အဓိပတိလမ်းက ဖြတ်လျှောက်မှတ်တမ်း

Type

 

ဒေါက်တာ ခင်မောင်လွင်(လမ်းမတော်)

 

 

ကျေပါတယ် မအေးစိန်ရယ်

ခွက်စုတ်ကလေးများနှင့် ရေပက်ကစားနေရ သော ကျွန်တော်တို့ ကလေးတစ်သိုက်မှာ ရေပက်ခံထွက်လာသော ဂျစ်ကားပေါ်မှ အစ်ကိုကြီး၊ အစ်မကြီးများ၏ သရော်လှောင် ပြောင်မှုကို ဤသို့ သံပြိုင်အော်ဟစ် တုံ့ပြန် ခဲ့ဖူးပါသည်။ ဘေးနားက ဖြတ်သွားသော ရေပက်ခံကားပေါ်မှ အမျိုးသားအချို့ကလည်း ရေလှမ်းပက်ရင်း “မအေးစိန် ပါလားဗျို့”ဟု အော်ပြောသွားသည်ကို လှမ်းသတိရမိ၏။

အမှန်အားဖြင့် မအေးစိန်ကိုလည်း မသိ ပါ။ သူ့ဇာတ်လမ်းကိုလည်း မသိပါ။ အစ်ကိုကြီးများ ပြောနေသံကို သံယောင် လိုက်၍ အော်လိုက်ကြခြင်းသာဖြစ်ပါသည်။ ထိုစဉ်က ကျွန်တော်တို့ ရေပက်နေကြသော နေရာသည် နာမည်ကြီး “ရန်ကင်းကောလိပ်” အဝင်ဝလမ်းချိုးနားမှာ ဖြစ်ပါသည်။ အရွယ် ရောက်လာသောအခါမှ “ကောလိပ်ဂျင်” ရုပ်ရှင်ကားကြီးမှ ဇာတ်ဝင်စကားလုံးဖြစ်ပြီး လူကြားမှာ ရေပန်းစားအသုံးများခဲ့ခြင်းဖြစ် ကြောင်း သိရပါသည်။

ရန်ကုန်ယူနီဗာစီတီကောလိပ်မှ ပေါက် ဖွားလာသော ဆွတ်ပျံ့ဖွယ် ဇာတ်လမ်း တစ်ပုဒ်။ ကောလိပ်ကျောင်းသား၊ ကောလိပ် ဘောလုံးသမားမှ ရုပ်ရှင်မင်းသားဖြစ် လာသော ကောလိပ်ဂျင်နေဝင်းမှာလည်း သူသရုပ်ဆောင်ခဲ့ရာ ဇာတ်ကားမှတစ်ဆင့် ကောလိပ်ဂျင်နေဝင်းအဖြစ် အမည် ကျော်ကြားခဲ့ပြီး ရုပ်ရှင်ကားပေါင်းများစွာ ရိုက်ကူးပေးခဲ့ရုံမက အကယ်ဒမီရုပ်ရှင် ထူးချွန်ဆုကြီးကိုပါ ရရှိဆွတ်ခူးခဲ့သူ ဖြစ်ပါ သည်။

သို့သော် သူ့ကို “ကောလိပ်ဂျင်” ဖြစ်လာ အောင် ဖန်တီးပေးခဲ့သူတစ် ယောက်ရှိကြောင်း နောက်မှ သိလာရသည်။ သူကားဆရာကြီး ဇဝနပင်ဖြစ်ပါသည်။ “ကောလိပ်ကျောင်းသား” ဝတ္ထုရှည်သည် ကျောင်းသူ ကျောင်းသားတို့၏ ဘဝသရုပ်ဖော်ရာ၌ ပီပြင်လှပါ၏။ ပီဘိသေး ငယ်လှသော ရန်ကုန်တက္ကသိုလ်၏ အဝန်း အဝိုင်းထဲကနေ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့ ကြားထဲ တိုးဝင်ထွင်းဖောက်နိုင်ခဲ့ပါသည်။ ဆရာဇဝနက ဟာသသန်သူဖြစ်သဖြင့် သူ ဖန်တီးအသက်သွင်းခဲ့သော ကောလိပ်ဂျင် နေဝင်းမှာလည်း ဟာသသရုပ်ဆောင်၊ သဘာဝ သရုပ်ဆောင်ဖြစ်ခဲ့လေသည်။

သူတို့နှင့်လုံးဝမတူသော စာရေးဆရာ ကြီးကား တက္ကသိုလ် ဘုန်းနိုင်ပင်။ “သူငယ် ချင်းလို့ပဲဆက်၍ ခေါ်မည်ခိုင်” ဝတ္ထုသည် ချစ်တတ်သူတို့၏ ရင်ထဲသို့ တသိမ့်သိမ့် ဝင်ရောက်ခဲ့၏။ သူ့ဝတ္ထုများမှာ ပညာရပ် ဆိုင်ရာနှင့်တွဲ၍ သူကိုယ်တိုင် ထိုးလိုက်သော တယောသံကဲ့သို့ ခံစားရစေ၏။ သိင်္ဂါရ ရသကို ပေးစွမ်းသည်ချင်း အတူတူ ဆရာငြိမ်းကျော်၏ “နှလုံးသားမြို့ဟောင်းတူးဖော်ချက် နောက် ဆုံးအစီရင်ခံစာ” မှာ တက္ကသိုလ်၏ ပညာရနံ့ လွှမ်းနေသော အချစ်ဇာတ်လမ်းတစ်ပုဒ်ပင်။ မတူညီသော ခံစားချက်ဖြင့် လက်သံပြောင် ခဲ့သော ဆရာအောင်ပြည့်၏ “ပြိုမှာလေလား မိုးရဲ့” ဝတ္ထုနှင့်အတူ သူနှင့် ဆရာကြီး သော်တာဆွေ၊ ပန်းချီအောင်စိုးတို့၏ လျှပ်တစ် ပြက် သရုပ်ဆောင်မှုကိုလည်း ကြည့်ရှုခွင့်ရခဲ့ ပါ၏။

တက္ကသိုလ်ကျောင်းသူ ကျောင်းသား တွေကြားမှာ သည်းသည်းလှုပ်ခဲ့သော ရုပ်ရှင် ကားတစ်ကားမှာ“ပန်းတွေနဲ့ဝေ” ဖြစ်ပါသည်။ စန္ဒရား လှထွဋ်၏ သီချင်း၊ ညွန့်ဝင်းနှင့် ခင်ယု မေတို့၏ သရုပ်ဆောင်မှုများမှာ စွဲငြိစရာပင်။ ရန်ကုန်ယူနီဗာစီတီကောလိပ်မှသည် ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ် စသည်ဖြင့် အမည်တံဆိပ်ကပ်နှိပ်၍ လူထု အတွင်း ထွက်လာသော ဇာတ်အစုံစုံတို့မှာ ရုပ်ရှင်သရုပ်ဆောင်သူများသာမက စာရေး ဆရာကြီးများသည်လည်း သရုပ်ပြအမွှမ်းတင် သူများ၊ ဒါရိုက်တာများ၊ ပင်မဇာတ်ဆောင် များအဖြစ် မှတ်မှတ်သားသားရှိမိပါသည်။

ရန်ကုန်တက္ကသိုလ်ဟူသော ဇာတ်ပန္နက် မှ ထွက်လာသမျှသော ဇာတ်လမ်းများမှာ တကယ့်ဘဝနှင့် နီးစပ်သည်လည်းရှိ၊ စိတ်ကူး ယဉ်ဆန်သည်လည်းရှိ၊ ပညာရပ်ဖြင့် မွမ်းထုံ ထားသည်လည်းရှိပါ၏။ ထိုအထဲမှ တကယ့် ဘဝ ဖြစ်စဉ်များကား ယခုအခါ အနှစ်တစ်ရာ သမိုင်းစာမျက်နှာဖြစ်လာခဲ့ပေပြီ။ အသီးသီး သော ပုဂ္ဂိုလ်တို့၏ လေ့လာသုံးသပ်ရေးသား တင်ပြချက်များသည် မှတ်သားစရာကောင်း လှတော့၏။ သို့ရာတွင် နှောင်းလူတို့အတွက် မှတ်သားစရာကောင်းသလောက် ရန်ကုန် တက္ကသိုလ်၏ သမိုင်းကို ဖန်တီးခဲ့ကြသူများမှာ ဘဝကြမ်းကို ဖြတ်သန်းခဲ့ရသူချည်းပင်ဖြစ် ပါ၏။

သာမန်အားဖြင့်ကြည့်လျှင် ဤပညာ ရပ်ဝန်းဒေသမှ သိပ္ပံ၊ ဝိဇ္ဇာအတတ်ပညာတွေ သာ ထွက်လာမည်ဟု ထင်စရာရှိသော်လည်း လက်တွေ့တွင် အတွေးအခေါ် မြင့်မားမှုကို မွေးမြူရင်း လူသားတို့၏ ခံစားမှုကို အခြေပြု ၍ ထွက်လာသော အဖြစ်အပျက်များမှာ အနှစ် တစ်ရာနှင့်အမျှပင်။ ပို၍စိတ်ဝင်စားဖွယ် ကောင်းသည်မှာ ဤမည်သော ရန်ကုန်ယူနီ ဗာစီတီကောလိပ်ကြီး၏ အစဆုံးသမိုင်းကိုပင် “ပေါက်ကွဲသံစဉ်”နှင့် ခရီးဦးကြိုပြုခဲ့သည့် အချက်ပင်။

နိုင်ငံရေးမျက်စိဖွင့်ပေး

ဆီးစေ့နှင့် မြင်းမိုရ်တောင်ကိုပေါက်၍ စိန်ခေါ်သကဲ့သို့ ရန်ကုန်တက္ကသိုလ် ကျောင်း သားတစ်စုသည် နေမဝင်အင်ပါယာကြီး အရှင် သခင် အင်္ဂလိပ်အစိုးရကို စိန်ခေါ်ခဲ့ပါသည်။ တစ်ဆက်တည်းပင် မြန်မာတစ်နိုင်ငံလုံး၌ “အမျိုးသားရေး စိတ်ဓာတ်”ကို လှုံ့ဆော်ပေး ခြင်းဖြင့် ကြမ်းတမ်းခက်ခဲလှသော လွတ်လပ် ရေး တိုက်ပွဲများဆီသို့ လူထု၏ ပူးပေါင်းပါဝင် မှုကို ဦးတည်စေခဲ့ပါသည်။ ရန်ကုန် ယူနီဗာ စီတီကောလိပ်မှ အစတည်၍ အမျိုးသား ကျောင်းများ ဖြစ်တည်လာပြီး မြန်မာလူငယ် တို့ကို နိုင်ငံရေးမျက်စိဖွင့်ပေးရာမှအစပြု၍ တက္ကသိုလ် ကျောင်းသား အစဉ်အဆက်သည် နိုင်ငံရေးတိုက်ပွဲများကို လူထုကြားမှာ ဦးဆောင်သွားကြသည်ဟု ဆိုနိုင်ပါသည်။

အထင်ရှားဆုံး အမွေအဖြစ်ပြစရာ “ခွေး သရမ်းကြီးလွတ်နေသည်”ဟူသော ဆောင်းပါး ပါသောကြောင့် အယ်ဒီတာချုပ်လုပ်နေသော သခင်အောင်ဆန်းကို အရေးယူခဲ့ခြင်းသည် သာဓကတစ်ခုပင်။ အင်္ဂလိပ်ခေတ်ထွက် နိုင်ငံရေးသမားကြီးများကို ထိုးဖောက်၍ လူငယ်များ၏ စွန့်စားတော်လှန်မှုသည် အရင်းအနှီးကြီးကြီး ပေးခဲ့ရသလောက် လွတ်လပ်ရေးဟူသော ဆုထူးကြီးကို နှလုံး ရည်၊ လက်ရုံးရည်နှင့်ရယူခဲ့သောကြောင့်သာ ကျွန်တော်တို့တစ်တွေ ယခုလို တက္ကသိုလ် ရာပြည့်ပွဲတော်ကြီးကို လွတ်လပ်သော နိုင်ငံ သားများအဖြစ် ဆင်နွှဲခွင့်ရနေကြခြင်းပင်။

ကျွန်တော်ကား လွတ်လပ်သော မြန်မာ နိုင်ငံသားအဖြစ် မွေးဖွားလာခဲ့သော အခွင့်ထူး ခံလူသားတစ်ယောက်ပင်ဖြစ်ပါသည်။ ပို၍ ထူးခြားသော အခွင့်အရေးများအဖြစ် ရန်ကုန် တက္ကသိုလ်ကြီး၏ အဓိက ဇာတ်ဆောင်များ၊ ဇာတ်ပို့၊ ဇာတ်ရံများနှင့် ကံအားလျော်စွာ ထိတွေ့ခွင့်ရရှိခဲ့ခြင်းပင်။ ရန်ကုန်တက္ကသိုလ် တည်းဟူသော ပင်မဇာတ်အိမ်ကြီးမှ ဖြာထွက် လာသော ဇာတ်ခုံတွင် အခန်းကဏ္ဍအမျိုးမျိုးမှ သရုပ်ဆောင် သွားကြသူများကြားတွင် ကျွန်တော်လည်း “ဖြတ်လျှောက်” တစ်ယောက်အနေဖြင့် ပါဝင်ခဲ့ရပါသည်။ ထင်ရှားကျော်ကြားသူများ၏ သရုပ်ကို ပီပြင် စေရန် မထင်မရှား၊ အမှတ်တမဲ့ဖြတ်လျှောက် ပေးရသောသူတစ်ယောက်ဖြစ်၍ ဇာတ်ပို့၊ ဇာတ်ရံဟုပင် မခေါ်ထိုက်သူဖြစ်ပါသည်။

ကျွန်တော် ရှစ်တန်းကျောင်းသားအရွယ် ကပင် စတင်၍ ရန်ကုန်တက္ကသိုလ်မင်းသား ကြီးများနှင့် ထိတွေ့ခွင့်ရခဲ့၏။ ၁၉၆၅ ခုနှစ် ငပလီလူရည်ချွန်စခန်းတွင် ဖြစ်ပါသည်။ ပင်လယ်ကမ်းစပ် ကျောက်တုံးကျောက် ဆောင်များကြားတွင် တူတစ်ချောင်းကိုင်ကာ သင်ပြခဲ့သော ဘူမိဗေဒ ပါမောက္ခကြီး ဒေါက်တာ ညီညီ။ သံပခြုပ်၊ နတ်သမီး ဆံထိုးစသော ပင်လယ်သတ္တဝါငယ်လေးများ အကြောင်း သင်ပြသော ပါမောက္ခ ဒေါက်တာ သာမြင့်။ ရေချို၊ ရေငန်မှာ ရှင်သန်နေသော အပင်များအကြောင်း သင်ပြသော ပါမောက္ခ ဒေါက်တာ သန်းထွန်း စသူတို့ထံမှ တန်ဖိုး မဖြတ်နိုင်သော ပညာရပ်များကို ရခဲ့ပါ၏။

ငပလီညမှောင်မှောင် သဲသောင်ပေါ်မှ လျှောက်သွားရင်း ကောင်းကင်ကို ညွှန်ပြကာ နက္ခတ်တာရာများအကြောင်း သင်ပြပေးခဲ့ သော ဆရာကြီး မင်းသုဝဏ်ထံမှ ဆည်းပူးခဲ့ရ သော ပညာများဖြင့် ကျွန်တော်စာရေးဖြစ်ခဲ့၏။ နက္ခတ်တာရာများနှင့် ကဗျာများ၏ ဆက်စပ် မှုကို သိမြင်လာခဲ့ရသဖြင့် ယနေ့ထက်တိုင် ကြယ်တာရာလေးများ၏ မိတ်ဆွေအဖြစ် ရပ်တည်ဆဲပင်။

“မောင်ရင်ဆိုင်းထမ်း၊ ရေမှုတ်ကမ်း

လက်လှမ်းမမီနိုင်”

“ကြတ္တိကာကြယ်ခုနစ်သွယ် ကြက်ငယ် စုသလို” စသည့် သံပေါက်များဖြင့် မိတ်ဆက် ပေးခဲ့သော ဆရာကြီး မင်းသုဝဏ်ကြောင့် ကမ္ဘာ့အပြင်ဘက်သို့ ဆန့်ထွက်နိုင်သော စိတ်ကူးကို မွေးမြူနိုင်ခဲ့ပါသည်။ ဆရာကြီး ကြောင့် ဒေါက်တာ ခင်မောင်လွင် (လမ်းမတော်) ဖြစ်ခဲ့ရ၏။

ငပလီစခန်းမှအပြန် ရန်ကုန်လူရည်ချွန် စခန်းတွင် တကောင်းဆောင်၌ တည်းခိုခွင့်ရခဲ့ ပါသည်။ တကောင်းဆောင်သည် မိန်းကလေး ဆောင်ဖြစ်ကြောင်းကို ရှစ်တန်းကျောင်းသား ကျွန်တော်မသိသေးပါ။ သို့သော် တက္ကသိုလ် မြေသို့ ခြေချခွင့်ပထမဦးဆုံး ရခဲ့ပေပြီ။

 

တစ်နေ့က ရိုက်ထားမိသော ဓာတ်ပုံတွင် တကောင်းဆောင်သည် ယခင်အတိုင်း သစ် သားဆောင်အဖြစ် ရှိနေဆဲဖြစ်ကြောင်း တွေ့ခဲ့ ရ၏၊ ကျွန်တော်ပညာသင်ခဲ့ရသော လိပ်ခုံး ကြီးကား မရှိတော့ပြီ။ သို့ရာတွင် ဘီအိုစီ ကောလိပ်အဆောင်များတွင် အခြေခံသော ပညာများကို သင်ယူခွင့်ရခဲ့၏။ မလှမ်းမကမ်းရှိ ရန်ကုန်တက္ကသိုလ် နားနေဆောင် (RC) သို့ လည်း ချောင်းပေါက်အောင် ရောက်ခဲ့၏။

ရှမ်းဘာသာစာပေကို အခြေခံမျှ သင်ယူ ခွင့်ရခဲ့၏။ ရန်ကုန်တက္ကသိုလ် စာပေနှင့် ယဉ်ကျေးမှုအသင်းနှင့် ကျွန်တော်တို့ ဆေး တက္ကသိုလ်(၁) အနုပညာ အသင်းတို့မှာလည်း အနီးကပ်ဆက်စပ်မှုရှိခဲ့၏။ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၏ ရွှေရတုသဘင်မှာလည်း ပါဝင်ဆင်နွှဲခွင့်ရခဲ့၏။ ထိုစဉ်က ခေတ်ပြိုင် ရန်ကုန်တက္ကသိုလ် ကျောင်းသားတို့၏ “မှတ် တိုင်ကလေးကို ကားပေါ်တင်” အမည်ရှိ ပြဇာတ်မှာ လူထုကြားမှာ ရေပန်းစားခဲ့ပါ သည်။ ကျွန်တော်တို့ ၏ “ဇွဲအငြိမ့်”နှင့် ရန်ကုန် စက်မှုတက္ကသိုလ်မှ အငြိမ့်များမှာလည်း အပြိုင်အဆိုင်ရှိခဲ့ကြပါသည်။

ကျွန်တော့်အတွက် တန်ဖိုးအရှိဆုံး ထိတွေ့မှုမှာ ပညာရေးသုတေသန ဗျူရို၏ ဥက္ကဋ္ဌဖြစ်သောဆရာကြီး ဒေါက်တာသန်းဦး နှင့်တွေ့ဆုံမှုဖြစ်ပါသည်။ ထိုစဉ်က တက္ကသိုလ် ကျောင်းသားကျောင်းသူများသည် ကျေးလက် သို့ဆင်း၍ စာတတ်မြောက်ရေး လှုပ်ရှားမှု ကြီးကို စတင်နေပါပြီ။ သူတို့ကို အားကျ၍ ဆရာကြီး ဦးသန်းဦးထံမှ “အ” သုံးလုံးကျေ လက်စွဲစာအုပ်များကိုတောင်းယူပြီး စာမတတ် သော အလုပ်သမားများကို အရေး၊ အဖတ်၊ အတွက် ပညာသင်ပေးခဲ့ပါသည်။ ထိုအတွေ့ အကြုံများအပေါ် မူတည်၍ အသံကို အခြေခံ သောနည်းဖြင့် နိုင်ငံခြားသားများအား မြန်မာ ဘာသာသင်နည်းတစ်ခုကို တီထွင်ပြီး ကျွန်တော့်ဇနီးက လက်တွေ့အသုံးချခဲ့သည်မှာ ယနေ့ထက်တိုင်ပင် ဖြစ်ပါသည်။ မြန်မာစာ ပါမောက္ခ ဦးသန်းထွဋ်၊ ပျဉ်းမနား မောင်နီသင်း တို့နှင့် ပခုံးချင်းဖက်၍ တကျက်ကျက် ငြင်းခုံ ခဲ့ကြဖူးပါသည်။ သို့ရာတွင် သက်ကြီးစာသင် နည်းများ၊ ကျွမ်းကျင်မှုအခြေပြု အစတည် ပညာသင်နည်းများတွင် ပါဝင်ခွင့်ရခဲ့ပါသည်။

ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းအတွင်းမှ မွေးထုတ်ခဲ့သော ပညာရှင်များသည် အခြေခံလူတန်းစား အကျိုးပြုကျောင်းပြင်ပ ပညာရေးကို အလေးအနက် စဉ်းစားတီထွင် ခဲ့ရာတွင်လည်း ကျွန်တော်တစ်ယောက် ဖြတ် လျှောက်အဖြစ်နှင့် ပံ့ပိုးခွင့်ရခဲ့၏။ စာတတ် မြောက်ရေးသာမက စာဖတ်ရှိန်မြှင့်တင်ရေး စာစဉ်များ၊ ပညာပေးစာစောင်များတွင်လည်း ရေးသားခွင့်ရခဲ့ပါသည်။ ဆရာဦးသန်းဦး၊ ဆရာဦးရဲအောင်၊ ဆရာဦးခင်မောင်ကြွယ်၊ ဆရာမ ဒေါ်ခင်ဆွေထွန်း၊ ဆရာ ဦးတင်ညို၊ ဆရာဦးမြင့်ဟန်၊ ဆရာမင်းလှအောင်ကြီးတို့ ထံမှ ပညာတွေများစွာ ရခဲ့ပါသည်။ သည့်ထက် ပိုပညာတိုးသည့် အခွင့်အလမ်းကို မကြာခင် မှာ ထပ်ဆင့်ရခဲ့ပါသည်။ ဒေသကောလိပ်များ တီထွင်လာချိန်တွင် ကျွန်တော်သည် အတွင်း စည်းထဲ ရောက်၍နေပါသည်။ ဆရာကြီး ဦးစံသာအောင်၊ ဒေါက်တာ မောင်မောင်ခ၊ သူတို့နှစ်ယောက်မှာမူ ကျွန်တော်တို့ ဆယ်တန်းအောင်ဖို့ အားကိုးခဲ့ရသော ရူပဗေဒ စာအုပ်မျက်နှာဖုံးပါ “ဒေါက်တာမောင်မောင်ခ နှင့် ဦးစံသာအောင်”ဆိုသော ပုဂ္ဂိုလ်ကြီး နှစ်ဦးနှင့် အနီးကပ်ဆုံတွေ့ခွင့်ရခြင်းပင်။

ထူးချွန်ထင်ရှားနေကြသူများ

သူတို့အုပ်စုထဲတွင် ပျော်ပျော်ရွှင်ရွှင်နေ တတ်သော ပါမောက္ခချုပ် ဒေါက်တာ မောင်ဒီ နှင့် စက်မှုတက္ကသိုလ် ပါမောက္ခချုပ် ဦးခင် အောင်ကြည်တို့လည်းပါ၏။ သူတို့ တီးတိုး ရယ်ပွဲဖွဲ့ကြသော အကြောင်းအရာကြောင့် ဒုက္ခရောက်ရသူမှာ စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်ညွန့်ပင် ဖြစ်ပါသည်။ လှိုက်လှဲစွာ ရယ်ပွဲဖွဲ့လိုက်သော သူ့အသံက လူကြီးတွေကြားထဲမှာ ပြဿနာ ပင်။ အရပ်အခေါ် “ရီချင်တယ်ကောလိပ်” များ၏ အုပ်ထိန်းသူများဖြစ်သော ဆရာ ဦးကောင်းညွန့်၊ ဆရာ ဦးတင်မြင့်တို့နှင့်အတူ ဓာတုဗေဒပါမောက္ခ ဆရာကြီး ဒေါက်တာ အောင်ခင်နှင့် ပါမောက္ခ ဦးမင်းဝဏ်တို့လည်း ပါလေသည်။ မည်သူက မည်သို့ပြောပြော ဒေသ ကောလိပ်ထွက် လူငယ်ပညာရှင်လေး များမှာ တကယ့် လုပ်ငန်းခွင်၊ တကယ့် ကျွမ်းကျင်ပညာရှင်များနှင့် ထိတွေ့သင်ကြား ခွင့်ရသဖြင့် ပညာရေးနယ်ခွင်ကို ကျော်လွန်၍ နိုင်ငံရေးနယ်ပယ်၊ စီးပွားရေး နယ်ပယ်မှာပါ ထူးချွန်ထင်ရှားနေကြသူများကို မြင်တွေ့ နိုင်ပါ၏။

ထိုသို့သော ပညာရှင်ကြီးများကြားတွင် တစ်မူကွဲပြားနေသူကတော့ ပါမောက္ခ ဒေါက်တာဘသန်းဟက်ပင် ဖြစ်ပါသည်။ သူတို့၏ ဘူမိဗေဒအဖွဲ့သည် နာမည်ထွက် လာ၊ လူကြိုက်များလာချိန်နှင့် တစ်ဆက် တည်း ထူးခြားသော သမိုင်းဝင်တွေ့ရှိချက် များကို ဖော်ထုတ်နိုင်ခဲ့လေသည်။ ပုံတောင် ပုံညာဒေသမှာ ရှိနေသော ကျစ်ချောင်များထဲမှ လူတူပရိုင်းမိတ်တစ်မျိုးဖြစ်သော “ပုံတောင် ဂျီယာကော့တာရိုင်” ၏ အောက်မေးရိုးကို တူးဖော်တွေ့ရှိခဲ့၏။ နှစ်ပေါင်း သန်း ၄၀ သက်တမ်းရှိ မြေသားများကြားမှ ကျောက် ဖြစ်ရုပ်ကြွင်းများထဲတွင် တွေ့ရှိခဲ့ကာ ယခင် က ပညာရှင်များ၏ မှတ်တမ်းများကို မြန်မာ က စိန်ခေါ်နိုင်ခဲ့လေသည်။ အီသီယိုပီးယား တွင် တွေ့သော “လူစီ”၊ ပီကင်းတွင် တွေ့သော “ပီကင်းလူ” တို့ထက် ရှေးကျကြောင်း သိရှိရ လေသည်။

ထိုလူတူပရိုင်းမိတ် မေးရိုးထည့်ထား သော သစ်သားသေတ္တာလေးများ ကျွန်တော့် စားပွဲပေါ်တွင် ရှိခဲ့ဖူး၏။ ထိုဘူမိဗေဒ ဆရာကြီးတို့ကား ထူးခြားသော သမိုင်းလမ်းပြ များပင်။ သူတို့မှတစ်ဆင့် ဗဟင်းဒေသ ကျစ်ချောင်များတွင် “အင်ဖီ ပစ်သစ်ကပ်(စ်)” လူတူပရိုင်းမိတ်များကို တွေ့ရှိခဲ့ကြလေသည်။ ထိုစဉ်ကတည်းက စွဲမြဲယုံကြည်ခဲ့သော ပညာရပ်။ သမိုင်းပညာရှင် ဒေါက်တာသန်း ထွန်း၊ ဦးမောင်မောင်တင်နှင့် တမ္ပဝတီ ဦးဝင်း မောင်တို့၏ ဆက်စပ်ဖော်ထုတ်မှု၊ တစ်နည်း အားဖြင့် သိပ္ပံပညာနှင့် ဝိဇ္ဇာပညာတို့၏ ပူးပေါင်းရလဒ်ကို မြန်မာနိုင်ငံ၏ ပညာ အမြုတေ ရန်ကုန်တက္ကသိုလ်နှင့် ဆက်စပ် တက္ကသိုလ်များမှ ဖော်ထုတ်ပေးခဲ့သည်ကို နှောင်းလူတို့ အသိအမှတ်ပြုကြလိမ့်မည်။ သူတို့ကို အားကိုး၍ ကျွန်တော့်အတွေ့အကြုံ နှင့် ပေါင်းစပ်ကာ “မြန်မာအစ မြန်မာက” ဟူသော စာအုပ်လေးတစ်အုပ်ကို ပြုစုခဲ့မိလေ သည်။

ဂုဏ်ယူစွာ သတိပြုမိခဲ့

စာပေလေ့လာမှုနှင့် ကွင်းဆင်းအတွေ့ အကြုံများ၏ ပေါင်းစပ်မှုများကြောင့် လူသား တို့က “အဓိပ္ပာယ်ရှိသောဘဝ” များ ရယူ ပိုင်ဆိုင်ခွင့် ရှိလေသည်။ အဓိပတိလမ်းမှ ချိုး၍ ကံ့ကော်ပင်တန်းလေးတွေကိုကျော် လျှင် တက္ကသိုလ်စာကြည့်တိုက်ကို ရောက် ၏။ ထိုစာကြည့်တိုက်တွင် အစဉ်အမြဲ ပြုံးချိုစွာ ကြိုဆိုနေသော ဦးသော်ကောင်းကို တွေ့နိုင်ပါသည်။ ယခု ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်အထိမ်းအမှတ် ဆောင်းပါး တစ်ပုဒ်တွင် “ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ထဲက ကျန်စစ်သားမင်းကြီးရဲ့ ရှေးဟောင်းအမွေ အနှစ်တစ်ခု” အကြောင်း ဒေါက်တာ အောင်မြင့်ဦး ရေးခဲ့သည်ကို ဖတ်ရသောအခါ ကျွန်တော် ကပ်ကျော်သွားခဲ့ မိသော သမိုင်းမှတ်တမ်းတစ်ခုအကြောင်း ဂုဏ်ယူစွာ သတိပြုမိခဲ့ပါတော့သည်။

မုဒိတာပွား၍ ရေးအားကောင်းကောင်း နှင့် ရေးရလျှင် ဆုံးမည်မထင်။ နိဂုံးအနေဖြင့် ရန်ကုန်တက္ကသိုလ်၏ (၉၆) နှစ်မြောက် အထိမ်းအမှတ်ကာလတွင် RC ထဲ၌ ဝက်ဝက် ကွဲအောင်မြင်ခဲ့သော ရန်ကုန်တက္ကသိုလ် အလှမယ်ရွေးချယ်ပွဲတစ်ခုကို ကျွန်တော်တို့ ဇနီးမောင်နှံ ပါဝင်ပါရမီဖြည့်ခဲ့ရသော အကြောင်းပင် ရေးချင်ပါ၏။ ပါမောက္ခချုပ် ဆရာ ဦးဖိုးကောင်းနှင့်တကွ ဆရာကြီး ဆရာမကြီးများ၏ ဦးဆောင်မှု၊ RC နှစ်ထပ် လုံးပြည့်လျှံအောင် အားပေးကြသော တက္ကသိုလ်ကျောင်းတော်သူ ကျောင်းတော် သားတို့၏ အဆင့်မြင့်သော အားပေးမှု၊ အလှသရဖူ တက္ကသိုလ်ကျောင်းသူများနှင့် ခေတ်ပေါ်ဖက်ရှင် ဒီဇိုင်နာများ၏ သဘာဝ ပတ်ဝန်းကျင်နှင့် လျော်ညီသော တီထွင်မှုများ ဖြင့် ဖြည့်ဆည်းခဲ့ကြ၏။ ထိုရာပြည့်အကြိုအတွေ့အကြုံများဖြင့် ကိုဗစ်-၁၉ အလွန် ကာလတွင် "Green Normal" ပြန်လည် ထူထောင်နိုင်မည်ဟု ယုံကြည်ပါ၏။ ။

 

စာရေးသူ၏

ကိုယ်ရေးအကျဉ်း

----------------------

- (၁၉၆၇)ခုနှစ်မှစ၍ စာပေနယ်သို့ ဝင်ရောက်သည်။

‌- ဒေါက်တာ ခင်မောင်လွင် (လမ်း မတော်)ကလောင်အမည်ဖြင့် (၁၉၇၅)ခုနှစ်မှစ၍ သတင်းစာဆောင်းပါးများ ရေးသားခဲ့သည်။ ဒေါက်တာခင်မောင် လွင် အမည်ရင်းဖြင့်လည်းကောင်း ၊ အောင်ဖုန်းမြင့်ဦး ကလောင်အမည် ဖြင့် လည်းကောင်း ဂျာနယ်များတွင် ရေးသားခဲ့သည်။ ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည်များကို ရေးသား လျက်ရှိပါသည်။

- (၂၀၀၇)ခုနှစ်တွင် ထွန်းဖောင်ဒေးရှင်း စာပေဆု၊ (၂၀၁၉)ခုနှစ်တွင် သုတ စွယ်စုံစာပေဆုများ ရရှိခဲ့သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနတွင် (၃၄)နှစ်ကြာ တာဝန်ထမ်း ဆောင်ခဲ့ပြီး ယခုလက်ရှိ အမျိုးသား ရေအရင်းအမြစ် ကော်မတီ၏ အကြံ ပေးအဖွဲ့ဝင်အဖြစ် လည်းကောင်း ကျန်းမာရေးဆိုင်ရာ အပြုအမူ ပြောင်း လဲရေး ဘာသာရပ်တွင် ဂုဏ်ထူး ဆောင် ပါမောက္ခအဖြစ်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။