အောက်တိုဘာ ၂၃ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၀၆၇ ဦး တွေ့ရှိ

 

ထပ်မံသေဆုံးသူ ၂၀ ရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၈၅၁၁ ဦးရှိ

 

(၂၃-၁၀-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ

 

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

 


ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက် လျက်ရှိရာ (၂၂-၁၀-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂၃-၁၀-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၉,၈၂၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ သစ် (၁,၀၆၇)ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၅.၃၈) ရာခိုင်နှုန်း ရှိပါသည်။

 


သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၇၂၀,၆၀၁) ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း (၄၉၃,၅၇၆) ဦး ရှိပြီဖြစ်ပါသည်။
ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၁,၄၂၈) ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၄၅၅,၁၇၆*)ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ (၂၀) ဦး ရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၈,၅၁၁) ဦး ရှိပါသည်။

 

    l သီတင်းကျွတ်ရုံးပိတ်ရက်ကာလအတွင်း  ခရီးသွားလာသူများခြင်းနှင့်  အချို့နေရာများတွင် လူစု လူဝေးများပြားခြင်းများရှိခဲ့ပါသည်။ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု ပြန်လည်မြင့်တက် လာမှု မရှိစေရန်နှင့် ရောဂါကူးစက် ဖြစ်ပွားမှု ဆက်လက်လျော့ကျလာစေရန်အတွက်  ပြည်သူလူထုအနေ ဖြင့် အောက်ပါအချက်များကို တိကျစွာလိုက်နာကြရန် ဖြစ်ပါသည်။   
    

-    အတတ်နိုင်ဆုံး  မိမိတို့၏နေအိမ်များတွင်သာ နေထိုင်ခြင်းနှင့် လူစုလူဝေးကို တတ်နိုင်သမျှ ရှောင်ကြဉ်ခြင်း၊
  

 -    နေအိမ်ပြင်ပသို့ သွားရောက်ရန်နှင့် လူအများစုဝေးရာသို့ သွားရောက်ရန်များရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ခြင်း၊
  

 -    လက်ကို မကြာခဏဆေးကြောခြင်း၊
  

 -    တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ခြင်း၊ 
  

 -    အလှည့်ကျရရှိလာသည့် ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် မပျက်မကွက် ခံယူခြင်း၊
  

 -    သံသယရောဂါလက္ခဏာ တစ်စုံတစ်ရာရှိပါက မိမိဘာသာ ကုသခြင်းမျိုး မဆောင် ရွက်ဘဲ  နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံး ဆက်သွယ်သတင်းပေးပို့၍ မိမိနှင့် အနီးကပ်ထိတွေ့သူ များအား ကျန်းမာရေးဌာနက စုံစမ်းရှာဖွေဖော်ထုတ်ရာတွင် သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊
    

-    ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ဆက်စပ်ခဲ့သူများသည်လည်း ကျန်းမာ ရေးဌာနသို့ သတင်းပေးပို့၍ အသွားအလာကန့်သတ်ခြင်းနှင့် ဓာတ်ခွဲစစ်ဆေးခြင်း လုပ်ငန်းများကို ပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်း၊

l     ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် “ရုံးလုပ်ငန်းဌာနများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်” နှင့် “တစ်ဦးကိုတစ်ဦး အသိပေးခြင်း/ သတိပေးခြင်း မိသားစုစီမံချက်” အတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး  နည်းလမ်းများအား အသိပေးခြင်းနှင့်   သတိပေးခြင်းတို့ကို  လူတိုင်း၊   မိသားစုတိုင်းမှ   တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံပါသည်။

l     ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာ www.mohs.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
မှတ်ချက် (*)(၂၀၂၁) ခုနှစ်၊ စက်တင်ဘာ၊ အောက်တိုဘာလများတွင် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ ဆေးရုံများ၊ ကိုဗစ်ကုသရေးစင်တာများ၊ ပုဂ္ဂလိကဆေးရုံများနှင့် တပ်မတော်ဆေးရုံများတွင် တက်ရောက် ကုသမှုခံယူခဲ့ပြီး ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိပြီးသော လူနာများကို ပြန်လည်စိစစ်၍ ဆေးရုံဆင်း/ ပြန်လည်သက်သာလာသူများအား ထည့်သွင်းဖော်ပြထားခြင်း ဖြစ်ပါသည်။


ကျန်းမာရေးဝန်ကြီးဌာန