
ပရီမီယာလိဂ်ပွဲစဉ် (၁၇) မှ ကြားပွဲ အဖြစ် ယှဉ်ပြိုင်ကစားခဲ့သည့် မန်စီးတီးအသင်းနှင့် လိဒ်စ် အသင်းတို့ပွဲစဉ်ကို ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက အီတီဟက် ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မန်စီးတီးအသင်းက ခုနစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ မန်စီးတီးအသင်းသည် ယခု အနိုင်ပွဲကြောင့် ပွဲစဉ် (၁၇) အပြီး ရမှတ် ၄၁ မှတ်ဖြင့် အမှတ်ပေး ဇယားကို ဆက်လက်ဦးဆောင် ထားသည်။
ယခုပွဲစဉ်အပါအဝင် လိဒ်စ်အသင်းသည် မန်ယူအသင်းကို ငါးဂိုး-တစ်ဂိုး၊ လီဗာပူးအသင်းကို သုံးဂိုး-ဂိုးမရှိ၊ အာဆင်နယ်ကို နှစ်ဂိုး-ဂိုးမရှိ၊ စပါးကို နှစ်ဂိုး-တစ်ဂိုး၊ ချယ်ဆီးကို သုံးဂိုး-နှစ်ဂိုးဖြင့် ယှဉ်ပြိုင်ကစား ခဲ့သည့် အသင်းကြီးနှင့် ပွဲစဉ်များတွင် ဂိုးပြတ်ရှုံးနိမ့်ထားသည်။
လိဒ်စ်အသင်းသည် လာမည့်ပွဲစဉ်တွင်လည်း အသင်းကြီး အာဆင် နယ်အသင်း၊ လီဗာပူးအသင်းတို့နှင့် ဆက်တိုက်ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ မန်စီးတီးအသင်းအတွက် အဖွင့်ဂိုးကို ဖိုဒင်က ပွဲချိန်ရှစ်မိနစ် တွင် သွင်းယူနိုင်ခဲ့သည်။ ဒုတိယဂိုးကို ဂရီးလစ်ချ်က ပွဲချိန် ၁၃ မိနစ်တွင် သွင်းယူနိုင်ခဲ့ပြီး တတိယဂိုးကို ဒီဘရိုင်းက ပွဲချိန် ၃၂ မိနစ်တွင် သွင်းယူ နိုင်ခဲ့သည်။
ဒုတိယပိုင်းတွင် မန်စီးတီးအသင်းက ကစားကွက်အသာ၊ နည်း ဗျူဟာအသာဖြင့် ပွဲကိုထိန်းချုပ်ကစားနိုင်ခဲ့ပြီး သွင်းဂိုးများ ရရှိခဲ့သည်။ အသင်းအတွက် စတုတ္ထဂိုးပွဲချိန် ၄၉ မိနစ်တွင် မာရက်ဇ်၊ ပဉ္စမဂိုးကို ပွဲချိန် ၆၂ မိနစ်တွင် ဒီဘရိုင်း၊ ဆဌမဂိုးကို ပွဲချိန် ၇၄ မိနစ်တွင် ဂျွန်စတုန်းစ်နှင့် သတ္တမမြောက်ဂိုးကို နသန်အကီက ပွဲချိန် ၇၈ မိနစ်တွင် သွင်းယူပေးနိုင်ခဲ့သည်။ နွေရာသီတွင် အက်စ်တွန်ဗီလာအသင်းမှ ပေါင်သန်း ၁၀၀ ဖြင့် ခေါ်ယူထားသော ဂရီးလစ်ချ်သည် ပရီမီယာလိဂ်တွင် ၎င်း၏ ဒုတိယမြောက်ဂိုးကို ယခုပွဲစဉ်တွင် သွင်းယူနိုင်ခဲ့သည်။
အခြားသောပွဲစဉ်တွင် နော့ဝှစ်ချ်နှင့် အက်စ်တွန်ဗီလာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး အက်စ်တွန်ဗီလာအသင်းက ရမ် ဆေး၊ ဝတ်ကင်စ် တို့၏ သွင်းဂိုးများနှင့်အတူ နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
အောင်ဇော်