
နေပြည်တော် ဇန်နဝါရီ ၁၉
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် ဇန်နဝါရီ ၁၂ ရက်မှ ၁၈ ရက်အထိ အမေရိကန်ပြည်ထောင်စု ဟာဝိုင်ရီပြည်နယ်၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ဆက်စပ်သော လုပ်ငန်းများကို သွားရောက်လေ့လာခဲ့သည်။
မီဒီယာအဖွဲ့ တွေ့ဆုံ
ထိုသို့ လေ့လာရာတွင် ဟာဝိုင်ရီ ပြည်နယ်ရှိ ပြည်နယ်ဆီးနိတ် လွှတ်တော်အမတ်များ၊ ပြည်နယ် တရားသူကြီးချုပ်၊ ပြည်နယ်ဒုတိယ ရှေ့နေချုပ်၊ ပြည်နယ်ခုံသမာဓိလူကြီး၊ ပြည်နယ် ကျင့်ဝတ်ကော်မရှင် ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအပြင် အမေရိကန်ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရိုတို့မှ တာဝန်ရှိသူများနှင့် Civil Beat အွန်လိုင်းသတင်း မီဒီယာအဖွဲ့တို့ကို တွေ့ဆုံခဲ့ သည်။
အမြင်ချင်း ဖလှယ်
ကော်မရှင်ဥက္ကဋ္ဌအား ဖက်ဒရယ် ပြည်ထောင်စုနှင့် ပြည်နယ်တာဝန်ရှိသူများက ၎င်းတို့၏ ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်အရ လုပ်ငန်းတာဝန် များခွဲဝေ၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းဆောင်ရွက်နေမှုများ၊ ကျင့်သုံးလျက်ရှိသော နည်းပညာနှင့် နည်းစနစ် များ၊ လုပ်ငန်းစဉ်များကို အသေးစိတ် ရှင်းလင်း တင်ပြကြပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး အတွေ့အကြုံနှင့် အမြင်များကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
လိုက်ပါသွား
အဆိုပါ လေ့လာရေးခရီးစဉ်သို့ ကော်မရှင် ဥက္ကဋ္ဌနှင့်အတူ ပြည်ထောင်စု တရားလွှတ်တော် ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့မှ ကိုယ်စားလှယ်များ၊ မီဒီယာနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ လိုက်ပါ သွားကြကြောင်း သိရသည်။
သတင်းစဉ်