အိန္ဒိယနိုင်ငံ၏ သမဝါယမစနစ် ဆောင်ရွက်ချက်များအား လေ့လာခြင်း

Type
1

 

ခန့်ဇော်(ကျေးလက်)

အိမ်နီးချင်းနိုင်ငံများ၏ သမဝါယမစနစ်ဖြစ်ထွန်းမှု၊ ဆောင်ရွက်မှုပုံစံ၊ အားသာချက်၊ အားနည်းချက်များအား လက်လှမ်းမီသမျှ လိုက်လံလေ့လာရင်းဖြင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏  သမဝါယမစနစ်အကြောင်းကို  ဦးစွာရေးသားဖြစ်ခဲ့သည်။  ယခုတစ်ဖန်  အိန္ဒိယနိုင်ငံ၏  သမဝါယမစနစ်  ဆောင်ရွက်ချက်များအား လေ့လာသုံးသပ်မိသမျှ ပြန်လည်မျှဝေချင်မိရပြန်သည်။ မိမိတို့နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော အိမ်နီးချင်းနိုင်ငံများ၏ အောင်မြင်သောသမဝါယမစနစ်၊ ဆောင်ရွက်ချက်များအား လေ့လာရင်း သုံးသပ်ရင်းဖြင့် မိမိနိုင်ငံ၏သမဝါယမကဏ္ဍ ဖွံ့ဖြိုးမှုအနေအထားနှင့် ချိန်ထိုးနှိုင်းဆအဖြေရှာကြည့်ရင်း တကယ်လုပ်ရင် တကယ်အောင်မြင်မည်ဖြစ်၍ သမဝါယမအသင်းများသို့ တွန်းအားပေးဆောင်ရွက်ရန် တွေးမိလာရသည်။
အိန္ဒိယနိုင်ငံ၏သမဝါယမစနစ်
အိန္ဒိယနိုင်ငံ၏ သမဝါယမစနစ် ဆောင်ရွက်ချက် များကို ရှာဖွေဖတ်မှတ်ရင်းမှ ဦးစွာသတိပြုမိသည် က    သမဝါယမအသင်းများသည်   အိန္ဒိယနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင်   အဓိကကျသော အခန်းကဏ္ဍမှ     ပါဝင်သည့်အပြင်   အိန္ဒိယနိုင်ငံ ကျေးလက်ဒေသ၏      ၉၈  ရာခိုင်နှုန်းခန့်အထိ လွှမ်းခြုံမှုရှိပြီး ကျေးလက်စီးပွားဖွံ့ဖြိုးမှု၏ အဓိကမောင်းနှင်အားဖြစ်သည့်အချက်ပင် ဖြစ်သည်။
အိန္ဒိယနိုင်ငံတွင် သမဝါယမစနစ်သည် ၁၉၀၃ ခုနှစ်ဝန်းကျင်၊   ဗြိတိသျှကိုလိုနီ   လက်အောက်ခံ ကာလကတည်းက   စတင်ခဲ့ခြင်းဖြစ်၍   တရုတ် ပြည်သူ့သမ္မတနိုင်ငံထက်   ၁၀ စုနှစ်   နှစ်ခုနီးပါး ဆောလျင်ခဲ့သည်ကို     တွေ့ရသည်။    ထို့အပြင် အပြည်ပြည်ဆိုင်ရာသမဝါယမ မဟာမိတ်အသင်း (International Cooperatives Alliance-ICA) ၏ ပထမဆုံး အာရှ-ပစိဖိတ်ဒေသဆိုင်ရာရုံးကို ၁၉၆၀ ပြည့်နှစ်ကတည်းကပင် နယူးဒေလီတွင် ဖွင့်လှစ် ထားရှိခဲ့ပြီး အိန္ဒိယနိုင်ငံ၏ အမျိုးသားသမဝါယမ အသင်းများသမဂ္ဂ (National Cooperative Union of India-NCUI)နှင့် အမျိုးသားအဆင့်စိုက်ပျိုးရေးဆိုင်ရာ စျေးကွက်ရှာဖွေရေးသမဝါယမအဖွဲ့ချုပ် (National Agricultural Cooperative Marketing Federation-NAFED)တို့သည် ဒေသတွင်းမှ ICA  သို့  ဝင်ရောက်ခဲ့သည့်  ပထမဆုံးသောသမဝါယမအသင်း များဖြစ်ကြသည်။ အိန္ဒိယနိုင်ငံ၏သမဝါယမသက်တမ်း သည်    နှစ်ပေါင်း  ၁၂၀  ကျော်ပြီဖြစ်ရာ လေ့လာ မှတ်သားစရာများ အမြောက်အမြား တွေ့ရှိရသည်။
ပထမဆုံးသော ချေးငွေသမဝါယမအသင်းကို ၁၉၀၃ ခုနှစ်တွင်    စတင်ဖွဲ့စည်းခဲ့ပြီး   သမဝါယမ ချေးငွေအသင်းများ   အက်ဥပဒေ  (Co-operative Credit Societies)ကို ၁၉၀၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်၍ သမဝါယမအသင်းအဖွဲ့များ၏ တည်ရှိမှုကို ဥပဒေအရ     ခိုင်မာမှုရှိအောင်    အချိန်တိုအတွင်း ဖန်တီးပေးနိုင်ခဲ့ကြောင်း တွေ့ရသည်။ ၁၉၂၉ ခုနှစ်၌ နောင်တွင် အမျိုးသားသမဝါယမအသင်းများသမဂ္ဂ (National Cooperative Union of India- NCUI)ဟုခေါ်တွင်မည့် အိန္ဒိယသမဝါယမအသင်းချုပ် (All India Cooperative Institutes Association)ကို ဖွဲ့စည်းခဲ့သည်။     ဒုတိယကမ္ဘာစစ်    ဖြစ်ပွားလျက် ရှိသည့် ၁၉၃၉-၁၉၄၅ ကာလတစ်လျှောက်တွင် အခြေခံလူသုံးကုန်ပစ္စည်းများ၏      ကုန်ဈေးနှုန်း မြင့်တက်မှုများကို ဖြေရှင်းနိုင်ရန် စားသုံးသူရေးရာ သမဝါယမအသင်းများ    ပိုမိုအားကောင်းလာခဲ့ပြီး တစ်ချိန်တည်း၌ပင် ပြည်သူအများ၏ လိုအပ်ချက် များကို ဖြည့်ဆည်းနိုင်ရန် စက်မှုသမဝါယမအသင်း များ တိုးမြှင့်ဖွဲ့စည်းခဲ့ကြောင်း တွေ့ရသည်။ စားသုံးသူ သမဝါယမအသင်းများသည်   ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာ အရောင်းအဝယ်ပြုလုပ်နိုင်စေ ရန် ဆောင်ရွက်ပေးခြင်းဖြင့် စားသုံးသူအားလုံး၏အကျိုးစီးပွားကို ကာကွယ်ရန် ဖွဲ့စည်းထားခြင်းဖြစ် ပြီး လုပ်ငန်းသဘာဝအလိုက် သမဝါယမအသင်းများ အား   ယေဘုယျအားဖြင့်  အောက်ပါအတိုင်း အမျိုး အစား ခွဲခြားနိုင်ပါသည်-
(၁)     စားသုံးသူသမဝါယမအသင်းများ၊
(၂)     ဈေးကွက်ဖော်ဆောင်ရေး   သမဝါယမ အသင်းများ၊
(၃)    တောင်သူလယ်သမား သမဝါယမအသင်း များ၊
(၄)     ကုန်ထုတ်လုပ်မှုသမဝါယမအသင်းများ၊
(၅)     အိမ်ရာသမဝါယမအသင်းများ၊
(၆)     ငွေချေးသမဝါယမအသင်းများ။
၁၉၁၂ ခုနှစ်တွင် အစောပိုင်းဥပဒေ၏ အားနည်း ချက်အချို့ကို   ပြင်ဆင်သည့်    သမဝါယမအသင်း များ    အက်ဥပဒေကို     အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။ ထို့နောက်    ဌာနပေါင်းစုံ    သမဝါယမအသင်းများ အက်ဥပဒေကို ၁၉၄၂ ခုနှစ်တွင် ဗြိတိသျှအိန္ဒိယ အစိုးရက အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။ ၁၉၄၇ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း၌ ပေါင်းစပ်စီးပွားရေး ပုံစံနှင့်    ငါးနှစ်စီမံကိန်းများ   (Mixed-Economy Model and Five-Year Plans)တွင် သမဝါယမ အသင်းများအား ဒီမိုကရက်တစ် စီးပွားရေးစီမံကိန်း ရေးဆွဲခြင်းဆိုင်ရာကိစ္စရပ်များအတွက်   ကိုယ်စား လှယ်အဖွဲ့အစည်း   (Principal  Agency)  အဖြစ် အသိအမှတ်ပြုထားရှိသည်ကို တွေ့ရသည်။ 
အသင်းအဖွဲ့များ ဖွဲ့စည်းမှုနှင့် အောင်မြင်မှု
အမျိုးသားသမဝါယမအသင်းများသမဂ္ဂ (NCUI)သည်   အိန္ဒိယနိုင်ငံ၏   သမဝါယမလှုပ်ရှားမှုများ အားလုံးကို ကိုယ်စားပြုသည့် အမြင့်ဆုံးအဖွဲ့အစည်း တစ်ခုဖြစ်ပြီး စိုက်ပျိုးရေးနှင့် တောင်သူလယ်သမား များ သက်သာချောင်ချိရေး ဝန်ကြီးဌာနအောက်တွင် အမျိုးသားအဆင့်    သမဝါယမအသင်းများ    ဖွံ့ဖြိုး တိုးတက်ရေးကောင်စီ(National Cooperative Development Corporation-NCDC)ကို တရားဝင် အဖွဲ့အစည်းထားရှိသည်။       ပြည်နယ်ပေါင်းစုံ သမဝါယမအသင်းများ    ဖွံ့ဖြိုးလာစေရေးအတွက် ဥပဒေ၊ မူဝါဒ၊ မူဘောင်များ ချမှတ်ဆောင်ရွက်နိုင်ရန် နှင့်    သီးခြားအုပ်ချုပ်မှုပံ့ပိုးပေးနိုင်ရန်  သမဝါယမ ဝန်ကြီးဌာနကို ၂၀၂၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့ကြောင်း တွေ့ရသည်။  လွှတ်တော်က   ပြည်နယ်ပေါင်းစုံ သမဝါယမအသင်းများနှင့် သက်ဆိုင်သည့်ဥပဒေ များကို ပြဋ္ဌာန်ပေးပြီး ပြည်နယ်အဆင့် သမဝါယမ အသင်းများသည်   ပြည်နယ်အစိုးရများ၏   စီမံပိုင် ခွင့်အောက်တွင် ရှိသည်။ 
အာရှ၏ပထမဆုံးနှင့် ရှေးအကျဆုံးသောအိမ်ရာ သမဝါယမအသင်းဖြစ်သော    ဆာရာဆွပ်   အိမ်ရာ သမဝါယမအသင်း    (Saraswat     Cooperative Housing Society) ကို ၁၉၁၅ ခုနှစ်တွင် တည်ထောင် ခဲ့ပြီး ယနေ့ထက်တိုင် ရပ်တည်နိုင်ဆဲဖြစ်သည်ကို တွေ့ရှိရသည်။    ၂၀၂၀ ပြည့်နှစ်    ကမ္ဘာ့သမဝါယမ စောင့်ကြည့်စစ်ဆေးမှုမှတ်တမ်းအရ ဂူဂျာရက်နို့ ဈေးကွက်ရှာဖွေရေး        သမဝါယမအသင်းချုပ် (Gujarat Cooperative Milk Marketing Federa-tion   Ltd. - GCMMF)၊      အိန္ဒိယလယ်သမားများ မြေဩဇာသမဝါယမအသင်းလီမိတက်     (Indian Farmers Fertilizer Cooperative Ltd.- IFFCO)၊ အူလွန်ဂါလ်အလုပ်သမားစာချုပ်စာတမ်း သမဝါယမ အသင်းလီမိတက် (Uralungal Labor Contract Cooperative Society Ltd.-ULCCS)၊ ခရက်ရှက် ဘာရတီ   သမဝါယမအသင်းလီမိတက်   (Krishak Bharati Cooperative Ltd.- KRIBHCO)နှင့် ဆာရာ ဆွပ်သမဝါယမဘဏ်  (Saraswat   Cooperative Bank)တို့သည် ကမ္ဘာ့ထိပ်တန်းအကြီးဆုံးသမဝါယမ အသင်းအဖွဲ့   ၃၀၀  စာရင်းတွင်   ပါဝင်ခဲ့ကြောင်း သိရှိရသည်။
ဆာရာဆွပ်သမဝါယမဘဏ်
(Saraswat Cooperative Bank)
၎င်းတို့အနက်    ဆာရာဆွပ်    သမဝါယမဘဏ် သည် ၁၉၁၈ ခုနှစ်တွင်  တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဖို့ဘ်စစ်တမ်း(Forbes Survey)အရ အိန္ဒိယနိုင်ငံ၏ အကြီးဆုံးမြို့ပြ သမဝါယမဘဏ်ဖြစ်သည်သာမက  ကမ္ဘာ့အကောင်းဆုံးဘဏ်စာရင်းတွင်လည်း အမြင့် ဆုံးအဆင့်မှ   ပါဝင်သည်ကို  တွေ့ရပါသည်။  ၂၀၂၀ ပြည့်နှစ် ဖို့ဘ်စစ်တမ်းအရ အိန္ဒိယ၏ထိပ်တန်းဘဏ် ၁၀ ခုစာရင်းတွင် ဒုတိယ၊ ကမ္ဘာ့အဆင့် (၉)တွင် ရပ်တည်လျက်ရှိပြီး ပြည်နယ် ခြောက်ခုတွင် ဘဏ်ခွဲ ပေါင်း ၂၈၀ ဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိပါသည်။ 
ဆာရာဆွပ်သမဝါယမဘဏ်ကဲ့သို့ပင်  ကမ္ဘာ့    အဆင့်အထိ    လှမ်းတက်နိုင်ခဲ့သော   သမဝါယမ အသင်းများအနက်တွင် ၁၉၂၅ ခုနှစ်၌ အလုပ်သမား ၁၄ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည့် အူလွန်ဂါလ် အလုပ် သမားစာချုပ်စာတမ်း သမဝါယမအသင်းလီမိတက် (ULCCS)သည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ကမ္ဘာ့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (United Nations Development  Programme - UNDP)မှ    အသိ အမှတ်ပြုရသည့်အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည် နိုင်လျက်ရှိသည်ကို တွေ့ရှိရသည်။ 
အူလွန်ဂါလ်အလုပ်သမားစာချုပ်စာတမ်း
သမဝါယမအသင်းလီမိတက် (ULCCS)
အူလွန်ဂါလ်     အလုပ်သမားစာချုပ်စာတမ်း သမဝါယမအသင်းလီမိတက် (ULCCS)သည် အိန္ဒိယ ၏ အမျိုးဇာတ်ခွဲခြားမှုကြောင့် အလုပ်အကိုင်မရရှိ သည့်     ဇာတ်နိမ့်ဆင်းရဲနွမ်းပါးသူများအတွက် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး   အစောပိုင်းနှစ်များတွင် လမ်းသွယ်၊ လမ်းငယ်ကလေးများ ဖောက်လုပ်သည့် လုပ်ငန်းကို   လုပ်ကိုင်ခဲ့ရာမှ   ကီရာလာပြည်နယ် အတွင်း   လမ်းပေါင်း ၇၁၅၀၀၀၊   တံတား/ မိုးပျံ တံတားပေါင်း ၅၇၇ စင်းနှင့် အဆောက်အဦ ၂၄၀၀၀      တည်ဆောက်နိုင်ခဲ့ပြီး         ကျေးလက်ဒေသမှ အလုပ်သမား ၂၀၀၀ ကျော်ခန့်အား အလုပ်အကိုင် အခွင့်အလမ်း    ဖန်တီးပေးနိုင်ခဲ့ပါသည်။    ထို့ပြင် ULCCS မှ တည်ထောင်ခဲ့သည့် UL Cyber Park သည် ကိုရှက်ကို့ဒီ (Kozhikode) ဒေသရှိ ပထမဆုံးသတင်း အချက်အလက်နည်းပညာ အဆောက်အဦဖြစ်ပြီး ကုမ္ပဏီရုံးခွဲပေါင်း ၄၄ ခုရှိသည်။ မကြာသေးမီနှစ်များ ကလည်း ULCCS သည် အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှု ဆိုင်ရာ    သမဝါယမသင်တန်းများ   ပံ့ပိုးပေးနိုင်ရန် အတွက် ပြည်နယ်အဆင့် အလုပ်သမားရေးရာဦးစီး ဌာနအောက်ရှိ   အိန္ဒိယအခြေခံအဆောက်အဦနှင့် ဆောက်လုပ်ရေးသင်တန်းကျောင်း  -   ကီရာလာ အကယ်ဒမီ(Kerala Academy)၏ မိတ်ဖက်ဖြစ် သော      စကော့တလန်နိုင်ငံရှိ     ဒန်ဒီတက္ကသိုလ် (University of Dundee)  နှင့်     ပူးပေါင်းခဲ့သည်။  အလုပ်သမားများအတွက် အလုပ်အကိုင်ဖန်တီးပေး ရန် စတင်ခဲ့ရာမှသည် ကျွမ်းကျင်လုပ်သား (Skillful Workers)  များ      မွေးထုတ်လာနိုင်သည့်အပြင် အုပ်ချုပ်မှုနှင့်    စီမံခန့်ခွဲမှုအဆင့်အထိပါ    ချဲ့ထွင် တက်လှမ်းလာနိုင်သည်ကို အားရဖွယ် တွေ့မြင် ရသည်။
ဂူဂျာရက် နို့ဈေးကွက်ရှာဖွေရေး 
သမဝါယမအသင်းချုပ်(GCMMF)
ဂူဂျာရက်နို့ဈေးကွက်ရှာဖွေရေး     သမဝါယမ အသင်းချုပ်အောက်ရှိ Amul သည် ပထမဆုံးသော နို့ထုတ်လုပ်သူသမဝါယမအသင်းဖြစ်ပြီး “အိန္ဒိယ၏ အရသာဟု   လူသိများကျော်ကြားသည့်   “Amul” ဟူသော အိမ်သုံးအမှတ်တံဆိပ်လေးသည် အိန္ဒိယ နိုင်ငံကို ကမ္ဘာပေါ်တွင်  နို့ထွက်ပစ္စည်း အများဆုံး ထုတ်လုပ်သည့်နိုင်ငံအဖြစ် ရပ်တည်နိုင်စေခဲ့သည်။ ဆင်းရဲနွမ်းပါး နို့စားနွားမွေးမြူသူ တောင်သူများဖြင့် ၁၉၇၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် Amul သည် ဂူဂျာရတ်ရှိ  နို့ထုတ်လုပ်သူ ၃ ဒသမ ၆ သန်းဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိရာ ဂူဂျာရက် နို့ဈေးကွက် ရှာဖွေရေး သမဝါယမအသင်းချုပ်သည် အိန္ဒိယနိုင်ငံ ၏ အကြီးဆုံး နို့နှင့်နို့ထွက်ပစ္စည်း ပြည်ပတင်ပို့သူ၊ အကြီးဆုံးလက်လီလက်ကား    နို့ရောင်းဝယ်ရေး ကွန်ရက်ကို တည်ထောင်ထားနိုင်သည့်အသင်းဖြစ် ပြီး လက်လီအရောင်းသမား တစ်သန်း၊ လက်ကား အရောင်းသမား ၁၀၀၀၀ ခန့်ဖြင့် အရောင်းဆိုင်ရုံးခွဲ ပေါင်း  ၆၁  ခုအထိ    ဖြန့်ကြက်ထားနိုင်သည်ကို တွေ့ရပါသည်။
အိန္ဒိယလယ်သမားများ မြေဩဇာ
သမဝါယမအသင်းလီမိတက် (IFFCO)
အိန္ဒိယလယ်သမားများ မြေဩဇာသမဝါယမ အသင်းကို  မြေဩဇာထုတ်လုပ်မှုအတွက် အစိုးရ၊ အိန္ဒိယသမဝါယမအသင်းများ၊ အမေရိကသမဝါယမ အသင်းများ(National Cooperative Business Association  CLUSA  International  - NCBA CLUSA)တို့၏အထောက်အပံ့ဖြင့် ၁၉၆၇ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး     ယခုအခါ    တောင်သူ ၅၅သန်းကျော် ပါဝင်သောကွန်ရက်တွင် အဖွဲ့ဝင် ပေါင်း ၃၆၀၀၀ ကျော် ရှိနေပြီဖြစ်သည်။ အစပိုင်းတွင် မြေဩဇာများ        ထုတ်လုပ်ရောင်းချရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သော်လည်း         နောက်ပိုင်းတွင် အထွေထွေအာမခံလုပ်ငန်းနှင့် ကျေးလက်ဒေသရှိ ဆက်သွယ်ရေးလုပ်ငန်း  (Telecom)  များအထိပါ  တိုးချဲ့လုပ်ကိုင်လာနိုင်ခဲ့သည့်အပြင် အိုမန်၊ ဂျော်ဒန်၊ ဒူဘိုင်း၊ ဆီနီဂေါ၊ ကနေဒါ စသည့်နိုင်ငံများအထိပါ ပူးပေါင်းဆောင်ရွက်မှုများ   တိုးချဲ့လာနိုင်ခဲ့သည်။ ကမ္ဘာ့ပထမဆုံးသော နာနိုနည်းပညာသုံးယူရီးယား အရည်ကို စတင်ထုတ်လုပ်နိုင်ခဲ့ပြီး နာနိုနည်းပညာ သုံး ယူရီးယားဓာတ်မြေဩဇာ ထုတ်လုပ်သည့်စက်ရုံ တည်ထောင်နိုင်ရန် အာဂျင်တီးနား၊ ဘရာဇီးတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ အာရှနှင့် အာဖရိကရှိ တောင်သူများကို လေ့ကျင့် သင်ကြားပေးရေးနှင့် သမဝါယမအသင်းများကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရန်    ၂၀၁၉ ခုနှစ် တွင် ICA Africa နှင့် ပူးပေါင်းခဲ့သည်ကို တွေ့ရသည်။
၂၀၁၈   ခုနှစ်      စာရင်းအရ     အိန္ဒိယနိုင်ငံတွင် သမဝါယမအသင်းအဖွဲ့ပေါင်း  ၈၅၄၃၅၅ ခန့်ရှိပြီး လူဦးရေ၏ ၂၁ ဒသမ ၇ ရာခိုင်နှုန်း(၂၉၀ ဒသမ ၀၆ သန်း)ခန့် အဖွဲ့ဝင်အဖြစ် ပါဝင်သည်ကို တွေ့ရသည်။ သမဝါယမအသင်းများမှ တိုက်ရိုက်အလုပ်အကိုင် ဖန်တီးပေးနိုင်မှု   ၁၃ ဒသမ ၃ ရာခိုင်နှုန်းခန့်ရှိပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နိုင်စေရန် ဖန်တီးပေးနိုင်မှု ၁၀ ဒသမ ၉၁ ရာခိုင်နှုန်းခန့်နှင့် ကျေးလက်ဒေသ၏ ၉၈ ရာခိုင်နှုန်းခန့် လွှမ်းခြုံနိုင်မှုရှိသည်ကို အားရဖွယ် တွေ့ရှိရပါသည်။ အသင်းအဖွဲ့အင်အား ကြီးမားသည် နှင့်အမျှ လွှမ်းခြုံနိုင်မှုပမာဏသည်လည်း ကြီးမား ကျယ်ပြန့်ပြီး    ထိရောက်မှု   အားကောင်းသည်ကို အတုယူဖွယ် တွေ့မြင်ရပါသည်။
မူဝါဒ၊ ဥပဒေများဖြင့် အထောက်အပံ့ပြုမှု
၁၉၄၂ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ပြည်နယ်ပေါင်းစုံ သမဝါယမအသင်းအဖွဲ့များအက်ဥပဒေကို ၁၉၈၄ ခုနှစ်တွင် အသစ်ပြန်လည်ပြဋ္ဌာန်းခဲ့ပြီး ၂၀၀၂ ခုနှစ် တွင် ထပ်မံပြင်ဆင်ဖြည့်စွက်ခဲ့သည်။ ၂၀၀၂ ခုနှစ် တွင်ပင် ဗဟိုအစိုးရသည် သမဝါယမကဏ္ဍစုံ ဖွံ့ဖြိုး ရေးရည်မှန်းချက်ဖြင့် အမျိုးသားအဆင့် သမဝါယမ မူဝါဒကို  ထုတ်ပြန်ခဲ့ပြီး  ယင်းမူဝါဒကို  အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် လုပ်ငန်းအဖွဲ့ (Task Force)များ    ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။    ထို့ပြင် အမျိုးသားအဆင့်   သမဝါယမအသင်းများ   ဖွံ့ဖြိုး တိုးတက်ရေးကောင်စီ(NCDC)အက်ဥပဒေကိုလည်း ၂၀၀၂ ခုနှစ်တွင် တစ်ပြိုင်တည်း ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီး သမဝါယမစီးပွားရေးလုပ်ငန်းများ    လုပ်ဆောင်ရာ တွင်   လူငယ်များ   ပါဝင်လာစေရေး   တွန်းအားပေး နိုင်ရန်အတွက်  “Yuva Sahakar - Cooperative Enterprise Support and Innovation Scheme”ကို စတင်မိတ်ဆက်ခဲ့သည်။ ထို့ပြင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာ ရေးနှစ်၌ NCDC သည် “၂၀၂၂ ခုနှစ်တွင် တောင်သူ များ၏ ဝင်ငွေနှစ်ဆတိုးပွားစေရန်”ဟူသည့် ရည်မှန်း ချက်ဖြင့်  “Mission Sahakar 22”ကို စတင်ခဲ့သည်။ Sahakar 22 တွင် အောက်ဖော်ပြပါလုပ်ငန်းစဉ်များ ပါဝင်သည်ကို တွေ့ရသည်-
.    NCDC  ၏  အကူအညီဖြင့်   ခရိုင် ၂၂၂ ခုရှိ သမဝါယမအသင်းများကို     အစုအဖွဲ့ အခြေပြု ချဉ်းကပ်မှုနည်းလမ်း (Cluster Based Approach)ကျင့်သုံး၍ ပေါင်းစည်း ခြင်း)၊
.    အခြေခံစိုက်ပျိုးရေး   ချေးငွေအသင်းနှင့် APNA KISAN  အရင်းအမြစ်စင်တာများ ကဲ့သို့ သမဝါယမအသင်းများအား ပြုပြင် ပြောင်းလဲခြင်း၊
.    အိန္ဒိယ၏အရှေ့နှင့် အရှေ့မြောက်ဒေသရှိ သမဝါယမအသင်းများကို    အခြားသော လယ်ယာဗဟိုပြု       အစီအစဉ်များနှင့် ပေါင်းစည်းခြင်း၊
.    သမဝါယမအသင်းများမှ      တစ်ဆင့် ဈေးကွက်ချိတ်ဆက်ပေးမည့်     အဆင့်မီ စင်တာများ   (Centers  of  Excellence)တည်ထောင်ပေးခြင်း၊
.    သမဝါယမဆိုင်ရာသုတေသနနှင့် ဖွံ့ဖြိုးရေး အတွက် ဖွင့်လှစ်ထားရှိသော Laxmanrao Inamdar National Academyမှတစ်ဆင့် စွမ်းဆောင်ရည်မြှင့်တင်ရေး  ဆောင်ရွက် ပေးခြင်း၊
အိန္ဒိယနိုင်ငံရှိ သမဝါယမအသင်းများ 
ဆောင်ရွက်မှုပုံစံ
အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအနေဖြင့် များများ စားစား မပံ့ပိုးပေးနိုင်သည့် စိုက်ပျိုးရေးချေးငွေနှင့် ရန်ပုံငွေများကို သမဝါယမအသင်းများက ထောက်ပံ့ ပေးသည်။ စိုက်ပျိုးရေးကဏ္ဍအတွက် မဟာဗျူဟာ မြောက် သွင်းအားစုများ ပံ့ပိုးပေးခြင်း၊ စားသုံးသူ လူ့အဖွဲ့အစည်းများအား         စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများကို သက်သာသည့်နှုန်းထား ဖြင့် ရောင်းချပေးခြင်းတို့ကို ဆောင်ရွက်ပေးသည်။ ကုန်စည်ထုတ်လုပ်သူဒိုင်များထံမှ တိုက်ရိုက်ဝယ်ယူ ခြင်းဖြစ်၍ ကြားခံပွဲစားများ မပါဝင်သည့်အတွက် ကုန်ပစ္စည်းများကို စားသုံးသူများထံ ကုန်ကျစရိတ် သက်သာစွာဖြင့်  ပို့ဆောင်ရောင်းချပေးနိုင်သည်။ ထွက်ကုန်များကို စီမံထုတ်လုပ်လိုသည့် တောင်သူ လယ်သမားများအတွက်လည်း ၎င်းတို့၏ ကုန်ထုတ် အရင်းအမြစ်များကို    ပေါင်းစပ်အသုံးပြု၍    နို့နှင့် နို့ထွက်ပစ္စည်း၊ သကြားစက်များ၊ ချည်မျှင်စက်များစသည့်လုပ်ငန်းအမျိုးအစားအလိုက် သမဝါယမ အသင်းများ    ဖွဲ့စည်းပေးသည်။    စာရင်းများအရ နို့ထွက်ပစ္စည်းသမဝါယမအသင်း ၁၉၄၁၉၅ သင်းနှင့် သမဝါယမသကြားစက်လုပ်ငန်း ၃၃၀ ရှိကြောင်း သိရှိရပါသည်။
ခြုံငုံ၍ဆိုရလျှင် နည်းပညာ၊ ကုန်ကြမ်း၊ စက် ကိရိယာ၊ ယန္တရား၊ ငွေကြေး၊ ဈေးကွက်... ဘာပဲလိုလို ထောက်ပံ့ဖြည့်ဆည်းပေးမည့်ကဏ္ဍအလိုက် သမဝါ ယမအသင်းများ စုံစုံစေ့စေ့ရှိခြင်းသည်ပင် အိန္ဒိယ နိုင်ငံတွင် သမဝါယမစနစ် ဖြစ်ထွန်းအောင်မြင်ရခြင်း ၏ အဓိကအချက်ဟု သုံးသပ်မိရပါသည်။ သို့သော် အောင်မြင်သူတို့   သွားရာလမ်းတွင်လည်း  အတား အဆီးနှင့် စိန်ခေါ်မှုများ ရှိသည်ပင်။
သမဝါယမအသင်းများ 
ရင်ဆိုင်ကြုံတွေ့ရသည့် စိန်ခေါ်မှုများ
အိန္ဒိယနိုင်ငံရှိ     သမဝါယမအသင်း     အများစု ရင်ဆိုင်ရတတ်သည့် စိန်ခေါ်မှုများကို လေ့လာခဲ့ရာ တွင်    ယေဘုယျအားဖြင့်    တွေ့ရှိရသည့်အချက် များမှာ-
.    ဒေသတွင်း နိုင်ငံရေးသမားများ၏လွှမ်းမိုးချုပ်ကိုင်မှုကို ခံရလေ့ရှိခြင်း၊  
.    ရန်ပုံငွေပြတ်လပ်မှု ကြုံတွေ့ရခြင်း၊ အစိုးရ ၏အကူအညီ    လုံလောက်စွာမရရှိခြင်း၊ အစိုးရ၏အကူအညီနှင့်   ထောက်ပံ့မှုများ အပေါ်တွင် မှီခိုနေရသည်များရှိခြင်း၊
.    အဖွဲ့ဝင်များ၏         စီမံခန့်ခွဲမှုစွမ်းရည် အားနည်းခြင်း၊ 
.    အတ္တပဋိပက္ခများ၊   ကိုယ်ရည်ကိုယ်သွေး ဆိုင်ရာပဋိပက္ခများ စသည်တို့ကြောင့် အဖွဲ့ ဝင်များအကြား မကြာခဏပဋိပက္ခများစွာ  ဖြစ်ပွားလေ့ရှိခြင်း စသည်တို့ဖြစ်သည်။
ရှေ့ဆက်ဆောင်ရွက်သင့်သည့်နည်းလမ်းများ
စိန်ခေါ်မှုနှင့် အတားအဆီးများကို ကျော်လွှား နိုင်ရန် အောက်ပါအချက်များကို ဆောင်ရွက်သင့် ကြောင်း   အဆိုပြုထားသည်ကို   လေ့လာတွေ့ရှိရ ပါသည်-
.    သမဝါယမအသင်းများ  ထူထောင်ရာတွင် ဒေသပတ်ဝန်းကျင်အခြေအနေကို ထည့် သွင်း    စဉ်းစားသင့်ခြင်း၊     စိုက်ပျိုးရေးနှင့် စျေးကွက်ရှာဖွေရေးသမဝါယမအသင်းများ သည် ပတ်ဝန်းကျင်ရှိ အရင်းအမြစ်များကို အတတ်နိုင်ဆုံးအသုံးချသင့်ခြင်း၊
.    ထိရောက်မှုအားနည်းသော    သမဝါယမ အသင်းများကို ဖျက်သိမ်းခြင်း/ အားကောင်း သည့်အသင်းများနှင့် ပေါင်းစည်းသင့်ခြင်း၊
.    ဘက်စုံဖွံ့ဖြိုးရေးရည်မှန်းချက်ထားရှိသည့် သမဝါယမအသင်းများဖြစ်သင့်ခြင်း၊
.    မြေယာမဲ့အလုပ်သမားများ၊ လက်မှုပညာ သမားများ၊ အိမ်ငှားနှင့် သီးနှံစိုက်တောင်သူ များအတွက် ချေးငွေ သီးသန့်ထားရှိသင့်ခြင်း၊
.    ချေးငွေ(ခရက်ဒစ်)  ဝန်ဆောင်မှုပေးသူများ သည်     လုံခြုံရေးအရ   တင်းကျပ်မှုများကို ဖြေလျှော့ပေးခြင်းနှင့်  အတိုးနှုန်းလျှော့ချ သင့်ခြင်း၊
.    ကြိုးနီစနစ်၊ နိုင်ငံရေး စွက်ဖက်မှု၊ အုပ်ချုပ် ရေးဆိုင်ရာ     ပိတ်ဆို့မှုများ   စသည်တို့ကို ဖယ်ရှားသင့်ခြင်း၊
.    ကျန်းမာရေးနှင့် မိသားစုသက်သာချောင်ချိ ရေး၊   အထူးသဖြင့်    ကလေးသူငယ်များ သက်သာချောင်ချိရေး၊  မိခင်များအတွက် မျှတသော    အစားအစာအာဟာရရရှိရေး စသည်တို့နှင့် စပ်လျဉ်းသည့် အစီအစဉ်များ ကို တိုးမြှင့်လုပ်ဆောင်ပေးသင့်ခြင်း၊
.    အရွယ်ရောက်သူ   ပညာရေးနှင့်   စာတတ် မြောက်ရေးအစီအစဉ်များကို ကျေးလက် ဒေသ         သမဝါယမအသင်းများတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သင့်ခြင်း။
အောင်မြင်သည့်သမဝါယမစနစ်ဖြစ်ထွန်းဖို့ 
ဘာတွေဆောင်ရွက်သင့်သလဲ
သမဝါယမအသင်းများသည် စုပေါင်းအင်အား ဖြင့် ဆောင်ရွက်ရခြင်းဖြစ်၍ ဒီမိုကရေစီ နည်းလမ်း ကျကျ    ပွင့်လင်းမြင်သာမှုရှိရှိ   ဆောင်ရွက်ရန် လိုအပ်ပြီး အသင်းအဖွဲ့တွင် ပါဝင်သူများအချင်းချင်း ညီညွတ်ကြရန်နှင့် တစ်ဦးနှင့်တစ်ဦး ဝိဝါဒကွဲပြားမှု မရှိစေရေးအတွက် တူညီသော ရည်မှန်းချက်ရှိရန် လိုသည်။ ကဏ္ဍအလိုက်၊ ဒေသအလိုက် လိုအပ်ချက် နှင့်    လိုက်လျောညီထွေရှိသည့်    အသင်းအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်နိုင်မှသာလျှင်     ထိရောက်မှု မြန်ဆန်မည်ဖြစ်ပြီး ရပ်တည်ချက်ခိုင်မာမှုရှိစေရေး အတွက် ကျောထောက်နောက်ခံပြုစရာ ဥပဒေများ ကို  သက်ဆိုင်ရာကဏ္ဍအလိုက် (ဥပမာ-အိန္ဒိယရှိ ပြည်နယ်ပေါင်းစုံ     သမဝါယမအသင်းအဖွဲ့များ အက်ဥပဒေ၊  အမျိုးသားအဆင့်သမဝါယမအသင်း များ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီအက်ဥပဒေ၊ ဘဏ် လုပ်ငန်းဆိုင်ရာ    လုပ်ထုံးလုပ်နည်း    ပြင်ဆင်ချက် စသည်...) ချမှတ်ထားရှိရန်လည်း လိုအပ်ပါသည်။ 
ဒေသတစ်ခုနှင့်တစ်ခု    ချိတ်ဆက်ထားခြင်း၊ ကဏ္ဍတစ်ခုနှင့်တစ်ခု      လုပ်ငန်းကွင်းဆက်များ ချိတ်ဆက်ဖော်ဆောင်နိုင်ခြင်းသည်     သမဝါယမ အသင်းများ ရေရှည်ရပ်တည်နိုင်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုကြီးထွားလာစေခြင်း၏ အဓိကအကြောင်း ရင်းခံဟု သုံးသပ်မိရပါသည်။ Nokia ကုမ္ပဏီသည်  အမှားများ မလုပ်ခဲ့သော်လည်း လုပ်သင့်လုပ်ထိုက် သည့် အပြောင်းအလဲကို ခေတ်နှင့်အညီ မဖန်တီး နိုင်လိုက်သည့်အတွက် နောက်ကျကျန်ရစ်ခဲ့သည်ကို သင်ခန်းစာယူဖွယ်ရာ သိမှတ်ခဲ့ရဖူးပါသည်။
စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုဖြင့် ရေရှည်ရပ်တည်နိုင် ရန်အတွက်ဆိုလျှင် ကာလံ၊ ဒေသံကိုလိုက်၍ မြေပြင် လိုအပ်ချက်နှင့်အညီ      လိုက်လျောညီထွေပြုပြင် ပြောင်းလဲမှုကို အချိန်နှင့်တစ်ပြေးညီ ဖန်တီးနိုင်ရန် အလွန်အရေးကြီးပါသည်။ ကိုယ့်အခြေအနေ ကိုယ်သိ အောင်   လုပ်ခြင်း၊   အမှားကို   မှားမှန်းသိခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းသည် အဓိကကျသည့် “အား” ဖြစ်ခြင်းကြောင့် တကယ်လုပ်/ မလုပ်၊ တိုးတက်မှု၊ အောင်မြင်မှု ရှိ/ မရှိကို ပုံမှန် စောင့်ကြည့်သုံးသပ်ရန် လိုအပ်ပါသည်။ သမဝါယမလုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးအတွက်ဆိုပါလျှင် မြေပြင်ပကတိ အခြေအနေအရ လိုအပ်ချက်များအပေါ် မူတည်၍ ပြုပြင်ပြောင်းလဲသင့်သည်များကို ပြုပြင်ပြောင်းလဲ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း အကြံပြုတင်ပြ အပ်ပါသည်။         ။
ကိုးကား
.    SAHKAR-22_NCDC-Mission-2022 (Busi-ness Plan)
.    2021 India County Snapshot (http://icaap.coop/sites/ica-ap.coop/files/2021)
.    History of Cooperatives Movement