ဒီမိုကရေစီစနစ် ကျင့်သုံးသောနိုင်ငံတွင် နိုင်ငံသားများ ပညာရည် မြင့်မားရန် လိုသည်။ ဒီမိုကရေစီနိုင်ငံသားကောင်းတစ်ဦးသည် အမှားအမှန်၊ အကောင်းအဆိုး၊ အကျိုးအပြစ်တို့ကို ခွဲခြားသိမြင် ချင့်ချိန်နိုင်သည့် စွမ်းရည်ဉာဏ်အမြော်အမြင်တို့နှင့် ပြည့်စုံရန်၊ နိုင်ငံနှင့် ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွား၊ မိမိဒေသနှင့် အများပြည်သူ၏ အကျိုးစီးပွား၊ မိမိအတွက် အကျိုးစီးပွားတို့ နှိုင်းယှဉ်လာပါက မိမိ၏အကျိုးစီးပွားကို ဦးစားမပေးရန်၊ လူမှု ရေးရာပြဿနာများကို မှန်ကန်စွာ နားလည်နိုင်စွမ်းနှင့် အမြော် အမြင်ရှိရှိ ဖြေရှင်းနိုင်စွမ်းရှိရန်၊ ရိုးသားဖြောင့်မတ်ရန်နှင့် ဆင်ခြင် တုံတရားနှင့် ပြည့်စုံရန်တို့ လိုအပ်သည်။ ထို့အပြင် ဒီမိုကရေစီ လူ့အဖွဲ့အစည်း၏ အကျိုးစီးပွားအတွက် တာဝန်ယူလိုမှုနှင့် အလုပ်အကျွေးပြုလိုမှုတို့လည်း လိုအပ်သည်။
အထက်ဖော်ပြပါ နိုင်ငံသားကောင်းတို့၏ အရည်အသွေးများ ပြည့်စုံစေရန်မှာ ကလေးသူငယ်၊ လူငယ်လူရွယ်ကျောင်းသားဘဝ ကပင် စတင်ပျိုးထောင်ပြုစု၊ လေ့ကျင့်သင်ကြားပေးနိုင်ရန် လိုအပ် သည်။ နိုင်ငံသားများ အရည်အသွေးမြင့်မားမှသာ နိုင်ငံကိုလည်း အရည်အသွေးမြင့်မြင့်မားမား တည်ဆောက်နိုင်မည်ဖြစ်သည့် အတွက် ပညာရေးနှင့်ကျန်းမာရေးကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှု များ ပိုမိုပြုလုပ်ခြင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းသို့ တက်ရောက်ပညာသင်ကြားနိုင်ရေး တိုက်တွန်းအားပေးကူညီ ထောက်ပံ့ပေးခြင်းစသည်တို့ဖြင့် နိုင်ငံ၏ လူ့စွမ်းအား အရင်း အမြစ်များကို အားကောင်းမောင်းသန်လာအောင် မြှင့်တင်ပေး ရမည်ဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံသားတို့၏ ပညာရေးအခြေအနေမှာ နိုင်ငံ၏ အနာဂတ်အတွက် မကောင်းလှ။ နိုင်ငံ့လူဦးရေ သန်း ၅၀ ကျော်တွင် ကျောင်းမနေဖူးသူ ငါးသန်းခန့်ရှိနေပြီး မူလတန်း အဆင့်သာ တတ်မြောက်သူ ၁၃ သန်းခန့်နှင့် အလယ်တန်းအဆင့် ငါးသန်းကျော်ရှိနေသည်။ သို့ဖြစ်ရာ အနာဂတ်နိုင်ငံတော်ကို အဆင့်မြင့်မြင့်တည်ဆောက်နိုင်ရန် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်၊ ကောလိပ်များတွင် ကလေးသူငယ်၊ လူငယ်လူရွယ် ကျောင်းနေအရွယ်အားလုံးတို့ အေးချမ်းစွာ ပညာရှာမှီးနိုင်ကြ ရမည်ဖြစ်သည်။ သူငယ်တန်းမှသည် တန်းစဉ်မှန်မှန် ကူးပြောင်း တက်ရောက်၍ အခြေခံပညာ ပြီးမြောက်အောင်မြင်ရေး၊ တက္ကသိုလ်ကောလိပ်များတွင် အဆင့်မြင့်ပညာရပ်များ ဆက်လက်သင်ယူနိုင်ရေးအတွက် မိဘအုပ်ထိန်းသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက ကြိုးပမ်းအားထုတ် ကြရမည် ဖြစ်သကဲ့သို့ ပညာတစ်ပိုင်းတစ်စနှင့် ကျောင်းထွက်မှု များကြောင့် ပညာရေးအဟောသိကံ ဖြစ်မှုများ လျော့ပါးရေး၊ ကျောင်းပြင်ပ ပညာရေးကဲ့သို့သော နည်းလမ်းများဖြင့် ပညာခရီး ဆက်နိုင်ရေး အခွင့်အလမ်းများ ဝိုင်းဝန်းဖန်တီးပေးနိုင်ရန်လည်း ကြိုးပမ်းကြရမည်ဖြစ်သည်။
ယခု မေလ ၁၂ ရက်နေ့တွင် တက္ကသိုလ်ကောလိပ်များ ဖွင့်လှစ်ပြီး အဆင့်မြင့်ပညာစာသင်နှစ် စတင်ပြီဖြစ်သည်။ မေလ ၏ နောက်ဆုံးရက်သတ္တပတ်ကို ကျောင်းအပ်နှံရေး ရက်သတ္တပတ် အဖြစ် သတ်မှတ်ပြီး ဇွန်လ ၂ ရက်နေ့တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းများအားလုံး ဖွင့်လှစ်သင်ကြားကြရတော့ မည်ဖြစ်သည်။ ပညာသင်ကြားမှုသည် ကျောင်းသူ ကျောင်းသား တို့၏ အနာဂတ်အတွက် ဖြစ်သလို နိုင်ငံ့အနာဂတ်အတွက်လည်း ဖြစ်သည်။ ပညာသင်ကြားမှုပျက်စီးစေရန် နည်းမျိုးစုံဖြင့် ဖျက်ဆီး နေခြင်းက လူငယ်ကျောင်းသူ ကျောင်းသားတို့၏အနာဂတ်ကို ပျက်စီးစေသည့်အပြင် နိုင်ငံ၏အနာဂတ်ကိုလည်း ထိခိုက်စေ သည်။ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရာတွင် အရည်အသွေး မြင့်မားသော လူ့စွမ်းအားအရင်းအမြစ်များ ရရှိနိုင်ရေး၊ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာ သင်ကြားနိုင်ရေး၊ ပညာရပ်ဝန်း ကျောင်းပရဝဏ်များ ငြိမ်းချမ်း သာယာရေးအတွက် နိုင်ငံချစ်သူတိုင်းက ဝိုင်းဝန်းဆောင်ရွက် နိုင်ကြပါစေကြောင်း။ ။