မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုမှာ ကျန်းမာရေးဝန်ကြီးဌာန၏ အလေးထားဆောင်ရွက်မှု၊ ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် ကောင်းမွန်သောအနေအထားရှိနေသည်။ ကိုဗစ်-၁၉ ကူးစက်ရောဂါ စောင့်ကြပ် ကြည့်ရှုရေး ရက်သတ္တပတ်အလိုက် ဓာတ်ခွဲနမူနာ ရယူစစ်ဆေးမှု၊ ဓာတ်ခွဲအတည်ပြု လူနာတွေ့ရှိရမှုနှင့် ရောဂါပိုးတွေ့ရှိမှုနှုန်းအခြေအနေများကို အလေးထား ဆောင်ရွက်လျက်ရှိရာ အတည်ပြုလူနာတွေ့ရှိမှုနှင့် ရောဂါပိုးတွေ့ရှိမှုများမှာ အပတ်စဉ်လျော့နည်းကျဆင်းလျက်ရှိပြီး တစ်ရာခိုင်နှုန်းနှင့် နှစ်ရာခိုင်နှုန်းအတွင်း ရှိနေသည်။
ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ (အိုမီခရွန်) ရောဂါပိုးသည် ဒီဇင်ဘာလ ၂၇ ရက်နေ့အထိ နိုင်ငံပေါင်းတစ်ရာကျော်တွင် ပျံ့နှံ့လျက်ရှိရာ အတည်ပြု လူနာစုစုပေါင်း နှစ်သိန်းခန့်ရှိနေသည်။ ဥရောပနိုင်ငံများ၊ ကနေဒါ၊ အမေရိကန်၊ အာဖရိကနိုင်ငံများ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ သြစတြေးလျနိုင်ငံ စသည့်နိုင်ငံ၊ ဒေသတို့တွင် ကူးစက်ဖြစ်ပွားနေပြီး အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ် အိမ်နီးချင်းနိုင်ငံတို့နှင့် ဒေသတွင်းနိုင်ငံများဖြစ်သော သီရိလင်္ကာ၊ နီပေါ၊ စင်ကာပူ၊ မော်လ်ဒိုက်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဘရူနိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့တွင် အိုမီခရွန်ရောဂါပိုး ကူးစက်ဖြစ်ပွားနေသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ (အိုမီခရွန်)နှင့် ပတ်သက်၍ ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသောအခြေအနေများကို မျက်ခြည်မပြတ် စောင့်ကြပ်ကြည့်ရှုစစ်ဆေးလျက်ရှိပြီး မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ကူးစက်မှု မရှိစေရန် အချိန်နှင့်တစ်ပြေးညီ အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ် များဖြင့် ပြန်လည်ဝင်ရောက်လာသူများအနက် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသော ဓာတ်ခွဲနမူနာများအား ဆေးသုတေသန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန၊ တပ်မတော်ဆေးသုတေသနဌာနတို့က ဓာတ်ခွဲစစ်ဆေးခြင်းအပြင် ဒေသတွင်း ကျန်းမာရေး WHO ရည်ညွှန်းဓာတ်ခွဲခန်းများသို့ ပို့ဆောင်၍စစ်ဆေးခဲ့ရာ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများအနက် ဓာတ်ခွဲနမူနာ ၃၀ ကို ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် စစ်ဆေးခဲ့သည်။
ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရရှိသောစစ်ဆေးမှုအဖြေအရ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှ ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံ သား လေးဦး၏ ဓာတ်ခွဲနမူနာများတွင် အိုမီခရွန်ရောဂါပိုးတွေ့ရှိရပြီး ကျန်ဓာတ်ခွဲ နမူနာ ၂၆ ခုတွင် ကိုဗစ်-၁၉ ဒယ်လ်တာရောဂါပိုး တွေ့ရှိခဲ့သည်။ အိုမီခရွန်ရောဂါပိုး ဓာတ်ခွဲအတည်ပြု တွေ့ရှိခဲ့သူ လေးဦးအနက် တစ်ဦးသာလျှင် သာမန်ရောဂါ လက္ခဏာတွေ့ရှိရပြီး ကျန်သုံးဦးသည် ရောဂါလက္ခဏာ မတွေ့ရှိရကြောင်း သိရှိ ရသည်။ ယင်းပုဂ္ဂိုလ်လေးဦးစလုံးအား ကုသရေးစင်တာများတွင် စောင့်ကြပ် ကြည့်ရှု၍ သတ်မှတ်ရက်ပြည့်မြောက်ပြီး ကျန်းမာရေးကောင်းမွန်သောကြောင့် ကုသရေးစင်တာမှ ဆင်းခွင့်ရခဲ့ကြောင်း သိရသည်။
ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း တစ်ရာကျော် အိုမီခရွန်ရောဂါပိုးသစ် ကူးစက် ဖြစ်ပွားနေပြီး အချိန်ကာလကြာမှ မြန်မာနိုင်ငံနှင့်ပတ်သက်လာရာ ရောဂါပိုးသစ်နှင့် ပတ်သက်၍လည်း သံသယရှိသူလေးဦးမှာ စိုးရိမ်ဖွယ်ရာမရှိသည်ကို တွေ့ရှိခဲ့ရ သည်။ ထို့ကြောင့် ပြည်သူလူထုအနေဖြင့် အိုမီခရွန်ရောဂါပိုးသစ်နှင့်ပတ်သက်၍ အလွန်အမင်း စိုးရိမ်ကြောင့်ကြခြင်းမဖြစ်ဘဲ တစ်ဦးချင်းအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အခြေခံစည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်း၊ သံသယရောဂါ လက္ခဏာရှိသူများအနေဖြင့်လည်း နီးစပ်ရာကျန်းမာရေးဌာနများသို့ သတင်း ပေးခြင်း၊ အလှည့်ကျရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို မပျက်မကွက် အကြိမ်ပြည့်ထိုးနှံခြင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် ကျန်းမာရေးဌာနသို့ ဆက်သွယ်ပို့ဆောင် ခြင်းတို့အား မမေ့မလျော့ သတိပြုဆောင်ရွက်ကြရန် လိုအပ်ပါသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ (အိုမီခရွန်) ရောဂါပိုးနှင့်ပတ်သက်၍ တွေ့ရှိခဲ့ရပြီဖြစ်၍ ပြည်သူများအနေဖြင့် အလွန်အမင်းစိုးရိမ်ကြောင့်ကြခြင်းလည်းမဖြစ်၊ အလွန်အမင်းပေါ့ဆခြင်းလည်း မဖြစ်စေသည့် အစွန်းနှစ်ပါးကို ရှောင်ရှားကာ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသော အခြေခံကျန်းမာရေးစည်းမျဉ်းစည်းကမ်းများကို မပျက်မကွက် လိုက်နာဆောင်ရွက် ကြပြီး နေထိုင်လုပ်ကိုင်ဆောင်ရွက်ကြပါရန် အသိပေးတိုက်တွန်းနှိုးဆော်အပ် ပါကြောင်း။ ။