ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ရာနှင့်ချီသည့် ဘင်္ဂါလီလှေစီး ရွှေ့ပြောင်းသွားလာသူများ အင်ဒိုနီးရှားသို့ တစ်သုတ်ပြီးတစ်သုတ် ရောက်ရှိလာကြောင်း၊ အာချေးပြည်နယ်တွင် ကမ်းရိုးတန်းသို့ ဦးတည်လာသည့် ဒုက္ခသည်လှေတစ်စင်းကို နိုင်ငံတကာရေပိုင် နက်သို့ ပြန်မောင်းပို့လိုက်ကြောင်း စသည်တို့ကို အင်ဒိုနီးရှား ဘက်မှ သတင်းများအရ သိရှိရပြီး ဒုက္ခသည်များဟု ညွှန်းဆို ထားသည့် အဆိုပါ ရွှေ့ပြောင်းသွားလာသူများနှင့်ပတ်သက်၍ အင်ဒိုနီးရှားအောက်လွှတ်တော်၏ အေဂျင်စီတစ်ခုမှ လက်ထောက် ဥက္ကဋ္ဌ ဆိုသူက မြန်မာနိုင်ငံအပေါ် အခြေအမြစ်မဲ့ စွပ်စွဲပြစ်တင် ပုတ်ခတ်မှု ပြုလုပ်ခဲ့သည့်အပြင် အာဆီယံနိုင်ငံများအတွင်း မမှန် မကန်လှုံ့ဆော်ရန်အထိပါ ပြောကြားခဲ့သည်ဟု သိရသည်။
ယခုကဲ့သို့ မိုးလေကင်းရှင်းသည့်ရာသီတွင် လူအဆမတန် တင်ဆောင်ထားသည့် စုတ်ချာနေသောစက်လှေများဖြင့် ဘင်္ဂလား ပင်လယ်အော်ကို ဖြတ်သန်းကာ မလေးရှား၊ အင်ဒိုနီးရှား စသည့် နိုင်ငံများသို့ လူမှောင်ခိုတင်ပို့နေသည့် လုပ်ငန်းများသည် မြန်မာနိုင်ငံမှ မဟုတ်။ ထို့ပြင် လှေစီးဒုက္ခသည်ဆိုသူများမှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ မဟုတ်သည့်အပြင် ဒုက္ခသည် စစ်စစ်များလည်းမဟုတ်။ သို့ရာတွင် ၎င်းတို့ ဆိုက်ရောက်ရာ နိုင်ငံများတွင် ဒုက္ခသည်အဆင့်ရရှိနိုင်ရန်နှင့် ကုလသမဂ္ဂ ဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဒုက္ခသည်အဖြစ် အသိ အမှတ်ပြုမှုကို ရရှိနိုင်ရန်တို့အတွက် မြန်မာနိုင်ငံမှ အဓမ္မ မောင်းထုတ်ခံလိုက်ရသူများအဖြစ် သရုပ်ဆောင်ကြခြင်းသာ ဖြစ်သည်။ ၎င်းတို့အား အခကြေးငွေယူကာ လူမှောင်ခိုပို့ဆောင် ပေးသူများက နည်းပေးလမ်းပြ သင်ကြားပေးသည့်အတိုင်း ပြောဆိုကြခြင်းလည်း ဖြစ်သည်။
တစ်ခါတစ်ရံ စက်လှေပျက်၍ဖြစ်စေ၊ ရာသီဥတုဆိုးရွား၍ ဖြစ်စေ ၎င်းတို့သွားလိုသည့် အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံများ ဆီသို့မရောက်ဘဲ မြန်မာ့ကမ်းရိုးတန်းဆီသို့ရောက်လာ၍ ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်ပြီး သက်ဆိုင်ရာနိုင်ငံသို့ ပြန်ပို့ ရသည်လည်းရှိသည်။ ၎င်းတို့ သွားလိုသည့်နိုင်ငံများသို့ ရောက်ရှိ သွားပြီး ဒုက္ခသည်အဖြစ် သတ်မှတ်ခံရပါက ဒုက္ခသည်ထောက်ပံ့ ကြေးကို ရရှိနိုင်သည့်အပြင် လစာနည်းအလုပ်သမားများအဖြစ် တရားမဝင် အလုပ်လုပ်ကိုင်ခြင်းဖြင့်လည်း ဝင်ငွေရရှိနိုင်ရာ မြန်မာနိုင်ငံမှလာသော ရိုဟင်ဂျာဒုက္ခသည်ဆိုသည့် စကားလုံးကို မေးသူတိုင်းအား တွင်တွင်ပြောကြားကြမည်သာ ဖြစ်သည်။ တစ်နည်းအားဖြင့် ဘင်္ဂါလီလူမှောင်ခို ကုန်ကူးသူများနှင့် ဘင်္ဂါလီ လှေစီးရွှေ့ပြောင်းသွားလာသူများ၏ အသုံးချလက်သုံးစကားလုံးပင်ဖြစ်သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း နေရပ်စွန့်ခွာသူများ ကိစ္စနှင့် စပ်လျဉ်း၍ အင်ဒိုနီးရှားအောက်လွှတ်တော်ပါလီမန်များ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ လက်ထောက်ဥက္ကဋ္ဌဆိုသူက ပြောကြား ခဲ့သည်ဆိုသည့်အချက်အလက်များမှာ မှားယွင်းနေသည့်အပြင် မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ အာဆီယံသို့ လှုံ့ဆော်ပြောကြား ချက်များမှာလည်း ၎င်း၏ အဆင်အခြင်ကင်းမဲ့မှုကို ထင်ဟပ်နေ သည်။ ARSA အကြမ်းဖက်သမားများ အကွက်ချဖန်တီးမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်မြောက်ပိုင်း နေရပ်စွန့်ခွာသူများ ကို တစ်ဖက်နိုင်ငံရှိ ဒုက္ခသည်စခန်းများမှ ပြန်လည်စိစစ်လက်ခံ ရန် မြန်မာနိုင်ငံတွင် အသင့်ပြင်ဆင်ထားသည်မှာ ကြာပင်ကြာခဲ့ ပြီဖြစ်သည်။ သို့ရာတွင် အဆိုပါအရေးအခင်း စတင်ချိန်မှ ယခု အချိန်ထိ နိုင်ငံတကာမီဒီယာများ၏ တစ်ဖက်စောင်းနင်းရေးသား ဖော်ပြမှုများ၊ လွဲမှားမှုများ၊ ချဲ့ကားမှုများကြောင့် မြန်မာအစိုးရ များ၊ မြန်မာ့တပ်မတော်နှင့် ဒေသခံတိုင်းရင်းသားရခိုင်လူမျိုး များမှာ နိုင်ငံတကာအမြင်၌ လူဆိုးများ၊ အစွန်းရောက်များ၊ ရာဇဝတ်မှုကျူးလွန်သူများ ဖြစ်နေခဲ့သည်။ ထိုအမြင်များအောက် တွင် ဘင်္ဂလားပင်လယ်အော်ကိုဖြတ်ပြီး လူမှောင်ခိုကုန်ကူးနေ သူတို့က မြန်မာနိုင်ငံမှ အတင်းအဓမ္မမောင်းထုတ်လိုက်သော ဒုက္ခသည်များအဖြစ် ကောင်းစွာ အလုပ်ဖြစ်နေကြခြင်းဖြစ်သည်။
အင်ဒိုနီးရှားအောက်လွှတ်တော်မှ ပုဂ္ဂိုလ်သည် မြန်မာနိုင်ငံ အပေါ် မလိုတမာ မုန်းတီးပုံဖော်နေပြီး ၎င်း၏ ဆင်ခြင်တုံကင်းမဲ့ စွာ ပြောဆိုမှုများကလည်း အာဆီယံ၏ မူလရည်ရွယ်ချက် အနှစ် သာရများဖြစ်သည့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု မြှင့်တင်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးတို့အပေါ်တွင် အလေး မထား၊ နားလည်မှုနည်းပါးရာလည်း ရောက်သည်ဟု ရှုမြင် ပါကြောင်း။ ။