
နေပြည်တော် ဇူလိုင် ၁၁
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့၌ CDM ပြုလုပ်နေသူများအား ငွေကြေးထောက်ပံ့သူ အမျိုးသမီးတစ်ဦးနှင့် CDM ပြုလုပ်နေသော ရဲတပ်ဖွဲ့ဝင်ခြောက်ဦးတို့အား လက်နက်ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၀ ရက် နံနက် ၁၁ နာရီခွဲခန့် တွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် အမှတ်(B-14)နေ ဒေါ်ဝင်းသီ(၄၇ နှစ်) (ဘ)ဦးထွန်း အောင်သည် CDM ပြုလုပ်နေသူများအား ငွေကြေး ထောက်ပံ့ခြင်းပြုလုပ်ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ၎င်း၏ နေအိမ်၌ သွားရောက်ရှာဖွေခဲ့ရာ ဒေါ်ဝင်းသီအား နေအိမ်၌ ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ မန္တလေးတောင်ခြေရှိ ဦးခန္တီဘုန်းကြီးကျောင်းတိုက် အတွင်း၌ CDM ပြုလုပ်နေသော ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိနေထိုင်လျက်ရှိကြောင်း သိရှိရသဖြင့် ၎င်းဘုန်းကြီးကျောင်းတိုက်အတွင်းသို့ သွားရောက် စစ်ဆေးခဲ့ရာ CDM ပြုလုပ်နေသော ရဲတပ်ဖွဲ့ဝင် များဖြစ်သည့် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ ရဲဒုတပ်ကြပ် ရဲလင်း၊ မြို့သာမြို့မရဲစခန်းမှ ရဲတပ်သား ညီညီမင်းထက်နှင့် ကျောက်ဆည်မြို့မရဲစခန်းမှ ရဲတပ်သား ဝင်းနိုင်ကိုတို့အား တွေ့ရှိဖမ်းဆီးရမိ ခဲ့သည်။
အလားတူ ည ၆ နာရီ ၅ မိနစ်ခန့်တွင် ပုသိမ်ကြီး မြို့နယ် ကျီကုန်းကျေးရွာ၌ CDM ပြုလုပ်နေသော ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိနေထိုင်လျက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် ဖမ်းဆီးခဲ့ရာ CDM ပြုလုပ်နေသော ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးအဖွဲ့အား လက်လုပ်မိုင်းဖြင့် ပစ်ပေါက် တိုက်ခိုက်ခဲ့သောကြောင့် သတိပေးပစ်ခတ်ဖမ်းဆီး ခဲ့ရာ CDM ပြုလုပ်နေသော ရဲတပ်ဖွဲ့ဝင် သုံးဦးတို့ကို လက်လုပ်မိုင်းခြောက်လုံး၊ I-Con နှစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် CDM ပြုလုပ်နေသော ရဲတပ်ဖွဲ့ဝင် များဖြစ်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ချမ်းအေးသာစံ)မှ ရဲတပ်သား ခန့်ကိုကိုမောင်တွင် ကျောကုန်း ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိ သေဆုံးခဲ့ကာ ရဲဒုတပ်ကြပ် ဖိုးပြည့်တွင် ဝဲလက်ညှိုးထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး သဲကုန်းမြို့မရဲစခန်းမှ ရဲတပ်သား ကျော်မင်း ထက်အား ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ သည်။
အထက်ပါဖြစ်စဉ်များတွင် ဖမ်းဆီးရမိခဲ့သည့် CDM ပြုလုပ်လျက်ရှိသော ရဲတပ်ဖွဲ့ဝင်များအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်