အယ်ဒီတာ့အာဘော်
===========
အကောင်းဆုံးကာကွယ်ထိန်းချုပ်ကြပါစို့
========================
ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်မားနေသောကြောင့် ကိုဗစ်-၁၉ ရောဂါဖြစ်စေသည့် ပိုးရှိလူနာများနှင့် ထိတွေ့ထားသောသူများအား ရှာဖွေ ဖော်ထုတ်ခြင်း၊ အသွားအလာကန့်သတ်ခြင်း လုပ်ငန်းစဉ်များကို ထိန်းချုပ် ရေး လုပ်ငန်းစဉ်နည်းဗျူဟာအဖြစ် တင်းတင်းကျပ်ကျပ် ထိထိရောက်ရောက် ဆောင်ရွက်နေသည်။ ပိုးတွေ့လူနာများကိုလည်း ဆေးရုံများတွင်ထားရှိပြီး ရောဂါပျောက်ကင်းသက်သာအောင် အလေးထားဆောင်ရွက်ပေးနေ သည်။
ဤသို့ အလေးထားဆောင်ရွက်ပေးနေချိန်တွင် ပြည်သူလူထုအနေဖြင့် လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ လက်ရှိအခြေအနေအပေါ် ပြည်သူသို့ တင်ပြအစီရင်ခံနေမှု များ၊ ကျန်းမာရေးဆိုင်ရာပညာရှင်များ၊ ကျွမ်းကျင်သူများ၏ ကိုဗစ်ဆိုင်ရာ ကျန်းမာရေးအသိပညာပေးမှုများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က အသိပေးထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ လိုက်နာရမည့်အချက် များကို တိတိကျကျ မှန်မှန်ကန်ကန် လိုက်နာခြင်းဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်သင့်ပါသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်မခံရစေရေး အကောင်းဆုံးသောနည်းလမ်း များကို ပြည်သူများအား မကြာခဏအသိပေးပြောကြားခဲ့ပြီး ဖြစ်သည်။ ပြည်သူများအနေဖြင့် တိတိကျကျ မှန်မှန်ကန်ကန် လိုက်နာကြရန်သာ ဖြစ်သည်။ ရောဂါဖြစ်ပွားမှု မြင့်မားနေသောအချိန်အခါတွင် အထူးသတိပြု လိုက်နာနေထိုင် ကျင့်ကြံသွားရန်အထူးလိုအပ်သည်။ ယခင်နှင့်မတူ ပိုမိုပြုမူ လိုက်နာနေထိုင်သင့်ပေသည်။ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတွင် နေထိုင်ရန်၊ မကြာခဏ လက်ကိုဆေးကြောရန်၊ လက်ဆေးလျှင်လည်း ဆပ်ပြာဖြင့် စက္ကန့် ၂၀ ခန့် ဆေးကြောပေးရန်၊ သန့်သန့်ရှင်းရှင်းနေထိုင်ရန်၊ အရေးကြီးဆုံးအချက်မှာ ပါးစပ်နှာခေါင်းစည်းတပ်ဆင်ထားရန် ဖြစ်ပါ သည်။
ပြင်ပတွင် သွားလာနေသော ပြည်သူများအနေဖြင့် ယခုအခါ နှာခေါင်း စည်းတပ်ကြသည်ကို တွေ့ရပါသည်။ သို့သော် ပြည်သူအားလုံး စနစ်တကျ နှာခေါင်းစည်းတပ်ဆင်ကြခြင်းတော့ မဟုတ်သေးပါ။ အချို့လူများသည် နှာခေါင်းစည်းများကို မေးတွင်တပ်ဆင်ကြပြီး လိုအပ်မှသာ နှာခေါင်းတွင် ပြန်လည်တပ်ဆင်ကြသည့် စည်းကမ်းနှင့်မညီညွတ်သော၊ ရောဂါကူးစက်ရန် အလားအလာရှိသော အပြုအမူများ လုပ်ကိုင်နေကြဆဲဖြစ်သည်ကို အချို့ နေရာများ၌ မြင်တွေ့နေရသည်။ အချို့ရပ်ကွက်များ၊ လမ်းများပေါ်တွင် အကြောင်းအထွေအထူးမရှိဘဲ အပြင်ထွက်နေကြသည်ကိုလည်း တွေ့ရ သည်။ ယင်းတို့သည် စည်းကမ်းလိုက်နာမှုအားနည်းသော ပြည်သူအချို့၏ အပြုအမူအချို့ကို ဖော်ညွှန်းပြသနေသည်။
အဓိကမှာ ရပ်ကွက်တာဝန်ရှိသူများအနေဖြင့် ရပ်ကွက်အတွင်း အမြဲကွင်းဆင်းစစ်ဆေး၍ ပြည်သူများအား အသိပညာပေးကြရမည် ဖြစ် သည်။ အသိပညာပေးမှုကို လိုက်နာခြင်းမရှိပါက ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်၊ ဥပဒေများနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက် ရမည် ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် အသွားအလာကန့်သတ်မှုများ၊ တစ်မြို့နယ်နှင့်တစ်မြို့နယ်၊ ဒေသတစ်ခုနှင့်တစ်ခု ကူးစက်ပျံ့နှံ့မှုမရှိအောင် အလေးထားဆောင်ရွက်နေသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီးသာမက အခြားနယ်မြို့များတွင်လည်း နေအိမ်တွင် သာနေထိုင်ကြရန် အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်။
မိမိနေအိမ်တွင် ဧည့်သည်များအား လက်မခံဘဲ အကြောင်းရှိ၍ လာရောက်လျှင် မျက်နှာ၊ ပါးစပ်၊ နှာခေါင်းစည်းများ တပ်ဆင်ထားရန် လိုအပ်ပေသည်။ နှာခေါင်းစည်းမတပ်ထားလျှင် ကူးစက်ခံရနိုင်ခြေ အလွန်များပြီး အန္တရာယ်ရှိသည်ကို သတိပြုရမည် ဖြစ်သည်။ အခြားအရေးကြီးသောအချက်များမှာ မိမိကိုယ်မိမိ ကျန်းမာအောင် ပြုမူနေထိုင်ရမည်ဖြစ်သည်။ အစာအာဟာရကို အချိန်မှန်စားရန်၊ ကောင်းမွန် စွာ အချိန်မှန်အိပ်စက်ရန်၊ အကယ်၍ လိုအပ်၍ အိမ်ပြင်ထွက်လျှင်လည်း နှာခေါင်းစည်းတပ်ကာ တစ်ဦးနှင့်တစ်ဦး ခြောက်ပေကွာအောင် နေထိုင်ရန်၊ ပြီးလျှင် လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောရန်တို့သည် ကိုဗစ်-၁၉ ရောဂါကို အကောင်းဆုံးကာကွယ်နည်းများပင် ဖြစ်သည်။
သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါသည် အရေးကြီးဆုံးအခြေအနေအဖြစ် သို့ရောက်ရှိနေသည်ကို ပြည်သူအများစု နားလည်သဘောပေါက်ကြပြီး သတိမမူ၊ ပေါ့ပေါ့ဆဆနေထိုင်ကြသူများကိုလည်း ပြည်သူများက ဝိုင်းဝန်း အသိပညာပေးကြရမည်ဖြစ်သည်။ ဤသို့ ညီညီညွတ်ညွတ် လက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းဖြင့် ရင်ဆိုင်ကြုံတွေ့နေရသော ကိုဗစ်-၁၉ အန္တရာယ်ကို အကောင်းဆုံးကာကွယ်၊ ထိန်းချုပ်ကြပါစို့၊ အကောင်းဆုံး ကျော်လွှားကြပါစို့ဟု တိုက်တွန်းနှိုးဆော်အသိပေးလိုက်ရပါကြောင်း။ ။