မြန်မာ့နိုင်ငံရေးအပြောင်းအလဲနှင့်စပ်လျဉ်း၍ ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ ပြုလုပ်ခဲ့သည့် အာဆီယံခေါင်းဆောင်များ အစည်းအဝေးအတွင်း သဘောတူညီ ခဲ့သည့် တူညီဆန္ဒ (၅) ရပ် အကောင်အထည်ဖော်မှုကို မြန်မာနိုင်ငံက အပြုသဘောဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ အောက်တိုဘာလ ၁၄ ရက်နေ့က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် အဆိုပါ တူညီဆန္ဒ (၅) ရပ် အကောင်အထည်ဖော်မှုအရ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားသည့် ဘရူနိုင်းနိုင်ငံခြားရေး ဝန်ကြီး (၂)နှင့် ထိတွေ့ဆွေးနွေးမှုများ ပြုလုပ်ခဲ့သလို မြန်မာနိုင်ငံသို့ ၎င်းလာရောက်နိုင်ရေးအတွက်လည်း ပြင်ဆင်မှု၊ စီစဉ်မှုနှင့် လိုက်လျောမှုတို့ကို အတတ်နိုင်ဆုံး ပြုလုပ်ပေးခဲ့သည်။
အာဆီယံခေါင်းဆောင်များအစည်းအဝေးမှ ထွက်ပေါ်လာခဲ့သည့် တူညီဆန္ဒ (၅) ရပ်ကို လက်ခံခဲ့ခြင်း၊ အာဆီယံဥက္ကဋ္ဌ၏ အထူး ကိုယ်စားလှယ်ခရီးစဉ်အတွက် မြန်မာဘက်က ဆောင်ရွက်ပေးရမည့် ကိစ္စများကို အတတ်နိုင်ဆုံး လိုက်လျောဆောင်ရွက်ပေးခဲ့ခြင်းက မြန်မာနိုင်ငံ၏ အပေါင်းလက္ခဏာဆောင်သည့် သဘောထားနှင့် ပူးပေါင်းဆောင်ရွက်လိုသည့် ဆန္ဒတို့ကို ပြသနေခြင်းပင်ဖြစ်သည်။ အာဆီယံအဖွဲ့အစည်းအတွင်း ကဏ္ဍအသီးသီးအလိုက် ပူးပေါင်း ဆောင်ရွက်ကြရာတွင် (၁) တစ်ဦးနှင့် တစ်ဦး ထိတွေ့ပြီး ယုံကြည်မှု တည်ဆောက်ခြင်း၊ (၂) အရေးအခင်းတစ်ခု ဖြစ်ပေါ်မလာမီ သံတမန် နည်းအရ ကြိုတင်ဝင်ရောက်ကာကွယ်ခြင်း၊ (၃) ပဋိပက္ခဖြစ်စေမည့် နည်းလမ်းများကို သတိပြုရှောင်ရှားဖြေရှင်းခြင်းဟူ၍ အဆင့်(၃) ဆင့်ဖြင့် ဖြေရှင်းသည်။ အာဆီယံ၏ အခြေခံစည်းမျဉ်း (၆) ရပ် တွင်လည်း (၁) နိုင်ငံအားလုံး၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ ညီမျှမှု၊ နယ်မြေပိုင်ဆိုင်မှုနှင့် အမျိုးသားရေးလက္ခဏာများကို အပြန်အလှန် လေးစားရေး၊ (၂) နိုင်ငံတစ်နိုင်ငံ၏ တည်ရှိခွင့်သည် အခြားနိုင်ငံများ၏ ဝင်ရောက်စွက်ဖက်ခြင်း၊ နိုင်လိုမင်းထက်ပြုခြင်း၊ ခြိမ်းခြောက်ခြင်းတို့မှ ကင်းလွတ်စေရန်၊ (၃) တစ်နိုင်ငံ၏ ပြည်တွင်း ရေးကို အခြားနိုင်ငံများမှ ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်ရန်၊ (၄) အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန်၊ (၅) အာဏာသုံး၍ ခြိမ်းခြောက်မှုများ မပြုလုပ်ရန်၊ (၆) နိုင်ငံအချင်းချင်း ထိထိ ရောက်ရောက် ပူးပေါင်းကူညီဆောင်ရွက်ရန်ဟူ၍ ချမှတ်ထားသည်။
မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေသည် ဒီမိုကရေစီမှ နောက်ကြောင်းပြန်လှည့်သွားပြီး စစ်အာဏာရှင်နိုင်ငံအဖြစ်သို့ ရောက်ရှိသွားခြင်း မဟုတ်သည်ကို သိနားလည်ကြရန်လိုအပ်သည်။ လက်ရှိအစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင့်သုံး ပေါ်ပေါက်လာသည့် အိမ်စောင့်အစိုးရဖြစ်ပြီး မြန်မာနိုင်ငံသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်ကာလကို ဖြတ်သန်းနေရချိန် ဖြစ်သည်။ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ အကြမ်းဖက်အဖျက်လုပ်ငန်းများကို ဖော်ထုတ်နှိမ်နင်းရေးတို့ကို အလေးထားဆောင်ရွက်နေရချိန်ဖြစ်သည့်အတွက် အာဆီယံဥက္ကဋ္ဌ အထူးကိုယ်စားလှယ်၏ တောင်းဆိုချက်အချို့ကို ဆောင်ရွက်ပေး ရန်မှာ လတ်တလောအခြေအနေများအရလည်းကောင်း၊ မြန်မာ နိုင်ငံ၏ တည်ဆဲဥပဒေများအရလည်းကောင်း အခက်အခဲတို့ ရှိနေ သည်ကို နားလည်လက်ခံပေးနိုင်ရန်လည်း လိုအပ်လျက်ရှိသည်။ တောင်းဆိုချက်ကို တရားသေ ဆုပ်ကိုင်ပြီး ဖိအားပေးသည့် နည်းလမ်းသည် အာဆီယံ၏အစဉ်အလာနှင့် သွေဖည်ကာ ကောင်းကျိုးရလဒ် ဖြစ်ပေါ်လာမည့် နည်းလမ်းမဟုတ်သည့် အလျောက် ထိတွေ့ဆွေးနွေးခြင်းဖြင့် နှစ်ဖက်ယုံကြည်မှု တည်ဆောက်ခြင်းမှ စတင်ကာ ဆက်လက်အဖြေရှာသွားကြရမှာဖြစ်သည်။
အောက်တိုဘာ ၁၅ ရက်က ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးတွင် မကြာမီ ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံမှ ကိုယ်စားပြု တက်ရောက်ရေးနှင့်စပ်လျဉ်း၍ အာဆီယံနိုင်ငံအချို့ ၏ ဆွေးနွေးပြောကြားချက်များက အာဆီယံ၏ ပဋိညာဉ်နှင့်အခြေခံမူ များ၊ အာဆီယံ၏ ရည်ရွယ်ချက်တို့နှင့် ဆန့်ကျင်လျက်ရှိရာ မြန်မာ နိုင်ငံက ပြင်းထန်စွာကန့်ကွက်ခဲ့သည်။ အာဆီယံ၏ အနှစ်သာရ သည် ပူးပေါင်းဆောင်ရွက်မှုနှင့်ညီညွတ်သော စိတ်ဓာတ်ဖြစ်သည်။ မတူကွဲပြားမှုများကို အသိအမှတ်ပြုထားပြီး စည်းလုံးညီညွတ်မှုကို အခြေခံထားခြင်း၊ အင်အားကြီးနိုင်ငံများနှင့် အခြားသော အဖွဲ့အစည်း များ၏ လွှမ်းမိုးမှုကို မခံခြင်းတို့သည် အာဆီယံ၏ ဂုဏ်ဒြပ်အဖြစ် ခံယူကာ အစဉ်အလာကောင်းများကို မပစ်၊ မပယ် ဆက်လက် ထိန်းသိမ်းသွားနိုင်ပါစေကြောင်း။ ။