
စာချစ်သူ
ယခုရက်ပိုင်းအတွင်း ပြီးခဲ့တဲ့ ငါးနှစ်တာ အစိုးရခေတ်ကာလအတွင်းက တာဝန်ရှိသူအချို့နဲ့ ဝန်ကလေး၊ ဝန်ကြီးအချို့ရဲ့ အဂတိလိုက်စားခဲ့မှုတွေအပေါ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ကော်မရှင်က အမှုဖွင့်အရေးယူမှုသတင်းတွေ ဆက်တိုက်နီးပါး မြင်ရကြားရချိန်မှာ စိတ်လက်မချမ်းမသာဖြစ်ရတယ်။ တစ်ခေတ်တစ်ခါက အဂတိကင်းစင်ငွေစာရင်းမင်းကြီး ဦးဘခင်အကြောင်းကို ဓမ္မာစရိယ ဦးဌေးလှိုင်ရဲ့ ဓမ္မဒူတစာအုပ်မှာ လေ့လာဖတ်ရှုလိုက်ရတော့မှ စိတ်လက်အတော် ပေါ့ပါးသက်သာရာရခဲ့ကြောင်းပါဗျာ။
လယ်တီဆရာတော်ဘုရားကြီး၊ စွန်းလွန်း ဆရာတော်ဘုရားကြီး၊ ဆရာကြီး ဦးဘခင်တို့ရဲ့ အတ္ထုပ္ပတ္တိအချို့ကို အာနာပါနဝိပဿနာ ဘာဝနာ အပေါ် ဝါသနာထုံတဲ့ အဖေ့ထံက ငယ်စဉ်ကတည်း က ကြားနာဖူးပေမယ့် ဆရာကြီးဦးဘခင်ရဲ့ ယခု အဂတိတရားကင်းစင်တဲ့ သီလဂုဏ်၊ သမာဓိဂုဏ် အကြောင်းကိုတော့ ဂဃနဏမသိခဲ့ပေဘူး။
ဆရာကြီးဦးဘခင်ဟာ လွတ်လပ်စ မြန်မာနိုင်ငံ ရဲ့ ပထမဆုံးသောငွေစာရင်းမင်းကြီး၊ နိုင်ငံတော်ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့ဥက္ကဋ္ဌ စတဲ့ တာဝန်ကြီးများကို ပူးတွဲထမ်းဆောင်ခဲ့သူ ဖြစ်ပါ ပေတယ်။
ထိုရာထူးကြီးများကို ထိုစဉ်က နိုင်ငံတော်ရဲ့ထိပ်တန်းခေါင်းဆောင်ကြီးများက ဆရာကြီးကို တစ်ချက်လွှတ်ဘာကြောင့် တာဝန်ပေးခဲ့ရသလဲ ဆိုရင် ဆရာကြီးရဲ့သီလဂုဏ်၊ သမာဓိဂုဏ်ကို အတွင်းကျကျ သိရှိလေးစားခဲ့ကြလို့ပဲဖြစ်ပါတယ်။
ဆရာကြီးရဲ့ တည်ကြည်ဖြောင့်မတ်မှု သီလ ဂုဏ်ဟာ ဆိတ်ကွယ်ရာအရပ် မရှိခဲ့ပါဘူး။ ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ဖြစ်ပါတယ်။ ဂျပန် ဘုရင့်တပ်မတော်ဟာ ရန်ကုန်မြို့ကို သိမ်းပိုက်ပြီး နောက် မြန်မာပြည်အလယ်ပိုင်း မန္တလေးမြို့သို့ ဆက်လက် ချီတက်လာကြတယ်။ ဂျပန်လေ တပ်မတော်ကလည်း မန္တလေးတစ်မြို့လုံး မွမွကြေ အောင် ဗုံးကြဲ တိုက်ခိုက်နေတယ်။ ရန်ကုန်-မန္တလေး မီးရထားလမ်းလည်း ပျက်နေပါပြီ။
မပျက်မစီးပကတိအတိုင်းရှိ
ထိုအချိန်မှာ ဆရာကြီး ဦးဘခင်ဟာ မန္တလေး ဘူတာကြီးမှာ ငွေစာရင်းကိုင်အရာရှိ ဖြစ်ပါတယ်။ မီးရထားဌာနက ရရှိသမျှ ဝင်ငွေအားလုံးကို ကိုင်တွယ်ထိန်းသိမ်းရပါတယ်။ တစ်နေ့မှာ မန္တလေးဘူတာကြီးဗုံးချခြင်းခံရတယ်။ လေကြောင်းရန်ရှင်း တာနဲ့ ဆရာကြီးဟာ ဘာကိုမျှ ဂရုမစိုက်အားဘဲ တာဝန်ရှိရာ ဘူတာရုံဆီသို့သာ အသော့နှင်သွားခဲ့ပါ တယ်။ အပျက်အစီးများကို ရှောင်တိမ်းကျော်လွှား ရင်း သူ့ရုံးခန်းကိုရောက်တော့ ငွေထည့်တဲ့ သံမီးခံ သေတ္တာကြီးက မပျက်မစီး ပကတိအတိုင်းရှိနေ တယ်။ အသင့်ပါလာတဲ့ သော့နဲ့ဖွင့်ပြီး အထဲမှငွေ များကို ထုတ်လိုက်တယ်။
ဆရာကြီးဘ၀တစ်သက်တာမှာ ပိုင်ဆိုင်ရန် အိပ်မက်ပင် မမက်ဝံ့အောင် ငွေပုံကြီးက ရှေ့မှာ ဖွေးဖွေးလှုပ်နေတယ်။ ဆရာကြီးခင်မျာ ခဏမျှ တွေဝေသွားတယ်။ ခေတ်ကာလအရ ဗြိတိသျှ အာဏာပိုင်တွေလည်း ပြေးကြပြီ။ ဂျပန်တပ်တွေ ကလည်း ချီလာဆဲ။ ထို ငွေများကို ဆရာကြီးယူလိုက် မယ်ဆိုလျှင်လည်း ဘယ်သူမျှမသိနိုင်။ ထို့ပြင်တစ်ဝ ထိုအချိန်မှာလည်း ဆရာကြီးအနေနဲ့ အကြီးအကျယ် ငွေလိုနေတယ်။ သမီးငယ် အသည်းအသန် မကျန်း မမာဖြစ်နေလို့ ဆေးဝါးဓာတ်စာဖိုးက ထွက်၊ အိမ်စရိတ်ကတက်နဲ့ သာမန်အခြေအနေမှာထက် ပိုမိုကျပ်တည်းနေရှာတယ်။
သို့သော်ငြား ဆရာကြီးဟာ “အစိုးရဘယ်ရောက် ရောက်၊ ဒီငွေတွေကို ငါ့အထက် အရာရှိ လက်ရောက် အောင် လိုက်အပ်မယ်၊ ဒါ ငါ့တာဝန်ပဲ၊ ငါ့တာဝန်ကျေ စေရမယ်” ရယ်လို့ ဆရာကြီးဟာ မတရားရယူချင် စိတ် တစ်ချက်မျှမဖြစ်၊ နှောင့်နှေးဖင့်လေးမှုမရှိ ရဲဝံ့ ပြတ်သားမှုအပြည့်နဲ့ ခိုင်မာသော ဆုံးဖြတ်ချက်ကို ချလိုက်တယ်။ ဒီhနောက်မှာ မေမြို့ကတစ်ဆင့် အိန္ဒိယကို လေကြောင်းခရီးနဲ့ ဆုတ်ခွာရန် စီစဉ်နေ တဲ့ မီးရထားအရာရှိတွေထံ အချိန်မီ အုပ်မိနိုင်ဖို့ ဂျစ်ကားတစ်စီးငှားပြီး ငွေထုပ်ပိုက်ကာ လိုက်သွား ပါတယ်။
မေမြို့ရောက်တော့ ဆိုင်ရာအရာရှိကို ရှာဖွေပြီး ငွေအားလုံးကို စာရင်းဇယားနဲ့တကွ အတိအကျ လွှဲပြောင်းအပ်နှံလိုက်ပါတယ်။ သို့ကလို တာဝန် ကျေပွန်မှုအတွက် ဆရာကြီးဦးဘခင် တောင်းဆိုမှု ကတော့ တစ်ခုပဲရှိပါသတဲ့။
စံပြအဖြစ်ကျင့်သုံး
“ကျွန်တော့်အတွက် ဒီလ လစာနဲ့ ဒီကိုလာတဲ့ခရီးစရိတ်ကလေးများရနိုင်ပါသလား ခင်ဗျာ”တဲ့။
ထိုသို့သော အရာရာ၌ စောင့်စည်းမှု(ဝါ) သီလ ဂုဏ်ကြောင့်လည်း ဆရာကြီးဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိတဲ့အခါမှာ ဖော်ပြပါ နိုင်ငံတော်ရဲ့ ကြီးလေးသော တာဝန်ကြီးများကို ထမ်းဆောင်ခွင့် ရရှိခဲ့ခြင်းဖြစ်ပါပေတယ်။ နိုင်ငံတော်ကောက်ပဲသီးနှံ ရောင်းဝယ်ရေးအဖွဲ့ဥက္ကဋ္ဌရာထူးဆိုရင် နိုင်ငံတော် အတွက် အဓိကဝင်ငွေရရှိတဲ့ဆန်စပါးစတဲ့ သီးနှံ များကို ပြည်တွင်း ပြည်ပရောင်းဝယ်ရေးကိစ္စရပ်များ မှာ စီမံခန့်ခွဲရန် အပြည့်အဝ အာဏာပိုင်သူ ဖြစ်ပါ တယ်။ သို့မို့ကြောင့် စပါးကုန်သည်၊ စက်ပိုင်တို့ထံက တံစိုးလက်ဆောင်တွေ မြိုးမြိုးမြက်မြက်ရတတ်လေ့ ရှိတယ်။ ဆရာကြီးကား အဂတိလိုက်စားမှုမရှိ၊ တည်ကြည်ဖြောင့်မတ်စွာ ဆောင်ရွက်မြဲဖြစ်တယ်။ ခေါင်းဆောင်ကောင်းပီသစွာ ကိုယ်ကျင့်သီလအရာ မှာ စံပြအဖြစ်ကျင့်သုံးနေထိုင်ခဲ့တယ်။
တစ်ခါက ဆရာကြီးရဲ့ မွေးနေ့တစ်ခုမှာ လက်အောက်အရာရှိတစ်ဦးက ဆရာကြီးကို အိမ်သို့ လာပြီး လုံချည်တစ်ထည် ကန်တော့ဖူးတယ်။ ဆရာကြီးမရှိခိုက်ဖြစ်၍ အိမ်မှာ ထားခဲ့တယ်။ နောက်တစ်နေ့မှာ ဆရာကြီးက ထိုလုံချည်ကိုရုံးသို့ ယူသွားပြီး ရုံးချိန်အပြီးမှာ အမှုထမ်းတွေကို အစည်း အဝေးခေါ်တယ်။ အကျိုးအကြောင်း ပြောပြပြီး လုံချည်ကန်တော့သူ အရာရှိကို အများရှေ့မှောက် မှာပဲ ဆူတော့တယ်။ လုံချည်ကိုလည်း ဝန်ထမ်း သက်သာချောင်ချိရေးရန်ပုံငွေသို့ လွှဲပြောင်းပေး လိုက်တယ်။
အဆိုပါဌာနမှာ ဆရာကြီး တာဝန်ယူထမ်း ဆောင်စက ထိုဌာနရဲ့အရသာကို သိထားသူအချို့က ကပျက်ယပျက်၊ ကပ်ဖဲ့တိုက်သူတိုက်၊ တာဝန်ပေးသူ နိုင်ငံခေါင်းဆောင်ကြီးကိုပင် ဆန္ဒပြသည်အထိ တာစူသူစူ၊ သို့တစေ ဆရာကြီးကား မသိကျိုးကျွံပြု ကာ အမှုထမ်းများအား ရုံးနားချိန်မှာ ကမ္မဋ္ဌာန်း ထိုင်စေခြင်းဖြင့် အနိုင်ယူခဲ့ပါတယ်။
တစ်နေ့သောအခါ ကုန်သည်တစ်ယောက်ဟာ နိုင်ငံတော်ကောက်ပဲသီးနှံ ရောင်းဝယ်ရေးအဖွဲ့သို့ ဂုန်နီအိတ်အမြောက်အမြားရောင်းချရန် တင်ဒါ သွင်းခဲ့တယ်။ အဖွဲ့ထံသို့လည်း လုပ်ထုံးလုပ်နည်း အတိုင်း တင်ဒါပုံစံဖြင့် တင်ပြခြင်းပြုခဲ့တယ်။ ဒါ့အပြင် သေချာပေါက်ရဖို့ရာအတွက် အဖွဲ့ဥက္ကဋ္ဌ ကိုချဉ်းကပ်တဲ့အနေနဲ့ ဥက္ကဋ္ဌဖြစ်သူ ဆရာကြီး အိမ် သို့ လာဘ်ထိုးရန် ငွေထုပ်ပိုက်ပြီးရောက်လာတယ်။
အလှူငွေလက်မခံ
ငွေစကားစသည်နှင့် ဆရာကြီးသိသိသာသာ မျက်နှာပျက်လေပြီ။ စက်ဆုတ်ရွံရှာမှုတို့ အထင်းသား ပေါ်လွင်လာတယ်။ ရှစ်စပ်ကလည်သော ထို ကုန်သည်လည်း ငွေမှာ ဆရာကြီးအတွက် မဟုတ် ကြောင်း၊ ဆရာကြီးရဲ့ ကမ္မဋ္ဌာန်းဌာနသို့ လှူဒါန်းခြင်း ဖြစ်ကြောင်း စကားသံပြောင်း၍ဆိုပြန်တယ်။ ဆရာ ကြီးက ယောဂီမဟုတ်သူများထံမှ ပဋိပတ္တိဌာန အတွက် အလှူငွေလက်မခံကြောင်း ပြောပြပြီး ထိုသူကိုအိမ်ထဲမှ မောင်းထုတ်လိုက်လေတယ်။
စင်စစ်ထိုနေ့မှာပဲ ထိုကုန်သည်ရဲ့ တင်ဒါကို ဘုတ်အဖွဲ့က လက်ခံပြီးဖြစ်ပါတယ်။ သူပေးသွင်း တဲ့ဈေးနှုန်းဟာ အနိမ့်ဆုံးဖြစ်လို့ ဘုတ်အဖွဲ့က စည်းမျဉ်းနဲ့အညီ လက်ခံခြင်းဖြစ်ပါတယ်။ သို့ပေမယ့် ထိုဆုံးဖြတ်ချက်ကိုထုတ်ဖော်ကြေညာခြင်း မပြုရ သေးဘူး။ သို့ကလိုကြောင့် ထိုကုန်သည် ထိုးတဲ့ လာဘ်ကို ဆရာကြီးအနေနဲ့ ဘာမျှလည်းအထူး တလည် လုပ်ပေးစရာမလို၊ အန္တရာယ်လည်းမရှိ၊ အစိုးရကိုလည်း မထိခိုက်ဘဲ မြိန်မြိန်ကြီးစားနိုင် ပါလျက်နဲ့ ဆရာကြီးဟာ အများစု မိုးခါးရေသောက် သလို မသောက်၊ နိုင်ငံ့တာဝန်ကို တာဝန်သိသိ၊ သစ္စာရှိရှိ စံနမူနာပြထမ်းဆောင်ခဲ့ပါတယ်။ နိုင်ငံ တော်ရဲ့အသက်သွေးကြောဖြစ်တဲ့ ထိုဌာနလည်း ထိုအချိန်မှစ၍ သိသိသာသာ တိုးတက်လာခဲ့ ကြောင်းပါ။
ဒါ့အပြင် ဆရာကြီးဟာ အစိုးရဌာနကြီးများမှာ ရာထူးကြီးလေးခုကို တစ်ပြိုင်တည်း တာဝန်ယူ ထမ်းဆောင်ခဲ့ပါသော်လည်း လစာကိုတော့ တစ်နေရာစာသာ ယူခဲ့ပါတယ်။ မတရားရသော လာဘ်လာဘမှန်သမျှ လုံးဝရှောင်ခဲ့တယ်။ ဆရာ ကြီးအလုပ်မှ အငြိမ်းစားယူတဲ့အခါ အိုစာမင်းစာ အတွက် ငွေကလေး နှစ်သောင်းငါးထောင်မျှသာ လက်ထဲမှာ ရှိလေတယ်။ အမှုထမ်းကာလ တစ်လျှောက် လုံး အစိုးရကပေးတဲ့အိမ်မှာသာနေခဲ့တဲ့ အတွက် ကိုယ်ပိုင်အိမ်လည်းမရှိရှာဘူး။
အိမ်အပြီးသတ်ဖို့ ငွေတစ်သောင်းခန့်လို
ဆရာကြီးပင်စင်ယူလိုက်တဲ့အခါမှာ မိသားစု နေထိုင်ရန် အိမ်ဆောက်ဖို့စီမံရတယ်။ စုငွေကလေးနဲ့အိမ်ဖြစ်အောင်ဆောက်ပေးဖို့ အတွင်းနေတပည့် ရင်းဖြစ်သူ ဦးဂိုအင်ကာကို စီမံစေပါတယ်။ တကယ် တမ်း အိမ်ဆောက်တဲ့အခါ ဆရာကြီးရဲ့စုငွေနဲ့ မလောက်ငှဘဲ အိမ်အပြီးသတ်ဖို့ ငွေတစ်သောင်းခန့် လိုနေတယ်။
တပည့်ရင်း ဦးဂိုအင်ကာအဖို့ ငွေတစ်သောင်း ဆိုတာ ဘာမျှဝန်လေးစရာမဟုတ်တဲ့အတွက် ဆရာကြီးကို အလွယ်တကူပေးလှူ ကန်တော့ပေ မယ့်လည်း ဆရာကြီးက လက်မခံပါဘူး။
“တပည့်ယောဂီတစ်ယောက်က လှူဒါန်းတာကို ဆရာကြီးကိုယ်ရေးကိုယ်တာကိစ္စအတွက် အသုံး မပြုပါရစေနဲ့။ ဓမ္မနဲ့စပ်တဲ့ အခြားသင့်တော်မယ့် နေရာတွေကိုသာ လှူပါကွာ” ရယ်လို့ ဆိုပါတယ်။
စိတ်ထဲကကြိတ်ပြီး ကြံထား
သို့ကြောင့်မို့ ဦးဂိုအင်ကာက “ချေးတာပါ”လို့ တစ်ဖက်လှည့်ပြီး ပေးခဲ့ရပါတယ်။ ချေးတယ်ဆို တော့ ဆရာကြီးက မငြင်းသာပါဘူး။ ဦးဂိုအင်ကာက တော့ “ချေးတယ်ပြောပေမယ့် ပြန်ဆပ်တော့မယူဘဲ နေလည်းပြီးတာပဲ”လို့ စိတ်ထဲကကြိတ်ပြီး ကြံထား ခဲ့ပါတယ်။
သို့သော် . . .
လကုန်လို့ ပင်စင်လစာထုတ်ချိန်ရောက်တိုင်း ပင်စင်လစာချက်လက်မှတ်ကို တစ်ပြားတစ်ချပ် မကျန် ဆရာကြီးက ဦးဂိုအင်ကာကို ထိုးအပ်တော့ တယ်။ ဦးဂိုအင်ကာဟာ ဖခင်သဖွယ် လေးစား ချစ်ခင်ရသော ဆရာအိုကြီးက သူ့မိသားစုအတွက် တစ်ခုတည်းသော ဝင်ငွေဖြစ်တဲ့ ပင်စင်လစာ ကလေးကို ထိုးအပ်ပြီး အကြွေးဆပ်တဲ့အခါမှာ မယူရက်ရှာဘူး။ ငွေတစ်သောင်းဆိုတာ ဦးဂိုအင်ကာ အတွက် မဖြစ်စလောက်ငွေဖြစ်ပေမယ့် ချစ် ကြောက်ရိုသေရတဲ့ ဆရာကြီးရဲ့စကားကိုလည်း မဖယ်ရှားဝံ့ခဲ့ပါဘူး။ ဒီလိုနဲ့ ဆရာကြီးဟာ ပင်စင် လစာထုတ်တိုင်း ထိုးအပ်အကြွေးဆပ်ရင်း နောက်ဆုံးအကြွေး ငါးထောင်သာ ကျန်တော့တဲ့ အခြေအနေကိုရောက်ခဲ့တယ်။
ထိုအတောအတွင်း ဦးဂိုအင်ကာရဲ့ အဒေါ်လည်း အဒေါ်၊ မွေးစားမိခင်လည်းဖြစ်၊ ဆရာကြီးထံမှာ နည်းခံ၍ နှစ်ရှည်လများ တရားအားထုတ်ဖူး သူလည်းဖြစ်သူ အမေကြီး သေအံ့မူးမူးအချိန်မှာ ဦးဂိုအင်ကာဟာ “အမေ့အတွက် ကျွန်တော်ကုသိုလ် ကောင်းမှုတွေ လုပ်မယ်၊ အမေလှူချင်တန်းချင်တဲ့နေရာတွေကိုသာ ပြောပါ”လို့ မေးမြန်းတဲ့အခါမှာ အခြားသင့်တော်ရာဆေးရုံများ၊ အလှူခံအဖွဲ့ အစည်းများအပြင် “အမေ ... ဆရာကြီးကို ငွေ ငါးထောင် လှူချင်တယ်”လို့ ဆိုပါတယ်။
အလှူရှင်ရဲ့ဆန္ဒကို ဆရာကြီးကြားရတဲ့အခါမှာ ဝမ်းမြောက်စွာ သာဓုခေါ်လေတယ်။ ကမ္မဋ္ဌာန်း ဌာနတစ်ခုလုံးက တွေ့သမျှ လူတွေကိုလည်း “ကြည့်စမ်းကွာ၊ သေပုံနေရာကျလိုက်တာ။ သေခါနီးအထိ သတိမလွတ်ဘူး၊ ဓမ္မကိုလည်း နှလုံးသွင်းရင်း သေသတဲ့၊ ဓမ္မအတွက် ငွေတွေ လှူသတဲ့၊ ငါ့ကိုခေါင်းတတ်ပြီး လှူတာပါ။ ဒါပေမယ့် ဓမ္မကို ဦးတိုက်လှူတာမို့ ငါ့ကိုယ်ရေး ကိုယ်တာ မသုံးပါဘူး။ အလှူရှင် ပိုပြီးလည်း အကျိုးများအောင် ဓမ္မနဲ့ စပ်တဲ့နေရာတွေကိုသာ လှူမယ်ဟေ့”
ပြောရင်းဆိုရင်းမှာပဲ ဟိုဟိုသည်သည်ရှိ ဓမ္မနဲ့ ပတ်သက်တဲ့ကိစ္စများအတွက် ၎င်းငွေများအားလုံး ကို ခွဲဝေလှူဒါန်းတော့တယ်။
တပည့်ရင်း ဦးဂိုအင်ကာအဖို့ ဘာစကား တစ်ခွန်းမျှ ထပ်မံ၍မဆိုနိုင်ဘဲ ငိုင်၍သာ ကြည့်နေ ခဲ့ရကြောင်းပါ။ ဤသို့ဖြင့် လကုန်ရက်ရောက်တိုင်း ဆရာကြီးရဲ့ပင်စင်ချက်လက်မှတ်ကို ဦးဂိုအင်ကာ လက်ခံခဲ့ရသည်မှာ နောက်ဆုံးငွေကျေသည်အထိဖြစ်ကြောင်းပါ။
သို့ကလို အခွင့်အာဏာတွေလက်ကိုင်ရခဲ့ပြီး အဂတိလိုက်စားကာ မတရား ချမ်းသာနိုင်သော် လည်း သေသည်အထိ သီလမပျက်၊ ဓမ္မကိုဖက်ကာ အနစ်နာခံသည့်ဗီဇသတ္တိ ထူးခြားသောနိုင်ငံ့သားကောင်းဆရာကြီး ဦးဘခင်အကြောင်း ဖော်ပြပါ ဆောင်းပါးကို ဆရာကြီးရဲ့အတွင်းနေ တပည့်ရင်း ဒေါက်တာဂိုအင်ကာက ဆရာကြီးကွယ်လွန် သည့်နေ့ (၁၂) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ၁၉၈၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၌ အင်္ဂလိပ်ဘာသာဖြင့် ကိုယ်တိုင် ထုတ်ဝေခဲ့သော ဝိပဿနာဂျာနယ်မှာ “မမေ့ကောင်း သော ဖြစ်ရပ်များ” ခေါင်းစဉ်နဲ့ ရေးသားခဲ့ခြင်း ဖြစ်ပါတယ်။
ဒေါက်တာဂိုအင်ကာရဲ့ဆောင်းပါးပါ အချက် အလက်များကို ဆရာဂါမဏိက “သူ့လို အရာရှိ” ခေါင်းစဉ်ဖြင့်ဘာသာပြန်ဆိုရေးသားခဲ့ဖြစ်ပါတယ်။
တကယ်တော့ “အာဏာသည် လူကိုပျက်စီးစေသည်၊ အကြွင်းမဲ့အာဏာသည် အကြွင်းမဲ့ပျက်စီးစေသည်” ဆိုပေမယ့်လို့ ဆရာကြီး ဦးဘခင်တို့လို သီလ၊ သမာဓိ၊ ပညာဂုဏ်ရှိန်ကြီးမားသူများကိုတော့ အာဏာဟာ လူကိုပျက်စီးစေဖို့ ဖြားယောင်း သွေးဆောင်ခြင်းငှာ မစွမ်းနိုင်ဘူးရယ်လို့ပဲ ဆိုရမှာ ဖြစ်ကြောင်းပါဗျာ။ ။
- Log in to post comments