အိုဘယ့်မိခင် စာပေဂီတပညာရှင် ဆရာမကြီးစောမုံညင်း

Type
1

 

ရှင်စောဖြူ(စာပေဗိမာန်)

(ယမန်နေ့မှအဆက်)


မြန်မာအမျိုးသမီး ဆင်ယင်ထုံးဖွဲ့မှုနှင့် ဆိုကရေးတီး၏ ခြေလှမ်းများ


နိုင်ငံတစ်နိုင်ငံ၏ နှလုံးသည်းပွတ်မှာ ယဉ်ကျေး မှုပင်ဖြစ်သည်။ သစ်ပင်ကြီးများ၏ ရေသောက်မြစ် နှင့် တူသည်ဟုလည်း တင်စားသင့်သည်။ မည်မျှပင် အားခွန်ဗလရှိစေကာမူ နှလုံးသည်းပွတ် ချွတ်ယွင်း သွားပါက   အသက်ရှင်တော့မည်   မဟုတ်ပေ။ ရေသောက်မြစ်    ပြတ်သွားပါကလည်း   အပင်ကြီး ဗုန်းဗုန်းလဲတော့မည်မှာ  သေချာသည်။  မြေပေါ်မြေ အောက် သယံဇာတပစ္စည်းများ အဆမတန် ကြွယ်ဝ သောနိုင်ငံဖြစ်လင့်ကစား မိမိတို့စောင့်ရှောက်အပ် သော ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ကွယ်ပျောက် သွားခဲ့လျှင်  လူမျိုးပါတိမ်ကောသွားဖွယ်ရာ  ရှိပေ သည်။   ထို့ကြောင့်   နှလုံးသည်းပွတ်နှင့်တူသော ယဉ်ကျေးမှုအမွေအနှစ်များကို       နိုင်ငံသားတိုင်း ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ရမည်ဟူ၍ ခံယူ ထားသော   ဆရာမကြီးက  “မြန်မာအမျိုးသမီး ဆင်ယင်ထုံးဖွဲ့မှု” စာအုပ်တွင် တိမ်မြုပ်လုနီးဖြစ်နေ သော ယဉ်ကျေးမှု အထောက်အထားများ၊    မြန်မာ့ ယဉ်ကျေးမှု   အဆင့်အတန်း    မြင့်မားခဲ့ပုံများကို ရှာဖွေဖော်ထုတ်ရုံမကဘဲ  မှတ်တမ်းမှတ်ရာများပါ ကျန်ရစ်ရလေအောင်    ကြိုးပမ်းအားထုတ်ထား သည်ကို ဖတ်မှတ်သိရပြီးနောက် အံ့ဩမှင်တက်မိ ပါသည်။ 


ရှေးဟောင်းယဉ်ကျေးမှု    အခြေခိုင်ခံ့ခဲ့သော တိုင်းပြည်တစ်ပြည်ဖြစ်ခဲ့သည့်အတွက်  အိမ်နီးချင်း နိုင်ငံများနှင့် နယ်နိမိတ်ဆက်စပ်မှုများ ရှိလင့်ကစား ကိုယ်ပိုင်အနုပညာစာပေနှင့်  ယဉ်ကျေးမှုတို့တွင် မြန်မာ့စရိုက်၊    မြန်မာ့ဟန်ဖြင့်သာ   အများဆုံး ရပ်တည်လာခဲ့ပုံများကို   တကောင်းခေတ်၊   သရေ ခေတ္တရာခေတ်၊  ပုဂံခေတ်၊ အင်းဝခေတ်၊  တောင်ငူ ခေတ်၊ ကုန်းဘောင်ခေတ်၊ အမရပူရခေတ်၊ ရတနာပုံ ခေတ်၊  ကိုလိုနီခေတ်နှင့်  လွတ်လပ်ရေးရပြီးခေတ် စသည်ဖြင့်   ခေတ်အဆက်ဆက်   မြန်မာအမျိုးသမီး များ၏ ဆင်ယင်ထုံးဖွဲ့မှုများကို အသေးစိတ်ခြယ်မှုန်း ထားလေသည်။ ဤသို့အားဖြင့် အမျိုးသမီးများ၏ ဂုဏ်ရည်မှာ    မြင့်မားနက်ရှိုင်းလာစရာရှိပါသည်။ မိမိတို့၏   အမျိုးအနွယ်ကို  စောင့်ထိန်း၍  မြန်မာ့ ယဉ်ကျေးမှုကို မထိပါးရအောင် ဝိုင်းဝန်းကာကွယ် ပေးကြလိမ့်မည်ဟုလည်း မျှော်မှန်းရပါသည်။


“ကလေးငယ်တစ်ယောက်သည် လမ်းမလျှောက် တတ်မီ   မိဘက   လက်နှစ်ဖက်ကိုကိုင်ပြီး   လမ်း လျှောက် သင်ပေးရသည်။ နောက်မှ တဖြည်းဖြည်း လက်လွှတ်လိုက်ပြီး   ခပ်ယိုင်ယိုင်လျှောက်ရင်းနှင့် သန်မာလာခဲ့သည့်နည်းတူ မြန်မာ့ရိုးရာယဉ်ကျေးမှု ကို    လူငယ်များ     ခုံမင်တွယ်တာမြတ်နိုးစိတ် ပေါ်ပေါက်လာစေရန် နိုင်ငံတော်က အရင်းအနှီးများ စွာနှင့်   ဆိုကရေးတီးပြိုင်ပွဲကြီးကို  ၁၉၉၃ ခုနှစ်မှ စ၍ ကျင်းပပေးခဲ့ပါသည်။ ဂီတသည် လူတို့၏ စိတ်ကို နူးညံ့သိမ်မွေ့စေသည်။ ယဉ်ကျေးစေသည်။ မြန်မာ တို့၏ဂီတသည် သာယာငြိမ့်ညောင်း၍ ကြမ်းတမ်း သောစိတ်ကို ယဉ်ကျေးစေသည်။   သားငယ်သည် မိခင်၏ ချော့မြှူသောတေးကြောင့်  ကြည်နူးပျော် ပိုက်စွာ   နှစ်နှစ်ခြိုက်ခြိုက်   အိပ်ပျော်သွားခြင်းပင် ဖြစ်ပါသည်။


ခေတ်စနစ်ပြောင်းလဲမှုအရ   မိမိတို့၏   ရိုးရာ ဓလေ့ထုံးစံ အဆို၊ အတီး၊ အကများအပေါ် အထင် အမြင်သေးပြီး   တိုင်းတစ်ပါး   ယဉ်ကျေးမှုများကိုသာ ခုံမင်တွယ်တာနေကြခြင်းကို ကာကွယ်ပေးရန်…” ဟူ၍ စောမုံညင်း၏ စောမုံညင်းတွင်  ဆရာမကြီးက အထက်ပါအတိုင်း     ရေးသားကာ    လူငယ်များ အရိုးပေါ်အရွက်မဖုံးရလေအောင် ကရုဏာဒေါသော လေးနှင့် သတိပေးထားပြန်ပါသည်။


ဆေးစက်ကျရာ အရုပ်ထင်လေသူ


ဆရာမကြီးသည်   စာပေသမားစစ်စစ်အပြင် လူမှုရေးသမား   တစ်ဝက်လည်းဖြစ်သည်။  စာပေ ချစ်စိတ်ပြင်းထန်ပြီး မြန်မာစာပေအပေါ် သံယောဇဉ် ကြီးသူ၊    သစ္စာကြီးသူလည်း  ဖြစ်သည်။  ဆရာကြီး ဦးသုခ၊ ဆရာကြီးမြတ်ထန်နှင့် ဆရာကြီး သိပ္ပံမှူး တင်တို့မှာ ဆရာမကြီးနှင့် စာပေဟောပြောဖက်များ ဖြစ်သည်ဟု ဆို၍ရသည်။ ဆရာကြီး ဒဂုန်ဦးစန်းငွေ၊ ဆရာကြီးလယ်တီဦးလှပိုင်၊ ဆရာကြီးသော်တာဆွေ၊ ဆရာကြီးပါရဂူ၊ ဆရာကြီးထီလာစစ်သူ၊ ဆရာမကြီး ခင်နှင်းယု၊   ဆရာမကြီး   ခင်ဆွေဦး၊  ဆရာကြီး ဗိုလ်ကလေးတင့်အောင်၊   ဆရာကြီး  ဂီတလုလင် ဦးကိုကို၊  ဆရာချစ်ဦးညို၊  ဆရာ စန္ဒရားလှထွတ် စသည့်ပုဂ္ဂိုလ်များနှင့်လည်း  စာပေဂီတ  ဗဟုသုတ များကို မမောနိုင်၊ မပန်းနိုင်အကြိမ်များစွာ အတူ တကွ   ဟောပြောခဲ့လေသည်။   ပရိသတ်အတွက် အကျိုးရှိမည်ဆိုပါက အချိန်မရွေး၊ နေရာမရွေး စာပေတာဝန်   ကျေပွန်ခဲ့သူဖြစ်သည်။  အလယ် တောရ မော်လမြိုင်စာသင်တိုက်ရှိ သီလရှင်လေး များကို အင်္ဂလိပ်ဘာသာ၊ သဒ္ဒါနှင့် ရှေးဦးသူနာပြုစု နည်းများကို ဆရာမကြီး  ဒေါ်စောရင်  (ဆရာ ဇော်ဂျီ ၏ဇနီး)၊ ဒေါ်ခင်ဘုန်းကြည်တို့နှင့်အတူ တစ်ပတ် နှစ်ကြိမ် သွားရောက်သင်ကြားပေးခဲ့သည်။

 
ခန်းမကြီးတွင် ဟောရသည်။ လမ်းဘေးပီပါပုံး များပေါ်တွင် ကျူဖျာခင်းထားသည့်  စင်ပေါ်၌လည်း ဟောခဲ့ဖူးသည်။   ကားလမ်းဘေးနေရာမျိုးတွင် ဟောရသည့်အခါ စပယ်ယာများ၏ “အာလူး” ဟု ဩဘာပေးခြင်းကိုလည်း ခံခဲ့ရသည်။ ပြဇာတ်များ တွင်လည်း   ကိုယ်တိုင်ကပြ   အသုံးတော်ခံခဲ့သလို ဟောရပြောရမည်ဆိုလျှင် အစဉ်ရွှင်လန်း တက်ကြွ နေသည်။ ဝီရိယကောင်းနေတော့သည်။ တစ်ခါက ဟောပြောပွဲသွားရန် လာကြိုမည့်ကားကို စောင့်နေ စဉ်  ကားတစ်စီး  ထိုးရပ်လာသည်နှင့်  တက်လိုက် သွားရာမှ   အခြားတစ်နေရာသို့  ရောက်ခဲ့ရရှာသည်။ ဆရာကြီးမြတ်ထန်က “ကားနဲ့လာခေါ်တိုင်း မမေး မမြန်းဘဲ လိုက်သွားရသလား၊ နောင်ကို ခေါ်တိုင်း မလိုက်နှင့်၊  မကြီးမငယ်နှင့်”  ဟူ၍  သတိပေးရသည် အထိပင်။


ဆိုကရေးတီးမှာလည်း   တွေ့ရသည်။   မြဝတီ အငြိမ့်တွင်လည်း ညစဉ်လိုလို၊ နေရာတကာ ဖျောက် ဆိပ်ကြယ်ဖြစ်နေသော   ဆရာမကြီးကို  အချို့က ကရုဏာစိတ်နှင့်လား၊ ခပ်ချဉ်ချဉ်ဖြစ်၍လား မသိ “မပင်ပန်းဘူးလား” ဟုပင်   မေးယူရသည်အထိ ဆရာမကြီးက  ဘက်စုံတာဝန်ကျေခဲ့သူဖြစ်သည်။ မည်သို့သော စိတ်ထားမျိုးနှင့် ဤမျှနေရာတကာတွင် အပင်ပန်းခံ   ဟောပြောရေးဖွဲ့    တင်ဆက်နိုင်ပါ သနည်း။   မည်သို့သော စေ့ဆော်မှုက   ရှိနှင့်လေ သနည်း။


မိခင်တစ်ယောက်သည်  မိမိ၏ ဝမ်းကြာတိုက်၌ ဖြစ်တည်လာသော   သန္ဓေသားကို   မမွေးဖွားမီ ဂရုစိုက်ယုယ   ပုံဖော်မှန်းဆ  ချစ်ခင်ရသကဲ့သို့  မွေးစဉ်အခါမှာလည်း  အသက်ကိုပင်မငဲ့ဘဲ သေမင်း နှင့်  စစ်ခင်းကာ  အားစိုက်ရုန်းကန်  မွေးဖွားရလေ သည်။ မည်မျှပင် နွမ်းလျစေကာမူ ရင်သွေးငယ်၏ မျက်နှာကို  မြင်ရသည်နှင့်  မိခင်၏  စိတ်နှလုံးမှာ ပီတိအဟုန်ဖြင့်   လွှမ်းခြုံသွားလေတော့သည်။ ဤနည်းနှင်နှင်ပင် စာပေဂီတအနုပညာရှင်များသည် လည်း မိမိရင်မှ ဖွဲ့တည်လာသော စေတနာ အဟုန် ဇောနှင့် စာကောင်းပေမွန် အနုပညာများကို အပင် ပန်းခံ ဖန်တီးရေးဖွဲ့  သီကုံးအန်ထုတ်ခဲ့ကြလေသည်။ လူအများအတွက် အကျိုးရှိတန်သလောက် ရှိသွား ကြလျှင်ပင်   သူတို့ခမျာ   ပန်းသမျှ ပြေကြရသည်။ နွမ်းသမျှ လန်းကြရလေသည်။ 
ဤသို့လျှင်   ဆရာမကြီး  ဒေါ်စောမုံညင်းသည် လည်း စာပေဂီတအနုပညာများကို  မွေးဖွားပေးခဲ့ သူ ဂန္ထဝင်စာပေမိခင်ကြီးပင် ဖြစ်ပေတော့သည်။ 


ဆရာမကြီး၏ ဘဝအကြောင်း တစေ့တစောင်း


၁၉၅၆   ခုနှစ်တွင်   အင်ဒီပင်းဒင့်  ဒေါ်စန်း ကွယ်လွန်သည့်     သုံးနှစ်မြောက်ကဗျာပြိုင်ပွဲတွင် ပထမ ရွှေတံဆိပ်ဆု  ရရှိခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် “ရှေ့ဆောင်လူငယ် သောက်ရှူးကြယ်” စာအုပ်ဖြင့်အမျိုးသားစာပေဆု (ကလေးလူငယ်) တတိယဆု ရရှိခဲ့သည်။ ၁၉၆၅  ခုနှစ်တွင် ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်းက   ချီးမြှင့်သော   ယဉ်ကျေးမှုစာပေ ဒုတိယဆုကို “မြန်မာမှုစုံ ပန်းရဂုံ” စာအုပ်ဖြင့် ရရှိ သည်။ မြတ်နိုးစရာ မြန်မာ့ရိုးရာများ၊ နော်ဇာရွှေကုံး နှင့် ပုလဲသွယ်များ၊    မြန်မာ့ဇာတ်သဘင်တစ်ခေတ် ပြောင်းလဲရေး၊ ကရင်ပြည်နယ် ဓာတ်ပုံမှတ်တမ်း၊ မြန်မာအမျိုးသမီး၊  ကင်းထောက်အမျိုးသမီးလက်စွဲ နှင့်   မီးပုံပွဲသီချင်းများ၊  ကင်းထောက်အစည်းအရုံး ဘာသာပြန်စာအုပ်များ စသည့်စာအုပ်များ   အပါ အဝင် ရိုးရာဓလေ့ထုံးစံ၊ တေးဂီတဆိုင်ရာ အနုပညာ ဆောင်းပါးများနှင့်   ယဉ်ကျေးမှုရေးရာ ဆောင်းပါး များစွာ ရေးသားခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် “မြန်မာအမျိုးသမီးဆင်ယင်ထုံးဖွဲ့မှု” စာအုပ်ဖြင့် အမျိုးသား စာပေဆု   (မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေ) ရရှိခဲ့သည်။


၁၉၇၀  ပြည့်နှစ်ခန့်က  အင်းလေးခေါင်တိုင် လူငယ်စခန်း၌ သပြေတေး၏ ဖခင်ကြီး မှူးသပြေ နှင့် တွေ့ဆုံစဉ် သပြေတေးမဂ္ဂဇင်းတွင် မဟာဂီတ ကဏ္ဍကို ရေးသားရန် တိုက်တွန်းခံရသဖြင့် ရေးသား ခဲ့ရာ ပထမဆုံးခေါင်းစဉ်မှာ “ဥက္ကလာပတိဂုံဘွဲ့” ဖြစ်သည်။ ပတ္တလားဆရာ ဆရာမောင်၊ စန္ဒရားဆရာ ဒေါ်စောမြဧကြည်၊ အကဆရာ ဒေါ်ဗလပြန်၊ စောင်း ဆရာ ပြည်ဦးမောင်ကလေးနှင့် မဟာဂီတ ဆရာစိုး (ဘာဂျာ)တို့မှာ ဆရာမကြီး၏ ဂီတမိခင် ဖခင် ဆရာ ကြီးများ ဖြစ်ကြသည်။ မဟာဂီတ သီချင်းကြီးများကို ၁၄ နှစ်တိုင်သင်ယူခဲ့ပြီး   ကိုယ်တိုင်သီဆို အသံလွှင့် ခဲ့သည့်အပြင်   ၁၉၈၈  ခုနှစ်မှစ၍  မြန်မာ့အသံ ယဉ်ကျေးမှုရေးရာအဖြာဖြာ     အခန်းကဏ္ဍတွင် တစ်လနှစ်ကြိမ် အသံလွှင့်ခဲ့သည်။


ဆရာမကြီးသည် ပညာရေးဝန်ကြီးဌာန မြန်မာ စာအဖွဲ့ အဖွဲ့ဝင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ   အမျိုးသမီး ရေးရာကော်မတီ၊   မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ်တို့တွင်      အကြံပေးပုဂ္ဂိုလ်၊ အမျိုးသားစာပေဆုရွေးချယ်ရေးအဖွဲ့   နာယက၊ မြန်မာနိုင်ငံ     စာပေနှင့်စာနယ်ဇင်းအဖွဲ့   ဗဟို ကော်မတီဝင်၊ အမျိုးသမီးအကျဉ်းထောင် ကြီးကြပ် ရေးအဖွဲ့  အဖွဲ့ဝင်၊   ရုပ်ရှင်ဆင်ဆာဘုတ်အဖွဲ့ဝင်၊ ရုပ်ရှင်အကယ်ဒမီဘုတ်အဖွဲ့ဝင်၊ မဟာဂီတ သီချင်း ကြီး စိစစ်ရေးအဖွဲ့ အဖွဲ့ဝင်၊ ယဉ်ကျေးမှုတက္ကသိုလ် ဇာတ်သဘင်အကြံပေး၊    ဆိုကရေးတီး ပြိုင်ပွဲကြီး၏ ဦးစီးအဖွဲ့ဝင် တာဝန်များကို ထမ်းဆောင်ခဲ့သည်။


နိုင်ငံခြားခရီးစဉ်များအဖြစ် လန်ဒန်၊  ဆွစ်ဇာ လန်၊ ဟော်လန်၊ ပြင်သစ်၊ ဂျပန်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဗီယက်နမ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်း နိုင်ငံများသို့  သွားရောက်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ် တွင် အရှေ့တောင်အာရှစာပေဆု    (S.E.A   WRITE AWARD) ကို ရရှိခဲ့သည်။  ယင်းအရှေ့တောင်အာရှ စာပေဆုကို ထိုင်းနိုင်ငံက ကမကထ ကျင်းပပြုလုပ် ရာ နှစ်စဉ်   ထိုင်းနိုင်ငံ  ဘန်ကောက်မြို့ရှိ အိုရီယင် တယ်လ်ဟိုတယ်တွင် ကျင်းပလေ့ရှိသည်။ သို့သော် ထိုင်းနိုင်ငံ ကလောင်ရှင်များအသင်း၊ စာရေးဆရာ များ၊ ပညာရှင်များ၊ စာပေဝါသနာရှင်များနှင့် တွေ့ဆုံ ပွဲကိုမူ ထိုင်းနိုင်ငံ အမျိုးသားစာကြည့်တိုက်ကြီးက စာကြည့်တိုက်၏ ခန်းမကြီးတွင် ဦးဆောင်ကျင်းပ ပေးပါသည်။ ထိုပွဲတွင် အရှေ့တောင်အာရှ ၁၀ နိုင်ငံ မှ ဆုရပုဂ္ဂိုလ်များအားလုံး တက်ရောက်ပြီး   ဆုရ စာရေးဆရာများကို ပွင့်လင်းစွာ ဆွေးနွေးမေးမြန်း ကြသည်။ ဤကား     နှစ်စဉ်ကျင်းပပြုလုပ်နေကျ အလေ့အထပင်။


ဆရာမကြီး၏  အလှည့်တွင်မူ  ဤသို့မဟုတ်။ တစ်မူထူးခြားသည်။     ဆရာမကြီးကိုယ်တိုင်က အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာ   ပြောနိုင်သည် ဖြစ်ရာ မေးသမျှမေးခွန်းများကို     ဟာသစွက်၍  ဖြေကြားပေးနေရာ ခန်းမကြီးတစ်ခုလုံး ရယ်မောသံ များ လွှမ်းနေခဲ့သည်။ ဤပရိသတ်ထဲမှ အမျိုးသမီး တစ်ဦးက ထူးခြားသောမေးခွန်းကို အင်္ဂလိပ်ဘာသာ ဖြင့် မေးပါသည်။ “ဆရာမကြီးသည်   မဟာဂီတ သီချင်းကြီးများကို ကိုယ်တိုင်သီဆို အသံလွှင့်ခဲ့သည် ဟု ကြားဖူးပါကြောင်း၊ ထို့ကြောင့် ယခုလိုဆုံခိုက် တွင်   အမှတ်တရရှိစေရန်   သီချင်းကြီးတစ်ပုဒ်ဖြင့်       သီဆိုဖျော်ဖြေပေးလိုပါကြောင်း” တောင်းဆိုလိုက် လေသည်။ 


မေးမြန်းသူမှာ   တက္ကသိုလ်မှ  ဆရာမတစ်ဦး ဖြစ်ကြောင်း သိရသည်။ ဆရာမကြီးသည် မည်သို့မျှ တုံ့ဆိုင်းခြင်းမရှိဘဲ ‘မြမန်းဂီရိ’ ယိုးဒယားသီချင်းကို အစမှအဆုံး      (ဆိုင်းမပါသော်လည်း)  သာယာ နာပျော်ဖွယ်ဆိုပြပေးလိုက်ပါသည်။      ထိုစဉ်က ဆရာမကြီး၏ အသက်မှာ ၈၁ နှစ်ထဲ ရောက်နေပါပြီ။ သို့သော် အသံမှာ  ကောင်းနေဆဲပင်။ သီချင်းဆုံး သွားသည်နှင့် ခန်းမတစ်ခုလုံး လက်ခုပ်သံက   ပို၍ မြိုင်သွားသည်။ ဆုရပုဂ္ဂိုလ်များအပါအဝင်  ပရိသတ် များစွာက  ဆရာမကြီးကို     လာရောက်ပွေ့ဖက်   နှုတ်ဆက်ကြသည်မှာ အထူးခြားဆုံးဖြစ်ခဲ့ရသည်။ ဤအကြောင်းကို   ဆရာမကြီးနှင့်အတူ     လိုက်ပါ သွားခဲ့သည့်     စာရေးဆရာ   မောင်ဆွေငယ်က    ပြန်လည်ပြောပြခဲ့သည်။


၂၀၀၁  ခုနှစ်တွင်  နတ်ရေကန်ရွှေစောင်းဆုနှင့် ရွှေစောင်းရင်ထိုး၊ ၂၀၀၂ ခုနှစ်အတွက် ဝိဇ္ဇာပညာ ထူးချွန်တံဆိပ် (ပထမဆင့်)၊ ၂၀၀၄ ခုနှစ်တွင် ပခုက္ကူ ဦးအုံးဖေ တစ်သက်တာ စာပေဆုနှင့် ၂၀၀၅ ခုနှစ် တွင်  အမျိုးသားစာပေတစ်သက်တာဆုကို   ရရှိခဲ့ သည်။ ၂၀၀၆ ခုနှစ်တွင် “စောမုံညင်း၏ စောမုံညင်း” စာအုပ်ဖြင့် ဆရာဝန်တင်ရွှေစာပေဆု ရရှိခဲ့သည်။


အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ် အောင်၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို သိနား လည်လာအောင်နှင့်  တန်ဖိုးထားတတ်လာအောင် လမ်းပြပေးခဲ့သူ၊ သမိုင်းတာဝန်ကျေသူ ဆရာမကြီး သည် စာပေတာဝန်များကို ထမ်းဆောင်ရင်း ၂၀၁၁ ခုနှစ်   ဒီဇင်ဘာလ  ၁၂  ရက်တွင်  အမှတ် ၃၁၈၊ ဦးဝိစာရလမ်း၊    ကမာရွတ်မြို့နယ်   နေအိမ်၌ ကွယ်လွန်ခဲ့ပါသည်။


ဆရာမကြီးကို  လေးစားချစ်ခင်သူ   ကဗျာ ဆရာကြီး ကြည်အောင်  (ကေတုမတီ) ခေါ် ဗိုလ်ချုပ် ကြည်အောင်က ဆရာမကြီး ကွယ်လွန်သည့်နှစ်တွင် ကဗျာတစ်ပုဒ်ဖြင့် “နိုင်ငံ့ဂုဏ်ရည်” မဂ္ဂဇင်းတွင် ဂုဏ်ပြုဖွဲ့ဆိုခဲ့လေသည်။


စာရေးဆရာမကြီး ဒေါ်စောမုံညင်း (ဒေါ်ရင်ရင်) သို့ ဂုဏ်ပြုကဗျာ
    v     စာပေနယ်တွင်၊ ကြယ်စင်တစ်ပွင့်
            စွင့်စွင့်ငွါးငွါး၊ ကြွားရရွားတည့်
            မှတ်သားစံပြု၊ စာမှုစာရေး
            စာတွေးစာဟော၊ စာပြောစာလုပ်
            လွန်အားထုတ်ခဲ့၊ တစ်ပုဒ်ပြီးတစ်ပုဒ်
            သူရေးထုတ်ခဲ့
            နောက်ဆုတ်တယ်လို့မရှိဘူး။
    v        ကလောင်လက်ရဲ့၊ စွဲမြဲစိတ်သန်
    အားမာန်မချ၊ လုံ့လမဏ္ဍိုင်
    ခေတ်နှင့်ပြိုင်၍၊ မယိုင်မတိမ်း
    လမ်းကြောင်းထိန်းလျက်၊ 
    မိန်းမကောင်းစွမ်းအားရှင်
    ဒေါ်ရင်ရင်တဲ့၊ မြန်တစ်ခွင်ကျော်ကြား
    ကလောင်သွားထက်တဲ့သူ။
    v     တစ်ချိန်ကဆို၊ နုပျိုစဉ်အရွယ်
            စာပေနယ်တစ်ကြော၊ ဟောပြောရေးထုတ်
            သူ့အလုပ်ချည်း၊ မငြီးမငွေ့
            စာဓလေ့မှာ၊ စာပေ့တာဝန်
            ကျေပွန်ခဲ့သူ၊ ဇမ္ဗူထွန်းတောက်
            ခရီးလည်းပေါက်ပါ၏။
    v        အမျိုးသမီးအရေး၊ မိန်းကလေးတို့
            ယဉ်ကျေးလိမ္မာ၊ မြန်မာပီသဖို့
            ခဏခဏ၊ တဖွဖွသတိပေး
            ရေးလည်းရေး ပြောလည်းပြော၊ မမော
            နိုင် မပန်းနိုင်
            ကလောင်ကိုင် လက်မချ၊ အာဂ ရပ်ကြီးသူ
            ဂုဏ်ယူမဆုံး၊ နိဂုံးမရှိ
            ကျွန်ုပ်၏ကုသလ၊ အမျှ …အမျှ…အမျှ
            ရပါစေသောဝ်၊ ဒေါ်စောမုံညင်း 
            ရစေသောဝ်။       ။

စာကိုး
    ၁။ ကြည်အောင် (ကေတုမတီ) ၏ 
        နိုင်ငံ့ဂုဏ်ရည် ကဗျာများ
    ၂။     ၂၀၁၂ ခုနှစ်ထုတ် မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်
    ၃။ နှစ်ဆယ်ရာစု မြန်မာစာရေးဆရာ ၅၀၀ 
        (အတ္ထုပ္ပတ္တိအကျဉ်း)
    ၄။ ဆရာမကြီးစောမုံညင်းရေးသားခဲ့သော 
        စာအုပ်များ 
    ၅။ ဒဂုန်ရွှေမျှား၏ မြန်မာနိုင်ငံစာပေဆုများ
    ၆။ မြန်မာ့အလင်းသတင်းစာ (၆-၆-၂၀၂၁)