်းလည်းအားမကိုးနဲ့၊ ရှုထောင့် တစ်ခုတည်းကလည်း မကြည့်နဲ့၊ ကိုယ့် အတွေ့အကြုံနဲ့လည်းယှဉ်၊ ဉာဏ်ကို အားကိုး၊ များများ ကြိုးစားလေ့လာရင် ငါစွဲနေတဲ့အရာ၊ ငါတစ်ယူသန် ဆုပ်ကိုင် ထားတဲ့အရာဟာ မှားနေပါလားဆိုတာ တွေ့မြင် သိမြင်လာပါလိမ့်မယ်။
အလယ်အလတ်မဇ္ဈိမပဋိပဒါ လမ်းစဉ်ကသာ …
ပိုင်းခြားစိစစ်နိုင်ဖို့အပြင် အစွန်း နှစ်ဖက်ရှောင်ပြီး အလယ်အလတ် လမ်းစဉ်က လိုက်နိုင်ခြင်းသည်သာလျှင် လက်တွေ့ကျတဲ့ အမှန်တရားတစ်ခုကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်လို့ ယုံကြည်ပါ တယ်။ မဇ္ဈိမပဋိပဒါလမ်းစဉ်ဆိုတာ မြတ် ဗုဒ္ဓရဲ့ လမ်းစဉ်ပါပဲ။ ကျေးဇူးရှင်မြတ်စွာ ဘုရားရဲ့ တပည့်ဗုဒ္ဓဘာသာဝင်တွေအနေ နဲ့တော့ ဘုရားရှင် ဟောကြားထားတဲ့ အစွန်းနှစ်ဖက်ရှောင်ပြီး အလယ်အလတ် လမ်းစဉ်အတိုင်း သတိလေးထား၊ လက်တွေ့ဘဝနဲ့ယှဉ်ပြီး ကျင့်ကြံနိုင်ရင် ဘာကိုတော့ပယ်ရမယ်၊ ဘာကိုတော့ မတွယ်သင့်ဘူး စသည်ဖြင့် သိမြင် လာပါလိမ့်မယ်။ နေ့စဉ် အပြောအဆို ၊ အလုပ်အကိုင်၊ အကြံအစည်မှန်သမျှ လည်း တစ်ဖက်စွန်းရောက်ပြီး အလွန် အကျွံမဖြစ်အောင် ထိန်းသွားနိုင်တာ တွေ့ရပါတယ်။ ဒါ...တကယ့် လက်တွေ့ ပါ။
မိမိရဲ့ပြင်းထန်တဲ့ အယူဝါဒစွဲတွေနဲ့ ကိုယ်လိုချင်တာကို အငမ်းမရလိုက်ရင်း ဒုက္ခရောက်တတ်နိုင်တာကို ဆင်ခြင် စဉ်းစားမိမယ်ဆိုရင် ကိုယ်ကိုင်စွဲထားတဲ့ တစ်ယူသန်ဝါဒကိုလည်း စွန့်လွှတ်နိုင်မှာ သေချာပါတယ်။ အဆုံးသတ်အားလုံးဟာ ဒုက္ခချည်းသာပဲလား သိလာတဲ့အချိန် ဒုက္ခနဲ့သုခ၊ ပဓာနနဲ့ သာမည၊ အမှန်နဲ့ အမှားလည်း ခွဲခြားသိလာပါလိမ့်မယ်။ ဒီလိုဆင်ခြင်နိုင်မှုဟာ မြတ်ဗုဒ္ဓရဲ့ မဇ္ဈိမ ပဋိပဒါ လမ်းစဉ်ကြောင့်ပါပဲ။
အဆုံးသတ် တင်ပြချင်တာကတော့ အစွဲကြီးလွန်းတာတွေ နည်းနည်းတော့ လျှော့ကြပါ၊ လူသာမန် ပုထုဇဉ်တွေ အနေနဲ့တော့ အစွဲအကုန် ဘယ်ချွတ်လို့ရ ဦးမလဲ၊ ဘုရား ရဟန္တာဖြစ်မှ ဒိဋ္ဌိရော၊ လောဘရော၊ အစွဲအကုန်ကျွတ်မှာလေ...သိအောင်လေ့လာ၊ နားလည်အောင်ကျင့်၊ သိတာကို အသုံးချတတ်မှသာ ဆင်ခြင် တုံ တရားရှိရှိနဲ့ အစွဲလျှော့နိုင်မှာဖြစ် ပါတယ်။
အစွဲလျှော့ပြီး အလယ်အလတ်ကျကျ စဉ်းစားလုပ်နိုင်မှသာ မိမိရဲ့ တစ်ကိုယ် ရေ ဖွံ့ဖြိုးတိုးတက်မှုကလည်း ယှဉ်တွဲ လိုက်လာမှာဖြစ်ပါတယ်။ အားလုံးဟာ အစွဲကင်းကင်းနဲ့ အမုန်းတွေဖယ်ခွာပြီး အေးအေးချမ်းချမ်နေချင်ကြမှာ သေချာ ပါတယ်။ ပညာကောင်းကောင်းသင်ပြီး အလုပ်လည်းကောင်းကောင်း လုပ်ချင် ကြမှာပါ။ ဒါမှ “ကျွဲကူးရေပါ” ဆိုသလို မိမိတို့ဘဝလည်း တိုးတက်ပြီး နိုင်ငံ လည်းဖွံ့ဖြိုးပြီး ငြိမ်းချမ်းသာယာလာ မယ်ဆိုတာ မျှော်လင့်နိုင်မှာဖြစ်ပါတယ် ဆိုတာကို လေးစားစွာ တင်ပြရင်း ...
- “တစ်စုံတစ်ယောက်ကိုမျှ မိမိ ကြောင့် မထိခိုက် မနာကျင် မပျက်စီးစေရဘဲ အမျက်ဒေါသ စိုးရိမ်သောကတွေ ကင်းဝေးပြီး အေးချမ်းသာယာကြပါစေ”
- “အစွဲကင်း၍ အားလုံးလည်း ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ”
- ဖြစ်နိုင်ရင် “အစွဲကင်းပြီး ဝိမောက္ခ မဂ်ဖိုလ်ဖြစ်တဲ့ စိတ်ရသည်အထိ လွတ်မြောက်ရာကိုလည်း ရှာနိုင် ကြပါစေ”
စသည်ဖြင့် ဆန္ဒပြုလျက် ဆုမွန် ကောင်း တောင်းလိုက်ရပါတယ်။ ။
- Log in to post comments