
ရန်ကုန် မတ် ၂၂
Hero Tri Nation International Foot-ball Tournament ပြိုင်ပွဲ ပထမနေ့ အဖြစ် မြန်မာအသင်းနှင့် အိန္ဒိယအသင်း တို့ မတ် ၂၂ ရက်က အိန္ဒိယနိုင်ငံ အင်ဖာမြို့တွင် ယှဉ်ပြိုင်ကစားရာ အိန္ဒိယအသင်းက တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
မြန်မာ့လက်ရွေးစင် အသင်း နည်းပြချုပ်သစ် ဖိုက်အွန်ဘိုင်နာ သည် ဆန်းဆက်နိုင် (ဂိုး)၊ နန္ဒကျော်၊ ရဲမင်းသူ၊ သီဟထက်အောင်၊ ဟိန်းဖြိုး ဝင်း၊ ဝေလင်းအောင်၊ လွင်မိုးအောင်၊ မောင်မောင်လွင်၊ ဟိန်းထက်အောင်၊ အောင်သူ၊ သန်းပိုင်တို့ကို ပွဲထွက် လူစာရင်းတွင် အသုံးပြုခဲ့သည်။ ဝါရင့် တိုက်စစ်မှူး ချီသရီ ဦးဆောင်လာသည့် အိန္ဒိယတိုက်စစ်မှာ ပွဲစကတည်းက ဂိုးရရန် ကြိုးပမ်းခဲ့ပြီး ဂိုးရနိုင်သည့် အခွင့်အရေးများရသော်လည်း အသုံး မချနိုင်သဖြင့် နစ်နာခဲ့ရသည်။ မြန်မာ အသင်းသည် ဂိုးရနိုင်သည့်အခွင့်အရေးရသော်လည်း အသုံးမချနိုင်ခဲ့ဘဲ ပထမ ပိုင်း ပြီးခါနီးတွင် ဂိုးပေးလိုက်ရသည်။ ပထမပိုင်းပြီးခါနီးတွင် အိန္ဒိယအသင်း ဂိုးစတင်ရရှိခဲ့ပြီး အာနီရတ်သာပါက သွင်းယူခဲ့ခြင်းဖြစ်သည်။ မြန်မာ အသင်းသည် ချေပဂိုးပြန်ရရန် ကစား သမားများ ပြောင်းလဲကာ တိုက်စစ် မြှင့်ခဲ့သည်။ အိန္ဒိယအသင်းကလည်း ကစားအားမချဘဲ အပြန်အလှန် တိုက်စစ်ဆင်ကစားရာ ဂိုးသွင်းခွင့်များအပြန်အလှန်ရသော်လည်း အသုံးမချ နိုင်သဖြင့် ပထမပိုင်း ရလဒ်အတိုင်း ပြီးဆုံးခဲ့ခြင်းဖြစ်သည်။
Hero Tri Nation International Football Tournament ပြိုင်ပွဲ ဒုတိယနေ့အဖြစ် မတ် ၂၅ ရက်တွင် မြန်မာအသင်းနှင့် ကာဂျစ္စတန်အသင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ရဲရင့်လွင်