
နယူးဒေလီ ဩဂုတ် ၂၃
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ထရီပူရာပြည်နယ်တွင် လွန်ခဲ့သည့် လေးရက်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ရေကြီးရေလျှံမှုကြောင့် ၂၂ ဦးထက်မနည်း သေဆုံးပြီး နှစ်ဦးပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက ဩဂုတ် ၂၃ ရက်တွင် ပြောကြားသည်။
ဒေသဆိုင်ရာအခွန်ဌာန၏ အဆိုအရ ရေကြီးရေလျှံမှုကြောင့် ပြည်နယ်အတွင်းရှိ လူပေါင်း ၁ ဒသမ ၇ သန်းခန့် ထိခိုက်ခံခဲ့ရပြီး လူနေအိမ်များ၊ အခြေခံအဆောက်အအုံများ၊ လမ်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် သီးနှံ စိုက်ခင်းများပျက်စီးဆုံးရှုံးမှု များပြားကြောင်း ဒေသဆိုင်ရာ အစိုးရအကြီးတန်းအရာရှိ ဘရီဂျက်ရှ် ပန်ဒေးက သတင်းစာရှင်းလင်းပွဲ တွင် ပြောသည်။
ပြည်နယ်တစ်ခုလုံးတွင် ရေဘေး ကယ်ဆယ်ရေးစခန်းပေါင်း ၄၅၀ ထူထောင် ထားပြီး လူပေါင်း ၆၅၀၀၀ ကျော် ဘေးလွတ်ရာ တွင် ခိုလှုံနေကြရသည်။ ပြည်နယ်အတွင်းရှိ မြစ်များ၏ ရေအမှတ်များသည် သိသိသာသာ မြင့်မားနေဆဲဖြစ်ပြီး ရေကြီးမှုသည် ဂိုမာတီ၊ ထရီပူရာတောင်ပိုင်း၊ အူနာကိုတီနှင့် ထရီပူရာ အနောက်ပိုင်းခရိုင်များကို ဆိုးရွားစွာ ထိခိုက် ခဲ့သည်။ ရေကြီးမှုကြောင့် ထရီပူရာပြည်နယ် မြို့တော် အဂါတာလာမှ ရထားခရီးစဉ် ဝန်ဆောင်မှုများလည်း ထိခိုက်ခဲ့သည့်အပြင် ဂိုမာတီ၊ ထရီပူရာ တောင်ပိုင်းနှင့် အခြားသော ရေဘေးသင့်ဒေသများတွင် ဆက်သွယ်ရေး ပြတ်တောက်မှုများဖြစ်ပေါ်ခဲ့သည်။ ရေဘေး သင့် ဒေသများရှိ အခြေခံပညာကျောင်းများ ကိုလည်း နောက်ထပ်အမိန့်မထုတ်မချင်း ယာယီပိတ်ထားသည်။
ထို့အတူ မြေပြိုမှုဖြစ်ပေါ်ခဲ့သည့် နေရာ ပေါင်း ၂၀၃၂ ခုအနက် ၁၇၈၉ ခုကို ရှင်းလင်း ခဲ့ပြီး ကျန်နေရာများတွင် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ လုပ်ဆောင်နေပြီဖြစ်ကြောင်း ပန်ဒေးက ပြောသည်။ ဒေသဆိုင်ရာ အစိုးရက ရေဘေးသင့်ဒေသများသို့ အကူအညီနှင့် အထောက်အပံ့များ တိုးချဲ့ပေးရန်အတွက် အိန္ဒိယလေတပ်ထံမှ အကူအညီတောင်းခံထား သည့်အပြင် အမျိုးသားသဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးအဖွဲ့များကိုလည်း ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်စေလွှတ် ထားရသည်။
တစ်ချိန်တည်းတွင် အိန္ဒိယမိုးလေဝသဌာန က ပြည်နယ်၏ နေရာအတော်များများတွင် မိုးသည်းထန်စွာ ရွာသွန်းမည်ဟု ခန့်မှန်းထား ပြီး အနီရောင်သတိပေးချက် ထုတ်ပြန်ထား သည်။ ဆင်ဟွာ