
ပရီမီယာလိဂ်ပွဲစဉ်(၉)မှ အကောင်း ဆုံးပွဲစဉ်ဖြစ်သည့် မန်ယူအသင်း နှင့် လီဗာပူးအသင်းတို့ပွဲစဉ်ကို အောက်တိုဘာ ၂၄ ရက် ညပိုင်းက အိုးထရက်ဖို့ဒ်ကွင်း၌ အကြိတ် အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ လီဗာပူး အသင်းက ငါးဂိုးပြတ်အနိုင်ရရှိခဲ့ သည်။ လီဗာပူးအသင်းအတွက် သွင်းဂိုးများကို ကီတာ၊ ဂျိုတာနှင့် ဆာလာက ဟက်ထရစ် သွင်းယူ ပေးခဲ့သည်။
မန်ယူအသင်းသည် ယနေ့ ပွဲစဉ်တွင် ပြိုင်ဘက် လီဗာပူး အသင်းကို ရှုံးနိမ့်ခဲ့သောကြောင့် ပရီမီယာလိဂ် နောက်ဆုံးလေးပွဲ တွင် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး သရေ တစ်ပွဲနှင့် ရှုံးပွဲသုံးပွဲအထိ ရှိလာပြီ ဖြစ်သည်။
ပွဲစသည်နှင့် တစ်ပြိုင်နက် လီဗာပူးအသင်းသည် အိမ်ရှင် မန်ယူအသင်းကို ဖိအားပေးကစား နိုင်ခဲ့ပြီး သွင်းဂိုးများ ရယူနိုင်ခဲ့ သည်။ ပွဲချိန် ငါးမိနစ်တွင် လီဗာပူး အသင်း အဖွင့်ဂိုးရရှိခဲ့ပြီး ဆာလာ ၏ ဖန်တီးပေးမှုမှတစ်ဆင့် ကီတာ က သွင်းယူနိုင်ခဲ့သည်။ ဒုတိယဂိုး ကို ၁၃ မိနစ်တွင် အာနိုး၏ ဖန်တီး မှုမှ ဂျိုတာက သွင်းယူပေးသည်။ တတိယဂိုးကို ပွဲချိန် ၃၈ မိနစ်တွင် ဆာလာက သွင်းယူပေးပြီး စတုတ္ထ ဂိုးကို ပထမပိုင်းပွဲချိန်ပြီးခါနီးတွင် ဆာလာကပင် သွင်းယူပေးနိုင်ခဲ့ သည်။
ဒုတိယပိုင်းတွင်လည်း လီဗာပူး အသင်းကသာ ဖိအားပေးကစား နိုင်ခဲ့ပြီး ပဉ္စမဂိုး ရယူနိုင်ခဲ့သည်။ အဆိုပါဂိုးကို ဟန်ဒါဆင်၏ ဖန်တီး မှုမှ ဆာလာက သွင်းယူပေးနိုင်ခဲ့ သည်။ ဆာလာသည် ယနေ့ပွဲစဉ် တွင် ဟက်ထရစ်ရယူနိုင်ခဲ့သော ကြောင့် ပရီမီယာလိဂ်သမိုင်းတစ် လျှောက်တွင် သွင်းဂိုး ၁၀၇ ဂိုးဖြင့် ဂိုးသွင်းအများဆုံး အာဖရိက ကစားသမား ဖြစ်လာခဲ့သည်။
ပွဲချိန် ၅၂ မိနစ်တွင် မန်ယူ တိုက်စစ်ကစားသမား စီရော်နယ်ဒို ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ဗွီအေ အာရ် က ပယ်ဖျက်ခဲ့သည့်အတွက် နစ်နာခဲ့ရသလို ပွဲချိန် ၅၉ မိနစ်တွင် မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ ပြိုင်ဘက်ကစားသမား ကို ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့သည့် အတွက် အနီကတ်ပြထုတ်ပယ်ခံ ခဲ့ရသည်။
လီဗာပူးအသင်းသည် မန်ယူ အသင်းကို အနိုင်ရရှိခဲ့သော ကြောင့် ပရီမီယာလိဂ် အဝေးကွင်း နှစ်ပွဲဆက် ငါးဂိုးပြတ် အနိုင်ရရှိ ခဲ့ပြီး အမှတ်ပေးဇယားတွင် ရမှတ် ၂၁ မှတ်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်။ မန်ယူအသင်း သည် လာမည့်ပွဲစဉ်များအဖြစ် အောက်တိုဘာ ၃၀ ရက်တွင် စပါး အသင်း၊ နိုဝင်ဘာ ၃ ရက်တွင် အတ္တလန္တာအသင်း၊ နိုဝင်ဘာ ၆ ရက်တွင် မန်စီးတီးအသင်းစသည့် ပွဲကျပ်များကို ဆက်တိုက်ကစား သွားရမည်ဖြစ်သည်။
အောင်ဇော်