အခြေခံပညာ သင်ကြားရေး ရိုးရာအစဉ်အလာမပျက် ဆောင်ရွက်

မြန်မာနိုင်ငံတွင်  ရှေးကာလက နိုင်ငံသားများ  အခြေခံပညာစတင်သင်ကြားရာ၌ ဘုန်းတော်ကြီးကျောင်းများကို အားထားခဲ့ကြရသည်။ မိဘအုပ်ထိန်းသူများက မိမိတို့၏ကလေးငယ်များ ပညာသင်ကြားနိုင်ရန် ဘုန်းတော်ကြီးကျောင်းများသို့ ဦးစွာပို့ကြသည်။ အမျိုးသားခေါင်းဆောင်ကြီး  ဗိုလ်ချုပ်အောင်ဆန်း  ငယ်စဉ် ကလေးဘဝက ဦးသောဘိတ ဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြားခဲ့သည်။


ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသည်         ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သူ အနော်ရထာမင်းလက်ထက်တွင် အစပြုဖြစ်ပေါ်လာခဲ့သည်။ ဘုန်းတော်ကြီးများဦးစီး၍   ကလေးသူငယ်များအား   ပညာသင်ကြားပေးပြီး အသိဉာဏ်ပညာများ မြှင့်တင်ပေးခဲ့သည်။ ပုဂံခေတ်မှစတင်ခဲ့သော မြန်မာ့ပညာ ရေးအစဉ်အလာကို ကိုလိုနီခေတ်တွင် ချိုးနှိမ်ခြင်းခံခဲ့ရသည်။ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း ဘုန်းတော်ကြီးသင်ကျောင်းများ အပါအဝင် ပုဂ္ဂလိကကျောင်းများ အားလုံးပိတ်ပင်ခြင်းခံခဲ့ရသည်။ ၁၉၉၂ ခုနှစ်တွင် ဘုန်းတော်ကြီးသင်ကျောင်း များအား  ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ပညာရေးဝန်ကြီးဌာန၏ သင်ရိုးညွှန်းတမ်း အတိုင်း သင်ကြားနိုင်ခဲ့သည်။


ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို ၂၀၁၄ ခုနှစ် အမျိုးသားပညာ ရေးဥပဒေအရ အသိအမှတ်ပြုထားပြီး သာသနာရေးဝန်ကြီးဌာနနှင့်ပညာရေး ဝန်ကြီးဌာနတို့က ပူးတွဲအုပ်ချုပ်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ကောက်ယူသောစာရင်း ဇယားများအရ တစ်နိုင်ငံလုံးတွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁၆၀၀ ခန့်ရှိပြီး ကျောင်းသား ကျောင်းသူပေါင်း သုံးသိန်းခန့်ရှိကာ မန္တလေးတိုင်းဒေသကြီး၌ အများဆုံးဖြစ်ပြီး ရန်ကုန်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ဒုတိယအများဆုံးရှိသည်။ ဘုန်းတော်ကြီးသင်ကျောင်းတွင်   ပညာသင်ကြားခြင်း၏      အားသာချက်မှာ စည်းကမ်းနှင့်စာရိတ္တပိုင်း၌ တစ်မူထူးခြားမှုရှိပြီး အားနည်းချက်မှာ ပညာသင်ကြားရေး တွင် အထောက်အပံ့အားနည်းပြီး အလှူငွေကို အားထားနေရခြင်းဖြစ်သည်။


အခြားအားနည်းချက်မှာ   ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ  ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများသည် အစိုးရကျောင်း၊ ပုဂ္ဂလိကကိုယ်ပိုင် ကျောင်းများနှင့်ယှဉ်လာလျှင် မျက်နှာငယ်ရခြင်းဖြစ်သည်။ ဘုန်းတော်ကြီးသင် ကျောင်းမှ ဆရာ ဆရာမများသည် မည်မျှကျွမ်းကျင်တတ်မြောက်၊ အရည်အချင်း ရှိသော်လည်း    အသိအမှတ်ပြုမှု    မခံကြရချေ။     ပြီးခဲ့သည့်ကာလများက ဘုန်းတော်ကြီးကျောင်းများ၏ အခန်းကဏ္ဍများမှာ မှေးမှိန်ခဲ့ရပြီး ၂၀၂၁ ခုနှစ် မေလ ၁၀ ရက်နေ့တွင် ကျင်းပခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁၀/၂၀၂၁)၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက “ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသည် မြန်မာ့ပညာရေးစနစ်အတွက် ခေတ်အဆက်ဆက် များစွာအထောက်အကူပြုခဲ့ကြောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက် သွားမည်ဖြစ်ကြောင်း” ပြောကြားထားသည်။


ယခု ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှစ၍ မူလတန်းသင် ဆရာ ဆရာမတစ်ဦးအတွက် လစဉ်ထောက်ပံ့ငွေ ကျပ် ၃၈၀၀၀ မှ ကျပ် ၅၇၀၀၀ သို့လည်းကောင်း၊ မူလတန်း လွန်နှင့် အလယ်တန်းသင် ဆရာ ဆရာမတစ်ဦးအတွက် လစဉ်ထောက်ပံ့ငွေ ကျပ် ၄၃၀၀၀ မှ ကျပ် ၆၄၅၀၀ သို့လည်းကောင်း၊ အထက်တန်းသင် ဆရာ ဆရာမတစ်ဦး အတွက် လစဉ်ထောက်ပံ့ငွေ ကျပ် ၄၇၀၀၀ မှ ကျပ် ၇၀၅၀၀ သို့လည်းကောင်း ၅၀ ရာခိုင်နှုန်း ထပ်မံတိုးမြှင့် ထောက်ပံ့ပေးခဲ့သည်။ ထို့ပြင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို  အစိုးရအခြေခံပညာကျောင်းများနည်းတူ  ထောက်ပံ့ ဖြည့်ဆည်းဆောင်ရွက်ပေးမှုများ ပြုလုပ်ပေးခြင်း၊ ဆရာ ဆရာမများအား မွမ်းမံ သတင်တန်းများ၊ ကလေးဗဟိုပြု၊   စီမံအုပ်ချုပ်မှုစသည့် သင်တန်းများ တက်ရောက် မြှင့်တင်ပေးခြင်းတို့ကို နိုင်ငံတော်အစိုးရက အားပေးကူညီဆောင်ရွက်ပေးလျက် ရှိသည်။


ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသည် အမျိုးဘာသာ သာသနာ အတွက်သာမက တိုင်းပြည်နှင့် လူမျိုးအတွက်ပါ အကျိုးရှိသည့်အပြင် အထူးသဖြင့် ကျေးလက်ဒေသများအပါအဝင် ပညာသင်ကြားရန် အခက်အခဲရှိသည့် ကလေး သူငယ်များအား ပညာသင်ကြားပေးနိုင်သဖြင့် နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သော “ကျောင်းနေအရွယ်ကလေးငယ်တိုင်း ကျောင်းနေနိုင်ရေး” ပညာရေးမျှော်မှန်းချက် များ အထမြောက်အောင်မြင်ရေးအတွက် များစွာအထောက်အကူပြုလျက်ရှိသည့် နိုင်ငံတော်၏ ပညာရေးမူဝါဒနှင့်မဆန့်ကျင်ဘဲ ရိုးရာအစဉ်အလာမပျက်၊ ရိုးရာ အစဉ်အလာကို ထိန်းသိမ်းဆောင်ရွက်သောလုပ်ငန်း ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ ပညာရေးကနဦးအစဖြစ်သည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသည် နိုင်ငံနှင့်လူမျိုး အမျိုးသားအကျိုးစီးပွားကို အစဉ် အဆက်အထောက်အကူပြုလျက်ရှိရာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ မြန်မာ့ပညာရေးကဏ္ဍတွင် တင့်တယ်ဝင့်ထည်လာရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။    ။