
လင်းဟန်သစ်
နောက်ဆုံး အမေရိကန်တပ်ဖွဲ့ဝင်တွေ ကဘူးလ်လေဆိပ်က ထွက်ခွာပြီးတဲ့နောက်မှာ တာလီဘန်တို့က အာဖဂန်နစ္စတန်မြေက အမေရိကန်တပ်ဖွဲ့တွေ ဆုတ်ခွာသွားတဲ့အပေါ် ကြိုဆိုတယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါဟာ အာရှနိုင်ငံတစ်နိုင်ငံကို နှစ်ပေါင်း ၂၀ ကျော်ကြာအောင် အမေရိကန်တို့ရဲ့ ကျူးကျော်စစ်ဆင်နွှဲတာကို အဆုံးသတ်လိုက်တာပဲ ဖြစ်ပါတယ်။
လွတ်လပ်သွားတဲ့ အာဖဂန်
ဒီလိုအမေရိကန်တပ်ဖွဲ့ဝင်တွေ နိုင်ငံ တွင်းက အပြီးတိုင် ဆုတ်ခွာသွားတဲ့ အတွက် အာဖဂန်နစ္စတန်နိုင်ငံဟာ လုံးဝကို လွတ်လပ်သွားပြီလို့ တာလီဘန် ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က တွစ်တာမှာ ပြောကြားထား ပါတယ်။
နောက်ဆုံး ကယ်ဆယ်ရွှေ့ပြောင်း ရေး လေယာဉ်ခရီးစဉ်ကို သြဂုတ် ၃၀ ရက်ညက စီစဉ်ခဲ့ပါတယ်။ အမေရိကန် တပ်ဖွဲ့ဝင်တွေနဲ့ စစ်ဘက်ဆိုင်ရာမဟုတ် တဲ့ အရပ်ဘက်ပုဂ္ဂိုလ်တွေလည်း သြဂုတ် ၃၁ ရက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ကတိပေးခဲ့တဲ့ နောက်ဆုံးအချိန်မတိုင်ခင် မှာ အိမ်ပြန်ခဲ့ပါပြီ။
အာဖဂန်က အမေရိကန်တို့ဆုတ်ခွာ
ဆယ်စုနှစ် နှစ်စုကြာပြီးတဲ့နောက် မှာ အမေရိကန်ဟာ အာဖဂန်နစ္စတန်က ဆုတ်ခွာသွားပါပြီ။ သို့သော်လည်း အမေရိကန်တွေဟာ ကျွန်တော်တို့နိုင်ငံ ကို အရှုပ်အထွေးတွေ၊ ကမောက်ကမ အခြေအနေနဲ့ ထားခဲ့ပြီလို့ အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ ကဘူးလ်ဒေသခံတစ်ဦး ဖြစ်တဲ့ ခိုဂျာဝါဟစ်က ပြောပါတယ်။
အမေရိကန်တွေ လက်လျှော့ခဲ့ပါ ပြီလို့ ခိုဂျာဝါဟစ်က ပြောပါတယ်။
ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့
အမေရိကန်တွေက ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိုထိန်းသိမ်းဖို့၊ လူ့အခွင့်အရေး ကို ထိန်းသိမ်းဖို့ဆိုပြီး အာဖဂန်နစ္စတန် နိုင်ငံကို လာရောက်ခဲ့ကြပါတယ်။ သို့သော်လည်း သူတို့ရဲ့ ဆုတ်ခွာ ရွှေ့ပြောင်းမှုကို ကြည့်မယ်ဆိုရင် တာဝန်ခံမှု၊ တာဝန်ယူမှုပုံစံမျိုး မတွေ့ရ ဘူး။ အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦး အပါ အဝင် လူတွေ အများကြီးသေဆုံးခဲ့တယ် လို့ နောက်ထပ် ဒေသခံတစ်ဦးဖြစ်တဲ့ အာမက်ဖာဝက်က ပြောပါတယ်။
အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးပြီး၊ အာဖဂန် ၁၆၀ ထက်မနည်း သေဆုံးကာ ၂၀၀ နီးပါး ဒဏ်ရာရရှိခဲ့တဲ့ ကဘူးလ်မြို့ အပြည်ပြည်ဆိုင်ရာ ဟာမစ် ကာဇိုင်းလေဆိပ်ရဲ့ ဂိတ်မှာ သြဂုတ် ၂၆ ရက်က ကယ်ဆယ်ရေးလေယာဉ်ပေါ် တက်ဖို့ လူအုပ်ကြီး စောင့်ဆိုင်းနေတဲ့ အချိန်မှာ ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲမှုနဲ့ သေနတ်ပစ်ခတ်မှုတို့ကို ရည်ရွယ်ပြီး ဖာဝက်က ပြောလိုက်ခြင်းဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုကို အာဖဂန်နစ္စတန် နိုင်ငံမှာရှိတဲ့ ဒေသတွင်း အစ္စလာမ္မစ် အဖွဲ့နဲ့ ဆက်သွယ်ထားတဲ့ အိုင်အက်စ်-ကေအဖွဲ့ရဲ့ တိုက်ခိုက်မှုလို့ အခိုင်အမာ ပြောဆိုကြပါတယ်။
အောင်ပွဲခံ
လူမှုမီဒီယာပေါ်မှာ သြဂုတ် ၃၁ ရက် မနက် ၁ နာရီလောက်က မူဂျာဟစ်ရဲ့ မှတ်ချက် တက်လာပြီးနောက်မှာ တာလီ ဘန်အဖွဲ့တွေက မြို့တော်ကဘူးလ်မှာ သေနတ်ပစ်ဖောက်ပြီး တစ်နာရီလောက် အောင်ပွဲခံနေကြပါတယ်။
သေနတ်ပစ်ဖောက်ပြီးနောက်မှာ မူဂျာဟစ်က ကဘူးလ်က ကြားခဲ့ရတဲ့ ဒီသေနတ်ပစ်ဖောက်မှုဟာ အောင်မြင်တဲ့ အထိမ်းအမှတ်နဲ့ ပစ်ဖောက်တဲ့ သေနတ် ပစ်ဖောက်မှုဖြစ်တယ်လို့ ကဘူးလ် ဒေသခံတွေအနေနဲ့ မစိုးရိမ်ကြပါနဲ့၊ ကျွန်တော်တို့ အခြေအနေတွေကို ထိန်းချုပ်နေပါပြီလို့ မူဂျာဟစ်က ပြောပါတယ်။
ငြိမ်းချမ်းရေးထာဝရ တည်မြဲဖို့ မျှော်လင့်
တခြားသူတွေလိုပဲ ကဘူးလ်မှာရှိတဲ့ ဆရာမတစ်ဦးဖြစ်သူ ဆာလီမာက နိုင်ငံ အတွင်းမှာ ငြိမ်းချမ်းရေးထာဝရ တည်မြဲ စေဖို့ မျှော်လင့်ပါတယ်လို့ သူ့ရဲ့ ဆန္ဒကို ဖွင့်ဟခဲ့ပါတယ်။ အာဖဂန်နစ္စတန် မြေပေါ် က အမေရိကန်တွေ ဆုတ်ခွာသွားတာ ကို ကြိုဆိုတယ်လို့ သူက ပြောပါတယ်။
အနည်းဆုံး နောက်ထပ် ဘယ် လက်နက်ကိုင်အဖွဲ့ကမှ စစ်ပွဲနဲ့ တိုက်ခိုက်မှုတွေဆက်လုပ်မှာ မဟုတ် တော့ဘူးလို့ ဆာလီမာက ပြောပါတယ်။
အခြေအနေတွေ ဒီထက်ပိုကောင်းမယ်လို့ မျှော်လင့်
နိုင်ငံတွင်းမှာ အခြေအနေတွေ ဒီထက်ပိုကောင်းလာမယ်လို့ မျှော်လင့်ပါ တယ်။ နယ်စပ်တွေလည်း ပြန်ဖွင့်တော့ မယ်။ ဈေးနှုန်းတွေလည်း ထိန်းချုပ်ထား လိုက်ပြီ။ အားလုံးအခြေအနေတွေ ပြန်ကောင်းဖို့ကတော့ အချိန်နည်းနည်း ယူရဦးမယ်လို့ ဆာလီမာက ဆက်ပြော ပါတယ်။
အမေရိကန်ဗဟိုထိန်းချုပ်ကွပ်ကဲရေးဌာနက သြဂုတ် ၃၀ ရက်က အာဖဂန် နစ္စတန်က အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့ ပြန်လည်ဆုတ်ခွာမှုတွေ ပြီးဆုံးသွားပါပြီ။ အမေရိကန်ရဲ့သမိုင်းမှာ အရှည်ကြာဆုံး စစ်ပွဲကြီးအဆုံးသတ်သွားပြီလို့ ကြေညာ ခဲ့ပါတယ်။
ရွှေ့ပြောင်းကယ်ဆယ်မှုတွေ အဆုံးသတ် ခဲ့ပြီ
အာဖဂန်နစ္စတန်က အမေရိကန်ရဲ့ ဆုတ်ခွာမှုတွေ ပြီးဆုံးသွားတဲ့သတင်းကို ကြေညာဖို့ ကျွန်တော်ဒီမှာရှိနေတာပါ။ ထို့အတူ အမေရိကန်နိုင်ငံသားတွေ၊ တတိယနိုင်ငံမှ နိုင်ငံသားတွေ၊ အားနည်း တဲ့ အာဖဂန်နိုင်ငံသားတွေကို ရွှေ့ပြောင်း ကယ်ဆယ်မှုတွေလည်း အဆုံးသတ်ခဲ့ ပါပြီလို့ အမေရိကန် ဗဟိုထိန်းချုပ်ကွပ်ကဲ ရေးဌာနရဲ့ တပ်မှူး ကန်နက်မက်ကန်ဇိုင်း က ဝါရှင်တန်မှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
သြဂုတ် ၃၀ ရက်မှာ ဟာမစ်ကာဇိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်ရဲ့ နောက်ဆုံး စီ-၁၇ ကယ်ဆယ်ရေး လေယာဉ်လည်း ညနေ ၃ နာရီ ၂၉ မိနစ် က ထွက်ခွာသွားပါပြီ။ နောက်ဆုံး လူကိုယ်တိုင်မောင်းတဲ့ ကယ်ဆယ်ရေး ယာဉ်လည်း အာဖဂန်ဝေဟင်က လုံးဝ ရှင်းလင်းသွားပါပြီလို့ မက်ကန်ဇိုင်းက ပြောပါတယ်။
အာဖဂန်နစ္စတန် နိုင်ငံမှာ လတ်တလော သောင်တင်နေတဲ့ အမေရိကန်နိုင်ငံသားတွေဟာ ရာဂဏန်း ထက် အများကြီးလျော့နည်းသွားပြီလို့ မက်ကန်ဇိုင်းက ပြောပါတယ်။
အာဖဂန်ကို ကျူးကျော်ခဲ့
၉/၁၁ တိုက်ခိုက်မှု နောက်ကွယ်ရဲ့ ကြိုးကိုင်သူအဖြစ် စွပ်စွဲခံထားရတဲ့ အိုစမာဘင်လာဒင်ကို အပူတပြင်း လိုက်လံဖမ်းဆီးရင်းကနေ အမေရိကန် တပ်ဖွဲ့တွေဟာ အာဖဂန်နစ္စတန်ကို ကျူး ကျော်ခဲ့ပြီး တာလီဘန်တွေကို မောင်းထုတ်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်စုကျော် လောက်က အာဖဂန်နစ္စတန်နိုင်ငံမှာ သေဆုံးခဲ့တဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၂၄၀၀ ကျော်ရှိလာပြီလို့ ပင်တဂွန်က ထုတ်ပြန်ဖော်ပြလိုက်ပါတယ်။ အာဖဂန် တပ်ဖွဲ့ဝင် ၆၆၀၀၀ ကျော် သေဆုံးခဲ့ပြီး လူပေါင်း ၂ ဒသမ ၇ သန်း အိုးပစ်အိမ်ပစ် ထွက်ပြေးခဲ့ကြရပါတယ်။ ။
ကိုးကား - ဆင်ဟွာ
- Log in to post comments