အခြေခံပညာကျောင်း အရည်အသွေး အာမခံမှု စံသတ်မှတ်ချက်အညွှန်းဘောင် (BE-SQASF) မိတ်ဆက်ခြင်း အခမ်းအနားကျင်းပ


 

နေပြည်တော် အောက်တိုဘာ ၁၅


အခြေခံပညာကျောင်းအရည်အသွေးအာမခံမှု စံသတ်မှတ် ချက်အညွှန်းဘောင် မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အခြေခံပညာကျောင်းအရည်အသွေးအာမခံမှု စံသတ်မှတ်ချက်အညွှန်းဘောင် လုပ်ငန်း စဉ်အတွက် နည်းပညာနှင့်ဘဏ္ဍာငွေ အကူအညီအထောက် အပံ့ပေးသည့် ဩစတြေးလျနိုင်ငံ အစိုးရကိုယ်စား ဩစတြေးလျသံအမတ်ကြီးနှင့် တာဝန်ရှိသူများ၊ အခြေခံ ပညာဦးစီးဌာနနှင့် အခြေခံပညာကျောင်း အရည်အသွေး အာမခံမှု စံသတ်မှတ်ချက် အညွှန်းဘောင်လုပ်ငန်းစဉ် တွင် ပါဝင်ဆောင်ရွက်ပေးကြသူများအားလုံးကို အထူး ကျေးဇူးတင်ရှိပါကြောင်း။
ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) တွင် ဖော်ပြထားသည့် ဦးစားပေးလုပ်ငန်းစဉ်များကို ကြိုးစား အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ ဝေးလံဒေသ များ၊ တိုင်းရင်းသားဒေသများတွင် သင်ယူမှုအခွင့်အလမ်း ပိုမိုရရှိလာပါကြောင်း၊ ၂၁ ရာစု ပညာရေးစနစ်နှင့် လိုက်လျောညီထွေရှိသည့် သင်ရိုးညွှန်းတမ်းအသစ်များ၊ ကျောင်းသုံးဖတ်စာအုပ်များ၊ သင်ကြားသင်ယူမှု နည်းလမ်း ကောင်းများနှင့်အတူ ကျောင်းထောက်ပံ့ကြေးများ ပိုမို ထောက်ပံ့ပေးခြင်းစသည်တို့ကြောင့် မူလတန်း၊ အလယ် တန်း၊ အထက်တန်း သင်ယူပြီးမြောက်မှုနှုန်းများ ပိုမို တိုးတက်လာပါကြောင်း။
အထူးသဖြင့် မြန်မာ့ပညာရေးအရည်အသွေးမြင့်မားရေး လုပ်ငန်းအစီအစဉ် (Myanmar Education Quality Improvement Plan(My-EQIP))၏ ခိုင်မာသည့် အထောက် အထားများအရ လိုအပ်ချက်မြင့်မားနေသည့် ဒေသများ တွင် ကျောင်းဆောင်၊ ဆရာဆရာမများစသည့် ဖြည့်ဆည်း ရမည့် အချက်အလက်များကို ဦးစားပေးအလိုက် အလျင် အမြန်ဖြည့်ဆည်း ဆောင်ရွက်နိုင်ပေးနိုင်ခဲ့ပါကြောင်း၊ ယခုလို အောင်မြင်မှုသည် ဆရာ ဆရာမများ၊ ကျောင်းအုပ် များ၊ ဒေသခံပြည်သူများနှင့် အစဉ်တစိုက်ကူညီ ဆောင်ရွက်ပေးကြသည့် မိတ်ဖက်နိုင်ငံအဖွဲ့အစည်းများ နှင့် ဩစတြေးလျနိုင်ငံတို့၏ ပံ့ပိုးကူညီမှုကြောင့်သာ ဖြစ်ပါကြောင်း။
ယနေ့ အစီအစဉ်ဖြစ်သည့် အခြေခံပညာကျောင်း အရည်အသွေးအာမခံမှု စံသတ်မှတ်ချက်အညွှန်းဘောင် (BE-SQASF) သည် (My-EQIP) လုပ်ငန်းစဉ်မှ ပေါ်ထွက်လာ သည့် ကဏ္ဍဖြစ်ပါကြောင်း၊ အရည်အသွေးရှိသော ကျောင်းသား ကျောင်းသူများဖြစ်လာရေးအတွက် အခြေခံ ပညာကျောင်းများသည် အရည်အသွေး အာမခံနိုင်ရန် လိုအပ်ပါကြောင်း၊ အခြေခံပညာကျောင်းများ၏ အရည် အသွေးတိုးတက်မှုအတွက် အာမခံနိုင်ရေးအတွက် ကျောင်း ၏ လိုအပ်ချက်၊ ဆရာဆရာမများ၏ လိုအပ်ချက်၊ ကျောင်း အရည်အသွေးတိုးတက်ရေးအတွက် ဖြည့်ဆည်းပေးရမည့် အချက်အလက်များကို လက်တွေ့ကျကျ အမေးအဖြေ ပြုလုပ်ပြီး ဆောင်ရွက်ထားခြင်းဖြစ်သည့်အတွက် (BE-SQASF)သည် ပညာရေးဝန်ကြီးဌာနအတွက် အလွန် အကျိုးရှိ ထိရောက်သော လုပ်ငန်းစဉ်များဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဩစတြေးလျအစိုးရကိုယ်စား မြန်မာနိုင်ငံ ဩစတြေးလျသံအမတ်ကြီး Ms.Andrea Faulkner က အမှာစကားပြောကြားသည်။
ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အခြေခံပညာကျောင်း အရည်အသွေး အာမခံမှု စံသတ်မှတ်ချက်အညွှန်းဘောင် ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းပြောကြား၍ အသိပညာပေး ပြိုင်ပွဲတွင် ဆုရရှိသူများ၏ စာရင်းကို ကြေညာသည်။
ယင်းနောက် အခြေခံပညာကျောင်း အရည်အသွေး အာမခံမှု စံသတ်မှတ်ချက် အညွှန်းဘောင်လုပ်ငန်းစဉ် အကြောင်းကို လုပ်ငန်းအဖွဲ့ဝင် (အခြေခံပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး) ဒေါ်ခင်မူဇော်အောင်က ရှင်းလင်းတင်ပြသည်။
ထို့နောက် အခြေခံပညာကျောင်း အရည်အသွေး အာမခံမှု စံသတ်မှတ်ချက် အညွှန်းဘောင် အကောင်အထည် ဖော်ခြင်းဆိုင်ရာ ဗီဒီယိုကို ပြသခဲ့ကြောင်း သိရသည်။
သတင်းစဉ်