မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် လပိုင်းမျှအကြာ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ရုရှား-မြန်မာ သံတမန် ဆက်ဆံရေးစတင်ခဲ့ရာ မြန်မာ့လွတ်လပ်ရေးကဲ့သို့ပင် ရုရှား- မြန်မာ ဆက်ဆံရေးသည်လည်း ၇၅ နှစ်တာ စိန်ရတုကာလသို့ ဝင်ရောက်လာခဲ့ပြီဖြစ်သည်။ သမိုင်းမှတ်တမ်းများအရမူ အောက်မြန်မာနိုင်ငံသို့ ကိုလိုနီနယ်ချဲ့အင်္ဂလိပ်တို့က တိုက်ခိုက် သိမ်းယူခြင်းခံခဲ့ရသည့် မြန်မာဘုရင်က ၁၈၇၃ ခုနှစ်တွင် ရုရှား အင်ပါယာနှင့် သံခင်းတမန်ခင်း ထူထောင်နိုင်ရန် စာချွန်လွှာ တစ်ရပ်ကို ရုရှားလူမျိုးခရီးသွားတစ်ဦးထံမှတစ်ဆင့် စိန့်ပီတာ စဘတ်သို့ ပေးပိုခဲ့ခြင်းဖြင့် မိတ်ဆွေဖွဲ့ရန် ကြိုးပမ်းခဲ့ဖူးသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးမား အကျယ်ပြန့်ဆုံးနိုင်ငံတစ်ခုဖြစ်ပြီး ဥရောပနှင့် အာရှတိုက်တို့ကို ဆက်စပ်တည်ရှိနေသည်။ နိုင်ငံ၏ ဧရိယာအစိတ်အပိုင်းအများစု မှာ အာရှတွင် ရှိနေခြင်းဖြစ်သည်။ ထို့အပြင် နျူကလီးယား လက်နက်များ ပိုင်ဆိုင်ထားသည့် အင်အားကြီးနိုင်ငံ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံအဖြစ်နှင့် ကမ္ဘာ့ရေးရာတို့တွင် တာဝန်သိသိ၊ သမာသမတ်ရှိရှိ ရပ်တည်နေသော နိုင်ငံတစ်နိုင်ငံ လည်းဖြစ်သည်။ မျက်မှောက်ကာလ နိုင်ငံတကာဆက်ဆံရေး နယ်ပယ်တွင် ဗိုလ်ကျစိုးမိုးလိုမှုနှင့် အုပ်စုဖွဲ့၍ အကျိုးစီးပွားရှာဖွေ မှုတို့ကြောင့် ကမ္ဘာ့အခြေအနေမှာ တည်ငြိမ်မှုများ ပျက်ပြား လျက်ရှိသည်။ ကမ္ဘာ့အချက်အချာသည် အာရှသို့ ရွေ့လျား ပြောင်းလဲလာသည်နှင့်အမျှ အာရှပစိဖိတ်ဒေသအတွင်း အင်အား ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်းနှင့်အတူ မြန်မာနိုင်ငံကဲ့သို့သော အဘက်ဘက်က အားနည်းချက်များရှိနေပြီး ပထဝီနိုင်ငံရေးအရ အရေးပါသည့်နေရာတွင် တည်ရှိနေသည့် နိုင်ငံအဖို့ ဘက်ပေါင်းစုံ မှ ဖိအားပေးထိုးနှက်တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရသည်ဖြစ်ရာ အင်အားကြီးမိတ်ဆွေနိုင်ငံများ၏ ကူညီမှုက လွန်စွာအရေးကြီးသည်။
(၇)ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ်သို့ တက်ရောက် ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာ ဒီမာပူတင်တို့ တွေ့ဆုံဆွေးနွေးရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတက “မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ယုံကြည်အားထားရသည့် ကာလရှည်မိတ်ဖက်နိုင်ငံ ဖြစ်ကြောင်း၊ မိမိတို့နှစ်နိုင်ငံ၏ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ သည် အလွန်တိုးတက်ကောင်းမွန်လျက်ရှိကြောင်း၊ ကုန်သွယ်ရေး နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင် အလားအလာ ကောင်းများစွာကို တွေ့မြင်နေရကြောင်း” ထည့်သွင်းပြောကြား ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်ကလည်း “မြန်မာနိုင်ငံအနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း” ပြောကြားခဲ့ရာ ရုရှား- မြန်မာ နှစ်နိုင်ငံဆက်ဆံရေး၏ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ကို ထင်ဟပ်လျက်ရှိသည်။
နိုင်ငံအချင်းချင်းဆက်ဆံရာတွင် မိတ်ရင်းဆွေရင်းဆက်ဆံ ခြင်းဖြင့် အပြန်အလှန်အကျိုးပြုကာ ပူးပေါင်းဆောင်ရွက်ခြင်းက နှစ်နိုင်ငံအကျိုးဖြစ်ထွန်းမှုနှင့်အတူ ကမ္ဘာ့ငြိမ်းချမ်းရေးကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်သည်။ နှစ်ပေါင်းရှည်ကြာ မိတ်ဆွေ ရင်းချာအဖြစ် တည်ရှိနေပြီဖြစ်သော ရုရှား-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးသည်လည်း အနာဂတ်တွင် အဓွန့်ရှည်ကြာသည် နှင့်အမျှ မြဲမြံခိုင်ခံ့စွာ ဆက်လက် တည်တံ့သွားမည်သာ ဖြစ်ပါကြောင်း။ ။