
ရှင်စောဖြူ(စာပေဗိမာန်)
============
စာပေဗိမာန်နှင့် ကျွန်မ
လွန်ခဲ့သည့် ၁၄ နှစ်က ဖြစ်ပါသည်။ စာပေ ဗိမာန်၏ ဂုဏ်သတင်းကြီးမှုကို ကျွန်မမိဘများ၏ ပြောစကားများနှင့် ငယ်စဉ်က ဖတ်ခဲ့ဖူးသော စာအုပ်စာစောင်များမှ သိရှိခဲ့ပြီးဖြစ်လေရာ ထိုနေရာ မျိုးတွင် အလုပ်ရခဲ့သည်မှာ ကျွန်မအဖို့ ကံထူးလှ သည်ဟု ဆိုရမလိုပင်။ စာပေဗိမာန်၏ လှေကားထစ် များကို တစ်ထစ်ချင်း လှမ်းတက်ခဲ့စဉ် “အမှောင် ခွင်း၍ အလင်းဆောင်အံ့”ဟူသော စာပေဗိမာန်၏ ဆောင်ပုဒ်ကို ဖတ်ရှုရင်း “ဪ … ဒီလှေကားလေး ဟာ ဆရာကြီးသခင်ဘသောင်း၊ ဆရာကြီး ဇော်ဂျီ၊ ဆရာကြီး မင်းသုဝဏ်၊ ဆရာကြီး ဗိုလ်ဗကို၊ ဆရာကြီး ပါရဂူ၊ ဆရာကြီး မောင်ဆုရှင်၊ ဆရာကြီး မုံရွာ ဝင်းဖေ စသည့် စာပေပညာရှင်ပေါင်းများစွာ နင်းတက်ခဲ့သည့် လှေကားလေးပါတကား၊ ဂုဏ်ယူ စရာ ကောင်းလှပေစွ၊ ငါလည်း ဒီဆရာကြီးတွေလို စာပေဂုဏ် မဆောင်နိုင်ရင်တောင်မှ စာပေဗိမာန်ရဲ့ ဂုဏ်မကျအောင် တစ်ထောင့်တစ်နေရာက အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် ပါဝင်ခွင့်ရခဲ့ပြီ ဖြစ်တာကြောင့် စိတ်ထဲကြည်နူးလိုက်တာ” ဟူသော စိတ်ခံစားချက်များ ရင်ဝယ်ဖြစ်ထွန်းခဲ့ပြီး ယနေ့တိုင် ကိန်းအောင်းနေဆဲဖြစ်သည်။
မိမိ လေးစားအားကျခဲ့ရသည့် စာရေးဆရာကြီး ဆရာမကြီးများကို သက်ရှိထင်ရှား တွေ့ခွင့်ရခြင်း သည် ကျွန်မအတွက် ကံကောင်းမှုတစ်ခုပင် ဖြစ်သည်။ စာပေဗိမာန်ထုတ် စာအုပ်စာစောင်များ တွင် စာမူခကို အဓိကမထားဘဲ စာပေချစ်စိတ်ဖြင့် ရေးသားပေးနေကြသည့် ဆရာကြီး ဆရာမကြီးများ ကိုလည်း အထင်ကြီးလေးစားမိသည်။ စာပေဗိမာန် ကောင်းစားရေးအတွက်ဆိုလျှင် အမြဲပင် ရှေ့တန်းက တက်ကြွစွာ ဝိုင်းဝန်းကူညီပေးကြသည့်၊ မိမိတို့၏ ဇရာကိုပင် အန်တုကာ စာပေဖြင့် အလှဆင် နုပျို လန်းဆန်းနေကြသည့် ဆရာကြီး ဆရာမကြီးများမှာ ကျွန်မတို့၏ စာပေမိခင်၊ ဖခင် ကျေးဇူးရှင်များပင် ဖြစ်သည်။
စာပေဆုများ
စာပေဗိမာန် စတင်သန္ဓေတည်ရာဖြစ်သည့် “မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းကြီး” ကို ၁၉၄၇ ခုနှစ် ဩဂုတ် ၂၆ ရက်တွင် ဖွဲ့စည်းခဲ့သည်။ အသင်းကြီးသည် မြန်မာစာပေထိန်းသိမ်း ပျိုးထောင်မှု၊ မြန်မာ့ယဉ်ကျေးမှုထိန်းသိမ်း စောင့်ရှောက်မှုတို့ကို အားပေးဆောင်ရွက်ခဲ့သည့် နည်းတူ ပြည်သူလူထုကို မြန်မာ့စာပေအမြင် မျက်စိ၊ မြန်မာ့ယဉ်ကျေးမှုအမြင်မျက်စိရှိအောင် စာပေပြုစု ထုတ်ဝေမှုလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့သည်။ ထို့ပြင် စာပေဆုချီးမြှင့်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ စာပေဗိမာန်ဆု (၁၉၄၈-၁၉၆၁)၊ အနုပညာစာပေဆိုင်ရာဆု (၁၉၆၂-၁၉၆၄)၊ ၁၉၆၅ ခုနှစ်မှစ၍ အမျိုးသားစာပေဆုဟု အဆင့်ဆင့် အမည်ပြောင်းလဲချီးမြှင့်ခဲ့ရာ ယနေ့တိုင် ပင် ဖြစ်သည်။
၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုငွေကို ကျပ်သိန်း ၁၀၀ သို့ တိုးမြှင့် ကာ ချီးမြှင့်ပေးမည်ဟူသော မင်္ဂလာသတင်းကို ကြားသိရသည့်အတွက် စာပေဆီမီးကို နှလုံးသား ဖြင့် ထွန်းညှိပေးကာ ပညာဉာဏ်မျက်စိ ဖွင့်ပေးခဲ့ကြ သည့် စာပေပညာရှင်ကြီးများအတွက် ဝမ်းမြောက် ဂုဏ်ယူ မုဒိတာပွားမိပါသည်။
ဆရာမကြီး ဒေါ်စောမုံညင်း
ဆရာမကြီးကို အခွန်တော်မင်းကြီး ဦးစံတင်၊ ဒေါ်ဒေါ်မြို့တို့က ၁၉၂၀ ပြည့်နှစ် အောက်တိုဘာ ၈ ရက်တွင် မိုးမိတ်မြို့၌ မွေးဖွားသည်။ အမည် ရင်းမှာ ဒေါ်ရင်ရင်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (မြန်မာစာ၊ ရာဇဝင်ဂုဏ်ထူး) နှင့် နိုင်ငံခြား ဘာသာသိပ္ပံမှ ဂျပန်ဘာသာ ဒီပလိုမာဘွဲ့ရရှိသည်။ ရှစ်တန်းကျောင်းသူဘဝက သီပေါစော်ဘွားကြီး စောအုံကြာ ထုတ်ဝေသော ရတနာသီဟဂျာနယ်တွင် “မိုးမိတ်ရင်ရင်” အမည်နှင့် လောင်းကစားမကောင်း ကြောင်း ဆောင်းပါးနှင့် တေးထပ်များကို ရေးသားခဲ့ သည်။ ဂျပ်ဆင်ကောလိပ်မဂ္ဂဇင်းတွင် ဆောင်းပါး၊ ကဗျာရေးသားရာမှ “စောမုံညင်း” ကလောင်အမည် ကို ခံယူခဲ့သည်။ အမျိုးသမီးကလောင်အဖွဲ့ ရန်ပုံငွေ ပြဇာတ်ဖြစ်သော “ရတနာ့ဂုဏ်ရည်” ပြဇာတ်နှင့် “ကိန္နရီမောင်နှံ” ပြဇာတ်တို့ကို ရေးသားခဲ့သည်။ ရှမ်းလူမျိုးများချက်သည့် မုံညင်းရွက်ချဉ်ရည်ဟင်းကို ကြိုက်၍ “စောမုံညင်း” ဟု အမည်မှည့်ခဲ့ကြောင်း ဆရာမကြီးက ဟာသနှောပြီး ပြောခဲ့သော်လည်း စပ်ခွန်ချို၏ ဘထွေးဖြစ်သူက ရှမ်းဒဏ္ဍာရီထဲက မင်းသမီးလေး စောမုံညင်းအကြောင်းပြောပြပြီး ဆရာမကြီး၏ အမည်ရင်း “ရင်ရင်”ဟု မခေါ်ဘဲ ချစ်စနိုးဖြင့် “စောမုံညင်း” ဟု ခေါ်ခဲ့ကြောင်း သိရှိရ ပါသည်။
၂၀၀၅ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုရှင်မှာ ဆရာမကြီး စည်သူ ဒေါ်ရင်ရင် (စောမုံညင်း)ဖြစ်ပါသည်။ ကျွန်မအနေ ဖြင့် ဆရာမကြီးကို လူကိုယ်တိုင် တစ်ခါမျှမဆုံစည်းခဲ့ ရသော်လည်း ရေဒီယိုမှ မြန်မာ့ဓလေ့ လေလှိုင်းသံ အစီအစဉ်များကို ကလေးဘဝကတည်းက ကြိုက်နှစ် သက်ခဲ့ရာ ဆရာမကြီး၏ မြန်မာ့ယဉ်ကျေးမှု အနုပညာဟောပြောချက်များကို စွဲလမ်းစွာ နားသောတဆင်ခဲ့ဖူးသည်။ ဆရာမကြီးကိုယ်တိုင် လာ၍ဟောပြောသည်မဟုတ်၊ စာမူကို ရေးသား ပြုစုပြီး မြန်မာ့အသံသို့ အပတ်စဉ် အချိန်မီပေးပို့ကာ ထိုစာမူကို မြန်မာ့အသံဝန်ထမ်း အမျိုးသမီးတစ်ဦး က အံဝင်ခွင်ကျ ပီသညီမျှအောင် ဖတ်ပေးခဲ့ခြင်းကို နောင်မှသိခဲ့ရသည်။
မိဘများက ကျွန်မတို့ကို ကျောင်းစာအပြင် စာကောင်းပေမွန်များ ဖတ်မှတ်လေ့လာဖို့ တိုက်တွန်း အားပေးခဲ့ရာ ဆရာမကြီး၏ စာအုပ်များနှင့် ထိတွေ့ ရင်းနှီးခွင့်ရခဲ့သည်။ ဆရာမကြီး၏ စာအုပ်များကို ဖတ်မှတ်ရင်းဖြင့် ဆရာမကြီးသည် စာပေဂီတ အနုပညာတွင်သာမက စေတနာ့ဝန်ထမ်း၊ လူမှုရေး လုပ်ငန်းများတွင်လည်း အိုးပစ်အိမ်ပစ် ထဲထဲဝင်ဝင် စိတ်ရောကိုယ်ပါနှစ်လျက် ဆောင်ရွက်ခဲ့ခြင်းများကို လေးစားစွာသိမှတ်ခဲ့ရသည်။ “မြတ်နိုးစရာ မြန်မာ့ ရိုးရာများ” စာအုပ်တွင် ပါဝင်သည့် “ငယ်ရွယ်စဉ်အခါ ပညာရှာ” ဆောင်းပါးတွင် ဆရာမကြီး အသက် (၁၁) နှစ်အရွယ်၌ မိုးမိတ်မြို့မှ မိုးကုတ်မြို့သို့ ကားလမ်းမပေါက်၍ မြင်းစီးကာ တောင်ကမ်းပါးယံ များကိုပတ်ပြီး စွန့်စားသွားရပုံ၊ မိုးတွင်းဆိုလျှင် တောင်များပြိုကျသဖြင့် လမ်းပြတ်သွားရာ လမ်းအစရှာရပုံနှင့် (၂၈) မိုင်ခရီး ဆိုသော်ငြား တောတောင်များကို ကွေ့ဝိုက်သွားရသဖြင့် မိုးကုတ် သို့ မြင်းလည်းမော၊ လူလည်းဟိုက်ချိန် ညမိုးချုပ်မှ ရောက်ကာ ခက်ခက်ခဲခဲ ပညာရှာမှီးခဲ့ပုံများကို သိရှိရသည့်အတွက် ယနေ့ခေတ် လူငယ် ကျောင်းသားမောင်မယ်များ ပညာရေးကို တန်ဖိုး ထားသင်ယူစေလိုသည့်စေတနာမှာ အလွန်ထင်ရှား လှသည်။
ရှေးခေတ်မြန်မာနိုင်ငံ၏ ပညာရေးစနစ်မှာ ဘုန်းတော်ကြီးကျောင်း ပညာရေးစနစ် ဖြစ်သဖြင့် ဆယ်စောင်တွဲ မသင်မနေရခေတ်ဖြစ်ကြောင်း၊ နှစ်စောင်တွဲဖြစ်သည့် သင်ပုန်းကြီးနှင့် မင်္ဂလသုတ်၊ သုံးစောင်တွဲဖြစ်သည့် မင်္ဂလသုတ်၊ အပြင်အောင်ခြင်း နှင့် အတွင်းအောင်ခြင်း၊ လေးစောင်တွဲတွင် ရတနာ ရွှေချိုင့်၊ ငါးစောင်တွဲတွင် နမက္ကာရကို သင်ကြားရကာ နမက္ကာရအဆင့်ရောက်ပြီဆိုလျှင် ဂုဏ်ယူရကြောင်း၊ နမက္ကာရဆိုသည်မှာ မြတ်စွာဘုရား၏ ကြည်ညိုစရာ ဂုဏ်တော်များပင်ဖြစ်၍ အဓိပ္ပာယ်ကို သိရလေ ကုသိုလ်ရလေဖြစ်ကြောင်း၊ ဘုရားရှင်၏ဂုဏ်တော်၊ ကျေးဇူးတော်၊ လက္ခဏာတော်များကို ကြည်ညို ဖွယ်ရာ ဖော်ပြထားသည့် ဘုရားရှိခိုးဖြစ်ကြောင်း၊ ဆရာကြီး ဒဂုန်ဦးထွန်းမြင့်၏ ၃၈ ဖြာ မင်္ဂလာကဗျာ အကြောင်းနှင့် မာဂဓီသာစည်ဆရာတော်ဘုရား၏ မြန်မာ့ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရေးအတွက် အားထုတ်ဆောက်ရွက်ခဲ့ပုံများအကြောင်း စသည် ဖြင့် လိမ္မာယဉ်ကျေး၊ သိမ်မွေ့ပျော့ပျောင်းသည့် သူတော်ကောင်းကလေးများ၊ ဘာသာသာသနာကို စောင့်ရှောက်နိုင်သူများ ဖြစ်လာအောင် “အလိမ္မာ လမ်းညွှန်” ဆောင်းပါးတွင် နှိုးဆော်ထားလေသည်။
ကလေးသူငယ်အရွယ်မှစ၍ ဘာသာရေး အခြေခံအုတ်မြစ် တောင့်တင်းခိုင်မာရန် အထူး လိုအပ်နေပြီဖြစ်ကြောင်း အနာဂတ်အရေး ကြိုတင်မြော်တွေးကာ အမြော်အမြင်ကြီးစွာ ရေးသားပြုစုခဲ့သည့် ဆရာမကြီး၏ စာပေများမှာ အဖိုးတန်သည်ဟု ဆိုခြင်းထက်ပင် ပိုနေကာ အဓိပ္ပာယ်များစွာ လေးနက်ကျယ်ဝန်းလှပေသည်။ ထို့ပြင် တံခွန်တိုင်ထူသောဓလေ့၊ ရေစက်ချခြင်း ဓလေ့၊ အုန်းမောင်းခေါက်သည့်ဓလေ့၊ ညောင်ဓလေ့၊ မြန်မာ့ခေါင်းပေါင်းဓလေ့၊ မြန်မာ့ဒင်္ဂါးခေတ် စသည် ဖြင့် သမိုင်းထဲတွင် နစ်မြုပ်မေ့လျော့ခံနေရသည့် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံတို့ကို ပြန်လည်တူးဆွ ဖော်ထုတ်ပေးနေသူဖြစ်ရာ တစ်နည်းဆိုရသော် သမိုင်းတာဝန်ကျေသူ ဆရာမကြီး ပင်ဖြစ်သည်။
ရှေ့ဆောင်လူငယ် သောက်ရှူးကြယ်
ကလေးသူငယ်များသည် တိုင်းပြည်အနာဂတ် ၏ ဗိသုကာများဖြစ်ကြသဖြင့် ဆရာမကြီးက သူတို့ လေးတွေကိုလည်း ချန်ရစ်မထားခဲ့ပေ။ ကမ္ဘာကြီးကို နောင်တစ်ခေတ်တွင် ဤကလေးသူငယ်တို့ကသာ စိုးမိုးကြတော့မည်ဖြစ်သည်။ သူတို့တစ်တွေကို အထင်သေး၍မရပါ။ အသက်အရွယ်ပင် ငယ်လင့် ကစား ကြီးမားသောရည်ရွယ်ချက်များနှင့် သူတို့၏ သေးငယ်သော ဦးနှောက်အတွင်းမှ အံ့ဩဖွယ်ရာ များကို ဖန်တီးလာတတ်ကြသည်။ အနာဂတ်၏ ကြယ်တာရာများဖြစ်ကြသော ကလေးသူငယ်များ ကို ကမ္ဘာကြီးက အားကိုးတစ်ခုအဖြစ် မျှော်လင့်နေ ကြရသည်။ လောင်းရိပ်မမိဘဲ တစ်ဖြောင့်တည်း တက်သွားဖို့ အပင်ငယ်လေးများကို ငယ်ရွယ်စဉ် စောစောကပင် ဂရုတစိုက်ပြုစုပျိုးထောင်ကြရမည်။ ကောက်ကွေးပြီးဖြစ်သော အပင်ကြီးများကို ပြန်၍ ဖြောင့်ပေးဖို့ရန်မှာ မဖြစ်နိုင်တော့ပေ။
ထို့အတွက် ကလေးတို့အပေါ်၌ စိတ်ဝင်စား ကြရပါသည်။ သူတို့၏ ပတ်ဝန်းကျင်ကို အထူး လေ့လာကြရပါသည်။ သူတို့၏ အရည်အသွေး အတွေးအခေါ် အယူအဆ တိကျဖြောင့်မတ်ဖို့ ကြပ်မတ်ပေးကြရပါသည်။ နုနယ်သောဦးနှောက် ကလေးများကို ရွှင်မောစေရပါမည်။ ကြည်နူး အားတက်စေရပါမည်။ နမူနာယူဖွယ်ရာ ပုံပြင်လေး များဖြင့် လန်းဆန်းစေရပါမည်။ ကိုယ့်လူမျိုးနှင့် ကိုယ့်တိုင်းပြည်ကို ငယ်စဉ်ကပင် ချစ်ခင်မြတ်နိုး သော စိတ်ဓာတ်မျိုးကို သွတ်သွင်းပေးရပါမည်။ တိုင်းပြည်၏ဝါဒလမ်းစဉ်နှင့် ကိုက်ညီသော အသိ တရားများကိုသာ ကလေးတို့၏ အသည်းနှလုံးတွင်း ၌ မြှုပ်နှံပေးသင့်ပါသည်။
တိုင်းပြည်ကိုချစ်၍ အလုပ်ကို ခင်တွယ်ကာ မိမိတို့ဘဝကို ချစ်မြတ်နိုးစွာနှင့် ဂုဏ်ပြုရင်း သိပ္ပံ ပညာကိုလည်း စိတ်ဝင်စားကြစေချင်သည်။ မျိုးချစ် သူရဲကောင်းများ ဖြစ်စေလိုသည်။ စုပေါင်း ဆောင်ရွက်တတ်သော အထက်တန်းကျသော စိတ်ဓာတ်များကိုလည်း သွတ်သွင်းပေးရမည်သာ ဖြစ်သည်။ ဆရာ မိဘနှင့် သားသမီးတို့မှာ အမြစ်နှင့် အပင်သာလျှင်ဖြစ်သည်။ အပင်ရှင်သန်ကြီးထွား ဖို့ရန် အမြစ်သည် အရေးကြီးလှပေသည်။ တစ်နည်း အားဖြင့် ဆရာမိဘသည် စွန်လွှတ်နေသောသူနှင့် တူသည်။ လေထဲတွင် စွန်ကို လွတ်လွတ်လပ်လပ် ပျံသန်းခွင့်ပြု၏။ သို့ရာတွင် ကြိုးရစ်ထားသော ချည်လုံးဖြင့် လမ်းမမှားစေရန် ထိန်းကျောင်း၍ ပေးရပါသည်။ စနစ်တကျ ကြီးပြင်းလာသော ကလေးသူငယ်များသည် တိုင်းပြည်ကို နိုင်နင်းစွာ စိုးမိုးနိုင်ကြပေလိမ့်မည်။ အနာဂတ်ကမ္ဘာကြီးကို သူတို့သာ ဖန်တီးကြပါစေဟူသော အာသီသဖြင့် ဆရာမကြီးက “ရှေ့ဆောင်လူငယ် သောက်ရှူး ကြယ်” ကို ရေးသားခဲ့လေသည်။ ရှေ့ဆောင်လူငယ် သောက်ရှူးကြယ်ကလေးများက အမိတိုင်းပြည်ကို အလင်းရောင်ပေးနိုင်ကြစေရန် အလေးထား ရေးသားထားခြင်းဖြစ်သည်။
အရူးထန်းလျက်အိုးတွေ့ခြင်း
“အသံလွှင့်ဆောင်းပါး ရေးရမည့်ညဆိုရင် ၁၂ နာရီနှင့် နာရီပြန်တစ်ချက်ထက်စောပြီး အိပ်ရတယ် မရှိပါ။ ခြင်ဆေးတစ်ခွေ ကုန်လုတာတောင် တစ်မျက်နှာပြီးချင်မှ ပြီးပါတယ်။ လူခြေတိတ်မှစပြီး ရေးနိုင်တယ်။ အေးအေးဆေးဆေးတော့ရှိပါရဲ့။ စားပွဲဝိုင်းမှာ ခြေဆင်းပြီး ထိုင်ရေးတာမို့ ညောင်း သလားလို့တော့ မမေးနှင့်။ အိပ်ငိုက်လွန်းတဲ့အခါမှာ ဆိုရင် မပြီးဘဲ အိပ်ရာဝင်လိုက်ပါတယ်။ ခေါင်းအုံး အောက်မှာ မီးခြစ်၊ ဖယောင်းတိုင်မထားမိတဲ့အခါ မှောင်မည်းမည်းနှင့် သတိရတဲ့အချက်တွေကို ရေးထားလိုက်တယ်။ မနက်ပြန်ဖတ်တဲ့အခါတော့ ဘာမှန်းမသိတာလည်း ကြုံရပါရဲ့။ အိပ်လည်း ဒီစိတ်၊ နိုးလည်း ဒီစိတ်၊ ထတော့လည်း ဒီစိတ် ဘာတွေဖြည့်ရဦးမလဲ ပြန်နှူးရပါတယ်။ ရည်းစား စိတ်ထက် ဆောင်းပါးစိတ်က ပိုပြင်းပါတယ်။
ဘာပဲဖြစ်စေပေါ့လေ၊ ယခင်နှင့် ယခုအားထုတ် မှုကတော့ အတူတူပါပဲ။ ခြင်္သေ့ဆိုတာ ကြွက်ကို ဖမ်းရင်လည်း ဒီလုံ့လပဲ။ သမင်ကို ဖမ်းရင်လည်း ဒီလုံ့လပဲ၊ စာမူခရတာချင်းလည်း အတူတူပါပဲ။ မြှောက်ပေးတိုင်း ဘဝင်မမြင့်ဖို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးဆုံးမရပြန်ပါတယ်။ ရေးနိုင်သေးတဲ့အချိန်မှာ ဖိပြီးရေးမယ်ပေါ့လေ။ တိုင်းပြည်ကို စာပေနှင့် အလုပ်အကျွေးပြုမယ် ဘာမယ်လို့ ကြီးကြီး ကျယ်ကျယ်တော့ မပြောချင်ပါဘူး။ ဝါသနာအရရော၊ ဈေးဖိုးကာမိဖို့ရောက ပိုပြီး အဓိကကျပါတယ်။ ကိုယ့်စာပေမျိုးကလည်း အရောင်းရစွံတာမျိုး မဟုတ်၊ လူငယ်အကြိုက်လည်း မဟုတ်ဆိုတော့လေ။
ကိုယ်ရေးပြီးသားကို နောက်တစ်ခါပြန်ဖတ်ရင် အမှားထပ်တွေ့ပြန်တယ်။ ပြီးသာသွားရော အမှားပြင်ချင်တုန်းပါပဲ။ အားရကျေနပ်တယ်လို့ ဘယ်တော့မှမရှိဘူး။ ငါ့ဆောင်းပါးက မပြည့်စုံသေး ဘူးဆိုတာ အမြဲခံစားမိတယ်။ ကိုယ့်ထက်ပညာ ကြီးသူတွေကို မေးဖို့ လျှောက်ဖို့ အချိန်လည်းထားရ သေးတယ်” ဟူ၍ ဆရာမကြီးက သူ့ကိုယ်သူ အရူး ထန်းလျက်အိုးတွေ့ခြင်းဟု နှိမ့်ချရေးထားသည်ကို ဖတ်မိတိုင်း စာပေအပေါ်ထားရှိသည့် ဆရာမကြီး ၏သစ္စာကြီးမှု၊ ဝီရိယကြီးမှုတို့ကို အထင်းသားမြင် တွေ့ရပေသည်။ ကျွန်မအနေနှင့် တာဝန်အရဖြစ်စေ၊ ဝါသနာပါ၍ဖြစ်စေ စာပေများရေးသားဖို့ ပျင်းရိ လာသည့်အခါတိုင်း ဆရာမကြီး၏ အထက်ပါ ခံယူချက်နှင့် အားထုတ်မှုများကို အတုယူကာ ယနေ့ တိုင် ကြိုးစားပြုပြင်နေရဆဲ ဖြစ်သည်။
သမိုင်းတွင်သည့် ပညာရှင်
“အမျိုးသမီးကလေးများကို ဝေဖန်ရာ၌ ဒေါ်စောမုံညင်းသည် “နားသာ၍ အခံမခက်အောင်” ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုတတ်၏။ ဝေဖန်သည် ဆိုခြင်းမှာ အလိုမကျ၍ အပြစ်တင်ခြင်းသဘော သာဖြစ်၏။ စေတနာကောင်းပါလျက် မဝေဖန်တတ် လျှင် ရှုတ်ချရာ၊ အပုပ်ချရာ ရောက်သွားတတ်သည်။ ဆဲရေးခြင်း ၂၅ ပါးတို့တွင်ပင် အကျုံးဝင်သွားတတ် သေး၏။ ဒေါ်စောမုံညင်းသည် မိန်းကလေးများကို “လှပစွာ ကဲ့ရဲ့” တတ်ပါသည်။ သူ့ပရိယာယ်များကား ဟာသကိုလည်း နိုင်၏။ စာတိုပေစများများလည်း ရ၏။ သီချင်း၊ ဂီတ၊ ဇာတ်စာ၊ ဇာတ်စကားများကို လည်း “အထာကျကျ” သီဆိုရွတ်ဆိုနိုင်သူဖြစ်သည်။ မြန်မာ့ရိုးရာဓလေ့ထုံးစံများကိုလည်း တီးမိခေါက်မိ သည်။ ထို့ကြောင့် “ဟော့ရှော့” ဆယ်ကျော်သက် ကလေးများကပင်လျှင် နားဝင်ချိုစွာ လက်ခံကြပါ သည်” ဟူ၍ “မြတ်နိုးစရာ မြန်မာ့ရိုးရာများ” စာအုပ် အမှာစာတွင် ဆရာကြီးဦးသုခက မှတ်ချက်ပြုထား လေသည်။
ရိုးသားစွာ နှိမ့်ချနေတတ်သူ ဆရာမကြီးက သူ့ကိုယ်သူ “စောမုံညင်းသည် စာပေသုတေသီ၊ ဂီတမြတ်နိုးသူ” ဖြစ်သည်ဟု သူကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် ဆိုထားသော်လည်း ယင်းအဆိုကို လက်မခံသူများစွာရှိလေရာ “ဆရာမကြီး၏ ယင်းအဆိုကို ကျွန်တော်တို့ လက်မခံနိုင်ကြပါ။ အဘယ်ကြောင့်ဆိုသော် ဆရာမကြီးသည် စာပေသုတေသီအဆင့် မဟုတ်သလို ဂီတမြတ်နိုးသူ အဆင့်လည်း မဟုတ်ပါ။ ထိုသို့မဟုတ်ကြောင်းများ ကို ကျွန်တော်တို့ ဂရုတစိုက် ဖတ်ရှုလေ့လာမှတ်သား ကြားသိမြင်တွေ့ခဲ့ပြီးဖြစ်သည့် ဆရာမကြီး၏ ဖန်တီးစွမ်းဆောင်ထားသည့် စာပေဂီတအနုပညာ ရပ်များ လှုပ်ရှားမှုများအရ အတိအကျအမိအရ ငြင်းဆိုနိုင်ခြင်းဖြစ်ပါသည်။ တကယ်ဆိုပါက ဆရာမ ကြီးသည် မြန်မာအနုပညာသမိုင်း၏ စာပေပညာရှင်၊ ဂီတပညာရှင်တစ်ဦးသာလျှင် ဖြစ်ပါသည်” ဟူ၍ သပြေတေးမဂ္ဂဇင်းစာတည်း၏အမှာတွင် ရေးသား ထားသည်ကို ဖတ်မှတ်ခဲ့ရဖူးပါသည်။ သပြေတေး မဂ္ဂဇင်းတွင် အနှစ် ၂၀ ကျော်တိုင် သီချင်းကြီးကဏ္ဍကို လစဉ်မပြတ် အပတ်တကုတ် အားထုတ် ရေးသား ပေးသူ ဆရာမကြီး၏ စိတ်စေတနာမှာ ကြည်ညို ဦးခိုက်ဖွယ်ရာပင် ဖြစ်သည်။
ဆရာမကြီး ပြုစုရေးသားခဲ့သည့် “မြန်မာ အမျိုးသမီး” စာအုပ်တွင် နိုင်ငံရေးလောက၊ ဥပဒေ လောက၊ တပ်မတော်လောက၊ လူမှုရေးလောက၊ ပညာရေးလောက၊ စာပေလောက၊ ဂီတလောက၊ ဇာတ်သဘင်လောက၊ ရုပ်ရှင်လောက၊ အငြိမ့် လောက၊ အဆိုကျော်လောကနှင့်တကွ သာသနာ့ ဝန်ဆောင်လောကပါ အားလုံးသောလောကမှ အမျိုးသမီး အကျော်အမော် ၁၁၆ ဦးတို့၏ အကြောင်းများ ပါဝင်လေသည်။ အဆိုပါ အမျိုးသမီး တို့၏ ထူးချွန်ပြောင်မြောက်ပုံအကြောင်းများနှင့် တကွ ပုံပေါင်း ၉၀ ကျော်ကို အပင်ပန်းခံ ရှာဖွေ တင်ပြထားရာ အတ္ထုပ္ပတ္တိစာပေကို ဝါသနာထုံကြ သော နှောင်းလူ စာရေးဆရာတို့၏ မူတည်ကိုးကား စရာ ကျမ်းတစ်စောင် ဖြစ်ကြောင်းကို “စောမုံညင်း၏ လုံ့လဝီရိယကြောင့် ၁၉၁၈ ခုနှစ်တွင် အမျိုးသမီး လောက၌ ခေါင်းဆောင်တစ်ဦးဖြစ်သော ဒေါ်ဒေါ်စု ၏ ရုပ်ပုံလွှာကို မြင်ရသောအခါ များစွာကျေနပ် နှစ်သိမ့်မိပါသည်။ သာသနာရေး၊ ပညာရေးနှင့် နိုင်ငံရေးကြိုးပမ်းမှုတို့တွင် မြန်မာကို သိဒ္ဓိတင်ပေး သော အမျိုးသမီးတို့အနက် မင်းကြီးကတော် ဒေါ်မြမေ၏ ဆောင်ရွက်ချက်တို့မှာလည်း သာမည မဟုတ်ပါ။ ဒေါ်မြမေမှာ စစ်ကဲမောင်ထော် လေးလမ်း အမည်ပိုင်ရှင် မွန်ဦးထော်လေး၏ အထွေးဆုံးသမီးဖြစ်၍ ဒေါ်မြစိန်မှာ ၎င်း၏မြေးဖြစ် သည်။ နိုင်ငံရပ်ခြား၌ ဗုဒ္ဓဘာသာပြန့်ပွားအောင် ဆောင်ရွက်ခဲ့သည့်အရာ၌ ဒေါ်မြမေ၏ သတ္တိဗျတ္တိ တို့မှာ မော်ကွန်းထိုးလောက်ပေသည်။ စောမုံညင်း၏ ကျေးဇူးကြောင့် ဤကဲ့သို့ အမှတ်ရယူထိုက်သော ပုဂ္ဂိုလ်တို့၏အကြောင်းကို အောက်မေ့ဆင်ခြင်၍ လွမ်းစရာကလေးများကို ယခုလို မိုးစိမ့်စိမ့်နှင့် ရေးလိုက်ရလျှင် ကုန်နိုင်ဖွယ်မရှိပါ။ အထူးသဖြင့် သူ့စာအုပ်ထဲမှာ ကျွန်တော်၏မိတ်ဆွေ အမ်အေ မအုန်း အကြောင်းပါလာ၍ ကျေနပ်မိပါသည်” ဟူ၍ ဆရာကြီး မောင်ထင်က ချီးကျူးစကား ဆိုလေသည်။
“နော်ဇာရွှေကုံးနှင့် ပုလဲသွယ်များ” စာအုပ်တွင် ပါဝင်သည့် ဆောင်းပါးများမှာမူ ငွေတာရီမဂ္ဂဇင်း တွင် ရေးသားခဲ့သော စာစုများမှ ထုတ်နုတ်ထားခြင်း ဖြစ်သည်။ ဝတ္ထုသွားဟူ၍ တစ်ခုမျှမပါပေ။ အထောက်အထား၊ အကိုးအကား ခိုင်လုံသည်ထက် ခိုင်လုံပြည့်စုံအောင် အချက်အလက်များ ရှာဖွေ စုဆောင်းရသဖြင့် စိတ်ကူးယဉ်စာပေမျိုးနှင့် မတူပါ။ စာပြုဖို့ထက် စာစုဖို့ ခက်သည်ဆိုသော စကားမှာ အလွန်မှန်ပါသည်။ ဆရာမကြီးက အကြောင်းအရာ များကို ကဏ္ဍများခွဲပြီး ဖော်ပြထားရာ ရှေးဟောင်း အမွေကဏ္ဍတွင် နော်ဇာရွှေကုံး၊ မဉ္ဇူသကနှင့် အဗ္ဘန္တရ၊ ကြည်ညိုဖွယ်ရာကဏ္ဍတွင် မြန်မာနိုင်ငံရှိ လျောင်းတော်မူကြီးများနှင့် အပယ်ရတနာလိုဏ်ဂူ ဘုရား၊ ဂီတနှင့် စာပေကဏ္ဍတွင် ပဉ္စသိင်္ခစောင်းညင်း ဂါထာများ၊ ဝေဿန္တရာ ဖရင်းချားကြီး၊ ပျို့ကဗျာ ကဏ္ဍတွင် ညီတော်မင်းနန် ချွတ်ခန်း၊ ယသော်ဓရာ ကန်တော့ခန်း စသည်ဖြင့် ကဏ္ဍများစွာ တင်ဆက် ထားသည်။
“ချစ်၍ခေါ်သည်၊ လိုက်တော်မူခဲ့ မပျောင်းနွဲ့ နှင့်” ဟူသော မယ်ဘွဲ့ရတုနှင့် “ချစ်၍ခေါ်ရာ၊ လိုက်ချင်ပါလည်း၊ နော်ဇာရွှေကုံး၊ တစ်ခိုင်လုံးကို၊ လုံးလုံးမယ်ထွေး၊ မပိုင်သေးခဲ့” ဟူသော အဖြေ မယ်ဘွဲ့ရတုမှာ ရှေးခေတ်ကျောင်းသားများ အလွတ် ကျက်ခဲ့ရသော စာပေများဖြစ်သည်။ “နော်ဇာ ရွှေကုံး” ကို လူတိုင်းလိုလို သိကြသည်။ သို့ရာတွင် နော်ဇာကို မမြင်ဖူးသူ အတော်များသည်။ စင်စစ် နော်ဇာသည် မြန်မာ့မူပိုင် ပန်းစစ်စစ်ဖြစ်ပါ၏။ နော်ဇာပန်းသည် အပင်သေးသေးဖြစ်၍ အပွင့်မှာ ရွှေဖလားဝါဖြစ်သည်။ ပွင့်နေစဉ် မခူးကြပါ။ ပွင့်ပြီး၍ ငုံသွားသည့်အခါမှ ခူးပြီး အပ်ချည်ကြိုးနှင့် သီကုံးပန် ကြသည်။ ငုံသွားမှ တန်ဖိုးရှိသောကြောင့် အခြားပန်း များနှင့် ဤအချက်တွင် ခြားနားမှုရှိသည်။ ငုံ၍ တွန့်တွန့်ကလေးဝိုင်းသွားသည့် နော်ဇာပန်းကုံး ကလေးများမှာ အလွန်ညီညာလှပသဖြင့် ပုတီး အဖြစ် ပုံစံယူကာ ပန်းထိမ်တွင် ရွှေနော်ဇာကုံးလေး များကို အပ်ကြသည်။ ရွှေနော်ဇာလက်ကောက်များ လုပ်ကြသည်။ ပဲခူးမြို့ ရွှေသာလျောင်းဘုရားကြီး ဘဏ္ဍာတော်ပြတိုက်၌ ရှေးနှစ်ပေါင်း ၁၅၀၀ ခန့်က ရွှေနော်ဇာကုံးကို ပြသထားပါသည်” ဤသို့ ဆရာမကြီး ရေးသားဖော်ထုတ်ထားခြင်းကြောင့် နော်ဇာကုံးအကြောင်းကို နှောင်းလူတို့ သိမြင် မှတ်သား အသိကြွယ်ခဲ့ရလေသည်။
(ဆက်လက်ဖော်ပြပါမည်)
- Log in to post comments