Type

မအေးစိန်
“အေးချမ်းစွာ နေချင်ပါတယ် . . .”
ကျွန်မ ဒီစကားတစ်ခွန်းကို ကျွန်မပတ်ဝန်းကျင်က မိတ်ဆွေအပေါင်းအသင်းတွေကို ပြောမိပါတယ်။ တစ်ခါတလေ ကျွန်မရဲ့ခံစားချက်ကို ကျွန်မရဲ့ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ ရင်ဖွင့်မိပါတယ်။ ဒီလိုပြောလိုက်တဲ့ အခါမှာ ကျွန်မနဲ့ခင်မင်ရင်းစွဲရှိတဲ့ မိတ်ဆွေတွေ၊ အပေါင်း အသင်းတွေဟာ အခေါ်အပြော နည်းသွားပါတယ်။ တချို့ လည်း မျက်လုံးစိမ်းတွေနဲ့ ကျွန်မကို ကြည့်ပါတယ်။ ကျွန်မ ပြောစကားကို သူတို့အတွေးနဲ့သူတို့ အတွေးနယ်လွန်ဟန် တူပါတယ်။ ကျွန်မကတော့ ကျွန်မခံစားချက်နဲ့ ကျွန်မ ရိုးရိုးသားသား ပြောမိတာပါ။
ကျွန်မနဲ့ လူကိုယ်တိုင် မသိကျွမ်းပေမယ့်လည်း လူမှုကွန်ရက်ကတစ်ဆင့် သိကျွမ်းကြတဲ့ မိတ်ဆွေတွေကို ဒီစကားလေးကို မျှဝေမိတာနဲ့ ရန်သူသဖွယ် ချက်ချင်း ပြောင်းလဲသွားကြပါတယ်။ ရန်သူလို့တောင် သတ်မှတ်ချင် သတ်မှတ်ကြဦးမှာ ဖြစ်ပါတယ်။ မိတ်ဆွေအဖြစ်ကနေ စွန့်ပယ်ကြသူတွေလည်း ရှိပါတယ်။ ကံကောင်းလို့သာ အဆဲမခံရတာ။ ဒီထက်ပိုပြီး ပြောမိမယ်ဆိုရင်တော့ အဆဲခံရမှာ သေချာပါတယ်။
အခုအချိန်အခါမှာ ကျွန်မတို့ လူ့အသိုင်းအဝိုင်းဟာ အရင်ကလိုမဟုတ်တော့ပါဘူး။ သွားသတိ၊ လာသတိ၊ နေသတိ၊ အထူးသဖြင့် စကားပြောရင် အထူးသတိပြု ပြောဆိုဆက်ဆံနေရပါတယ်။ လက်ရှိဆန္ဒပြနေတာကို အသိအမှတ်မပြုတဲ့စကား ပြောလိုက်မိမှာကို အထူးသတိ ထားနေရပါတယ်။ ကိုယ့်အကြောင်းနဲ့ကိုယ် သူ့ဘက် မပါခဲ့ရင်၊ သူတို့လုပ်နေတာကို မထောက်ခံခဲ့ရင်၊ သူတို့ လုပ်တာကို မကြိုက်ခဲ့ရင် မိတ်ဆွေအဖြစ်က စွန့်ပယ်ခြင်း ကိုသာမက ရန်မူခြင်းပင် ခံရနိုင်ပါတယ်။ ကျွန်မတို့ လူ့အသိုင်းအဝိုင်းမှာ အရင်က ခင်ခင်မင်မင် ရင်းရင်းနှီးနှီး နေခဲ့ကြသူတွေအချင်းချင်း သဘောမကိုက်တာလေး တစ်ခုနဲ့ သွေးကွဲရပါပြီ။
ကျွန်မပြောလိုက်တဲ့ စကားလေးတစ်ခွန်းနဲ့ ဖြစ်ရတဲ့ အဖြစ်ကို နားလည်လို့တောင် မရတော့ပါဘူး။ မိတ်ဆွေ အပေါင်းအသင်း ပညာတတ်တွေတောင် ပါကုန်ပါတယ်။ အတော့်ကို စိတ်မကောင်းလည်း ဖြစ်မိပါတယ်။ ကျွန်မ မိတ်ဆွေအပေါင်းအသင်းတွေသာမက မိသားစုအချင်းချင်း ပင် စိတ်ဝမ်းကွဲရပါတယ်။ အချို့လည်း တစ်သွေးတည်း ပါပဲ။ အချို့လည်း ရောင်တော်ပြန်နဲ့ လိုက်ပါနေကြတာပဲ။ ကျွန်မရဲ့အဖြစ်ကို ကျွန်မ ခပ်ရေးရေး သဘောပေါက်မိ ပါတယ်။ ညစဉ်ဆူညံနေတဲ့ကာလမှာ ကျန်းမာရေးကြောင့် ငြိမ်းငြိမ်းချမ်းချမ်း အေးအေးပဲနေချင်တယ်လို့ ပြောမိ တာပါ။ သူတို့လုပ်နေတာတွေကို မကြိုက်ဘူးလို့ မပြောမိ ပါဘူး။ ဒီစကားလေးနဲ့ ရန်သူသဖွယ် ချက်ချင်းသတ်မှတ် လိုက်တာကို နားမလည်နိုင်အောင် ဖြစ်ရပါတယ်။
ကျွန်မ အမှားလုပ်ခဲ့ပါသလား။ ယခင်က ပြောမနာ၊ ဆိုမနာ ခင်မင်ရင်းနှီးကြသူတွေ၊ ပုံမှန်သိကျွမ်းကြသူတွေ၊ ဖေ့စ်ဘွတ်ခ်ပေါ်မှာ သိကျွမ်းကြသူ မိတ်ဆွေအားလုံး တို့ဟာ အခုအခါမှာ သူစိမ်းတစ်ရံဆံပမာ ဖြစ်သွားကြပါ တယ်။ ထက်ပိုတဲ့သူတွေက ကျွန်မကို ပြစ်တင်၊ ဝေဖန်၊ ရှုတ်ချကြပါတယ်။ ထက်ပိုတဲ့သူတွေက ကျွန်မကို ဆဲဆို ကြိမ်းမောင်းကြပါတယ်။ ကျွန်မဘာအမှားမှ မပြောခဲ့မိရိုး အမှန်ပါ။
“ကျွန်မက အေးချမ်းစွာ နေချင်လှပါပြီ”လို့ဆိုတာကို “ငါတို့က အေးအေးချမ်းချမ်း မနေတဲ့သူတွေလား၊ ဆူဆူပူပူ လုပ်နေတဲ့သူတွေလား”လို့ ကတ်ဖဲ့ယပ်ဖဲ့ ပြောဆိုကြ ပါတယ်။ ကျွန်မရဲ့ဆန္ဒ သဘောကွဲလွဲခွင့် မရတာသာမက၊ သဘောမျှပင် မဟရဲလောက်အောင် ဖြစ်လို့နေပါတယ်။ ကျွန်မတို့ လူ့ဘောင်အသိုက်အဝန်းကြီး မည်သို့မည်ပုံ ဖြစ်ကုန်ကြပါပြီ လဲ။ ကျွန်မဟာ ကျွန်မရဲ့ကိုယ်ပိုင်ဆန္ဒကို ဖော်ထုတ်ခြင်းမျှသာဖြစ်ပါတယ်။ အချင်းချင်း အမုန်း တရားတွေ များခဲ့ပါပြီ။
“အေးအေးချမ်းချမ်း နေချင်ပါတယ်”လို့ ကျွန်မပြောမိ တာဟာ ကျွန်မ ကျန်းမာရေးအခြေအနေအရ မခံသာလို့ ဖွင့်ဟမိခြင်းဖြစ်ပါတယ်။ ကျွန်မဟာ ငယ်ငယ်ကတည်းက မွေးရာပါ နှလုံးရောဂါရှိပါတယ်။ ကျွန်မရှေ့ မှာ အော်ဟစ် ဆူညံတာ၊ ခိုက်ရန်ဖြစ်ပွားတာ၊ ကြောက်စရာတစ်ခုခု ဖြစ်တာ၊ စိုးရိမ်ထိတ်လန့်စရာ တစ်မျိုးမျိုးဖြစ်တာတွေ ကြုံခဲ့ရင် ကျွန်မရဲ့ နှလုံးရောဂါဟာ ဖောက်လာပါတယ်။ မခံသာအောင် နှလုံးခုန်မြန်တာကြောင့် ဆေးအမြန် သောက်၊ စိတ်အမြန်လျှော့ရပါတယ်။
ကျွန်မတို့ရပ်ကွက်မှာ ညစဉ်ညတိုင်း ဆူညံတာဟာ ရက် ၂၀ ကျော်ခဲ့ပါပြီ။ ဖြစ်စဉ်ဟာ CDM ကြောင့် ဖြစ်တယ် လို့ ပွင့်ပွင့်လင်းလင်း ပြောမိပါတယ်။ ဒါ့ကြောင့်လည်း ကျွန်မကို မုန်းသွားတာ ဖြစ်နိုင်ပါတယ်။ ကျွန်မရဲ့ ပင်ကို စိတ်ရင်းမှာ အာဏာရှင်ကို မနှစ်သက်ပါ။ လွတ်လပ် ပွင့်လင်းတဲ့ ဒီမိုကရေစီကို လိုလားပါတယ်။ စည်းကမ်းရှိတဲ့ ဒီမိုကရေစီကို နှစ်သက်ပါတယ်။ ဒါဟာ ကျွန်မရဲ့ စိတ်ရင်း ဖြစ်ပါတယ်။ ကျွန်မရဲ့ ကျန်းမာရေးကြောင့် တက်ကြွ လှုပ်ရှားခြင်းလည်းမရှိ၊ ပါဝင်အားပေးတာလည်း မပြုလုပ် နိုင်ပါ။
ညတိုင်း ည ၈ နာရီ နီးတာနဲ့ ငရဲပြည်ကို စတင်ရောက်ပါတော့တယ်။ လူနေထူထပ်သိပ်သည်းတဲ့ ရပ်ကွက်ထဲမှာ နေထိုင်ရတော့ ညစဉ်ထုရိုက်ကြတဲ့ အိုးခွက် သံပုံးသံတွေဟာ အရပ်ရှစ်မျက်နှာ ဆူညံနေပါတော့ တယ်။ ယခင်က ကျွန်မတို့ရဲ့ ယဉ်ကျေးမှုအစဉ်အလာ ဖြစ်တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ နေဝင်ရီတရော အချိန်မှာ ရပ်ရွာအတွင်းက မကောင်းဆိုးဝါးတွေ ထွက်သွားစေဖို့အတွက် သံပုံးတီး တောထုတ်ကြတာကို သတိရပါတယ်။ တစ်နှစ်မှာတစ်ရက် အစဉ်အလာမပျက် လုပ်ကြပါတယ်။ ရပ်ရွာအတွင်း မကောင်းဆိုးဝါးတွေ ထွက်သွားဖို့ အစဉ်အလာအားဖြင့် လုပ်ကြတာပါ။
အခုတော့ နေ့စဉ်ရက်ဆက် ညတိုင်းထုရိုက်နေတာ ကြောင့် မကောင်းဆိုးဝါးတွေ ထွက်ပြေးကြမှာ သေချာ ပါတယ်။ မကောင်းဆိုးဝါးတွေသာမက ရပ်ရွာအတွင်း မှီခိုနေထိုင်ကြတဲ့ သားငှက်တိရစ္ဆာန်တွေ စိုးရိမ်လန့်ဖျပ် ကြပါတယ်။ သတ္တဝါတွေသာမက မမြင်အပ်တဲ့ အိမ်စောင့် နတ်၊ လမ်းစောင့်နတ်၊ ရွာစောင့်နတ်၊ မြို့စောင့်နတ်များ ပါမကျန် ထွက်ပြေးကြလိမ့်မယ်ထင်ပါတယ်။ နောက်ဆုံး တော့ နားမခံသာတဲ့ ကျွန်မတို့လို အေးအေးဆေးဆေး နေချင်တဲ့လူတွေပါ အမြန်ဆုံး ထွက်ပြေးကြရပါတော့မယ်။
ညစဉ်ညတိုင်း ထုရိုက်နေကြတာဟာ အကြောင်း ကြောင်းကြောင့် ဖြုတ်ချခဲ့ရတဲ့ အစိုးရပြန်ရရေးအတွက် မသမာသူတွေက အခါပေးတဲ့အတိုင်း တစ်ပြိုင်တည်း ထုရိုက်နေကြတာ ဖြစ်ပါတယ်။ ရပ်ရွာအတွင်းမှာ ထုချင် နှက်ချင်တဲ့သူတွေ များလှတယ်။ ရပ်ရွာထဲမှာ အယူဝါဒ၊ ယုံကြည်ချက် ကွဲလွဲတဲ့သူတွေ၊ သဘောမတူတဲ့ သူတွေ လည်း ရှိကြပါလိမ့်မယ်။ ကိုယ်ယုံကြည်ရာဘာသာတရား ကို အာရုံပြုနေကြတဲ့သူတွေ၊ ဘုရားဝတ်ပြု တရားပွားများ အားထုတ်နေကြတဲ့သူတွေ၊ ကျွန်မလို နှလုံးမကောင်းသူ တွေ၊ ကျန်းမာရေး မကောင်းတဲ့သူတွေ၊ သက်ကြီး ရွယ်အိုတွေ၊ သွေးနုသားနု ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကြောက်လန့်တတ်တဲ့ ကလေးသူငယ်တွေ မျိုးစုံရှိနိုင်ပြီး သူတို့တွေ ဘယ်လိုခံစားနေရပါသလဲ။
ဆန္ဒဖော်ထုတ်နေတဲ့သူတွေက အများစုဆိုရင် ကျွန်မ တို့လို လူနည်းစုတွေကို စာနာပေးတာ၊ နားလည်ပေးတာ ဒီမိုကရေစီမဟုတ်ပါလား၊ ဒီမိုကရေစီဖခင်၊ ဒီမိုကရေစီ မိခင်တွေကို မေးကြည့်ချင်ပါတယ်။ ခုတော့ တစ်ခုခုတော့ မှားနေပြီလို့ ထင်မိပါတယ်။ ဆူညံပူညံ ထုရိုက်သံတွေ ကြောင့် ကျွန်မအေးအေးနေချင်ပါတယ်လို့ ဆိုခဲ့မိတဲ့ ကျွန်မ မအေးစိန် မှားခဲ့ပါက ခွင့်လွှတ်ပေးပါလို့ တောင်းပန်ချင် ပါတယ်။
ကျွန်မတို့ဟာ ယဉ်ကျေးမှုအစဉ်အလာကြီးတဲ့၊ ဘာသာတရားနဲ့ မိဘဆရာသမား အဆုံးအမတွေကို ရိုသေလေးစား တန်ဖိုးထားတဲ့၊ ခွင့်လွှတ်တတ်တဲ့၊ သည်းခံ တတ်တဲ့၊ စာနာတတ်တဲ့ ကျွန်မတို့ မြန်မာနိုင်ငံသူ နိုင်ငံ သားတွေကို ဘယ်သူဖျက်ဆီးလိုက်တာပါလဲ။ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲနှင့် ပတ်သက်ရင် ကဲကဲဆတ်ဆတ် အထိမခံတော့ပါ။ ရပ်သူရွာသားအချင်းချင်း၊ မိတ်ဆွေအချင်းချင်း အသွင် မတူတာနဲ့ စိတ်ဝမ်းကွဲကုန်ကြပါပြီ။ အဲဒါ ဘယ်သူဖန်တီး တာလဲ။ ဘယ်သူဖြေရှင်းပေးမှာလဲ။
ကျွန်မ မအေးစိန်ကတော့ ကျေးဇူးရှင် မင်းကွန်း ဆရာတော်ဘုရားကြီး ဒိသာဖရဏ မေတ္တာပွားနည်းဖြစ်တဲ့ အရပ် (၁၀) မျက်နှာမှာရှိကြကုန်သော “အနန္တစကြာဝဠာ၊ အနန္တသတ္တဝါတို့ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။ ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ”လို့ ညစဉ်ညတိုင်း မေတ္တာပို့ နေရပါတော့တယ်။ ။
- Log in to post comments