
မောင်ငြိမ်းအေး
မိဘတိုင်း မိဘတိုင်းသည် မိမိတို့၏သားသမီးများကို ဆင်စီး၍ မြင်းရံသည်ကို မြင်ချင်ကြသည်။ ဉာဏ်ပညာထူးချွန်ထက်မြက်သည့် သားကောင်းသမီးကောင်း ဖြစ်လိုကြသည်။ များသောအားဖြင့် မိဘများသည် မိမိတို့သားသမီးများကို အရည်အချင်းကောင်းများ ရှိနေကြသူများဟုသာ ခံယူထားကြ၏။ ဆန်းစစ်လေ့လာ တွေ့ရှိချက်အရ ၇၀ ရာခိုင်နှုန်းသောကလေးငယ်များသည် ပတ်ဝန်းကျင်တွင် အသိဉာဏ်အဆင့်အတန်း အတန်အသင့်မြင့်မားကြသည်ဟု ဆိုထားသည်။
အထူးဝါယမစိုက်ထုတ်
ပင်ကိုဉာဏ်ရည်ထက်မြက်သူ ကလေးငယ် တစ်ယောက်သည် ကျောင်းနေသောအခါမှသာ သူ၏အစွမ်းအစအရည်အချင်းကို ထင်ရှားစွာသိလာ ရ၏။ ဉာဏ်ရည်နည်းသူ ကလေးငယ်အဖို့လည်း ကျောင်းနေပြီးလျှင် ကြိုးစားအားထုတ်ပါက ဉာဏ်ရည်ကောင်းသူ ကလေးငယ်တစ်ယောက် ဖြစ်လာနိုင်၏။ ထို့ကြောင့် ပင်ကိုဉာဏ်ရည် ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မိဘ အုပ်ထိန်းသူများသည် ကလေးငယ်များ၏ရှေ့ရေး အတွက် ကြောင့်ကြမဲ့မနေသင့်ပေ။ မိမိတို့၏ သားသမီးများ အဆင့်အတန်းတစ်ခုသို့ ရောက်ရှိလာ အောင် ပညာသင်ကြား၍ ကြိုးစားအားထုတ်ကြရန် လိုအပ်ပေသည်။ ကလေးသူငယ်များအဖို့ လူအများ အလယ်၌ ဘဝခရီးဖြောင့်ဖြူးပြီး လူသတ္တဝါတို့၏ အကျိုးစီးပွားကို ဆောင်ကြဉ်းနိုင်သော ပညာတတ် တစ်ယောက်ဖြစ်လာစေရန် မိဘနှင့်ဆရာတို့က အထူးဝါယမစိုက်ထုတ်ကြရမည်ဖြစ်သည်။
လူတို့သည် မိမိတို့တွင် အသိပညာ၊ အတတ် ပညာရှိသမျှဖြင့် ဘဝကို တည်ဆောက်နေကြသူများ ဖြစ်သည်။ အတတ်ပညာကို အတွေ့အကြုံဖြင့် ဖန်တီးရယူနိုင်သော်လည်း အတန်းပညာနှင့် ပေါင်းစပ်၍ အတတ်ပညာကို ဖြည့်စွက်လိုက်မည် ဆိုပါက ပိုမိုထွန်းပေါက်ခရီးရောက်မည်ဖြစ်သည်။ ထို့ကြောင့် အသိပညာ၊ အတတ်ပညာသည် အတန်း ပညာပေါ်တွင် မူတည်သဖြင့် အတန်းပညာများကို ပြီးဆုံးအောင်သင်ယူပြီး မိမိတို့ဘဝ တိုးတက်လာ အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ “အတန်းပညာရှိမှသာ အသိပညာ၊ အတတ်ပညာ တို့ကို တိုးတက်ရရှိနိုင်မည်ဖြစ်သည့်အတွက် ကျောင်းနေအရွယ်ကလေးငယ်အားလုံး ပညာ သင်ကြားနိုင်ရေး ပညာရေးကို အားပေးဆောင်ရွက် ကြရမည်ဖြစ်ကြောင်း” နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှာကြားထားသည်။
အောင်ပန်းများကိုဆွတ်ခူးနိုင်
အရွယ်ရောက်လာသည့် ကလေးသူငယ် လူငယ်လူရွယ်များ၏အလုပ်သည် ပညာသင်ကြား ရေးသာဖြစ်သည်။ အသိပညာဗဟုသုတများကို ငယ်စဉ်အခါ ကျောင်းတွင် ရှာဖွေခြင်းသည် အနာဂတ်အတွက် အဖိုးတန်သောရင်းနှီးမှုပင် ဖြစ်သည်။ အသိပညာဟူသည့် အာဟာရကို စားသုံး လျှင် လိမ္မာသက်ရှည် ဂုဏ်ရည်ပြည့်ဝအောင်ပွဲရ၏။ အာဟာရဟူသောစားဖွယ်များကို နေ့စဉ်စားသုံးကြ သလို စာပေပညာဟူသော အသိပညာ၊ အတတ် ပညာများကို နေ့စဉ်နေ့တိုင်း ရှာဖွေသင်ကြား မှတ်သားလိုက်နာကြမည်ဆိုလျှင် လိမ္မာရေးခြား ရှိခြင်း၊ အသက်ရှည်ရခြင်း၊ ဂုဏ်သရေရှိခြင်း၊ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံခြင်း၊ အောင်ပွဲအောင်ပန်းများကို လွယ်ကူစွာဆွတ်ခူးနိုင် ခြင်း စသည့်အကျိုးများကို ရရှိစေသည်။
လောက၌ “နောင်မှစိတ်ပူ၊ အရမတော်သူ” ပုဂ္ဂိုလ်လေးယောက်တွင် ပညာသင်ယူရာ၌ အလေး ဂရုမပြုသူတစ်ယောက်လည်း ပါဝင်သည်ဟု ဆရာ များက အသိပေးထားသည်။ လောကအလယ်၌ မျက်နှာငယ်ရ၊ လူ့တန်ဖိုးမရသကဲ့သို့ဖြစ်ပေမည်ဟု ဆိုလိုခြင်းဖြစ်သည်။ ပညာသင်ယူရေးကို အလေး မမူသောသူတို့၏ နိမ့်ကျသောဘဝဖြစ်ရတတ်သည် ကို လူကြီးမိဘများက အခါခါသတိပေးလေ့ရှိသည်။
အသိအလိမ္မာ အတတ်ပညာဟူသည် အသက် ထက်ဆုံး ကာလပတ်လုံး ကြည်လင်အေးမြ ချမ်းသာရန်အတွက် အသိပညာ၊ အတတ်ပညာ တို့ကို သင်ကြားနာယူ မှတ်ယူလိုက်နာနေရခြင်း ဖြစ်သည်။ ဘဝအတွက် ရေရှည်ကောင်းမြတ်ရန် ကိုယ်ခံဆေးဝါးကောင်းတစ်ခွက်နှင့်လည်း တူပါပေ ၏ဟု ရှေးရှေးသောပညာရှိများက ဝမ်းမြောက် ဝမ်းသာ ထုတ်ဖော်မှတ်တမ်းတင်ခဲ့ကြသည်။ ထို့ကြောင့် ပညာကို အပတ်တကုတ်ကြိုးစား အားထုတ်ကြရမည်ဖြစ်သည်။
ပညာသင်ကြားအကျိုးများ
ပညာသင်ကြားခြင်း၏ အကျိုးရလဒ်နှင့် ပတ်သက်၍ ရှင်မဟာရဋ္ဌသာရ၏ဆုံးမစာတွင် “စာပေသင်ယူကြသောသူဟူသမျှတို့သည် ပုစွန်ကို ကျွတ်ကျွတ်မြည်အောင် ကြောင်သတ္တဝါသည် စားသကဲ့သို့လည်းကောင်း၊ သစ်သားကို ခွဲစိတ်သော လွှသွားကဲ့သို့လည်းကောင်း လေ့ကျင့်သင်ကြားကာ လိုသောအခါ၌ ရလွယ်အောင် အနက်အဓိပ္ပာယ်နှင့် တကွ ကြံဆောင်မှတ်သား၍ ထားမှသာလျှင် အကြောင်းရှိ၍ တစ်ခုခုကို စလိုက်က အားလုံးပင် ပေါ်ထွက်လာကာ ပရိသတ်အလယ်၌ ကြောက်ရွံ့ ခြင်းမရှိဘဲ သတိကောင်းစွာဖြင့် မယိမ်းမယိုင်သော ကျောက်စာတိုင်ကဲ့သို့ အဖြာဖြာတို့၌ ခွဲဝေ၍ ပြောကြားနိုင်မည်ကို တွေးတောပါလေ” ဟုဆိုထား သည်။ ကြောင်သည် ပုစွန်ကို အခြားအစာများထက် ပိုကြိုက်၍ အားရစွာစားသကဲ့သို့ ပညာကိုလည်း အားရစွာ ကြိုးစားသင်ကြားခြင်းဖြင့် အကျိုးများပုံကို ညွှန်းဆိုဖော်ပြထားပါသည်။
ပွတ်တိုက်အရောင်တင်ပေး
မြန်မာနိုင်ငံရှိ ကလေးသူငယ်များသည် ဉာဏ်ရည်မနိမ့်သူများသာဖြစ်သည်။ ကလေးငယ် များ၏ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားတိုးတက်လာ အောင် မြှင့်တင်ပျိုးထောင်ပေးသည့် အတန်းပညာ ကို အကြောင်းအမျိုးမျိုးဖြင့် သင်ကြားနိုင်ခြင်း မရှိ၍သာ ထူးချွန်ထက်မြက်သူများ နည်းပါးနေခြင်း ဖြစ်သည်။ ကလေးငယ်၏အနာဂတ်အတွက် ထိုက်တန်သည့် အဆင့်အတန်းတစ်ခုသို့ ရောက်ရှိ ရေး၌ အခက်အခဲများရှိနေခဲ့၏။ တော်ပါသော်လည်း တန်ဖိုးဖြတ်သည့် မှတ်ကျောက်မတင်နိုင်ကြသဖြင့် ကြုံရာကျရာ ဘဝတစ်ခု၌သာ ကျင်လည်ကျက်စား နေကြရသည်။ ကျောင်းပညာကို ပြီးဆုံးအောင် မသင်နိုင်ခဲ့သဖြင့် “မီးခဲပြာဖုံး”သကဲ့သို့ စွမ်းအား ပျောက်သလိုဖြစ်နေကြ၏။ “ပတ္တမြားမှန်လျှင် နွံမှာ နစ်သော်လည်း မညစ်” သကဲ့သို့ မိမိတို့ရင်သွေး ရတနာများအား ပညာတည်းဟူသော အမြိုက်ဆေး ဖြင့် ပွတ်တိုက်အရောင်တင်ပေးရမည်ဖြစ်သည်။
ကျောင်းများတက်နိုင်ရေး
မြန်မာနိုင်ငံတွင် အတန်းပညာသင်ကြားမှုနှင့် ပတ်သက်၍ လေ့လာဆန်းစစ်ချက်အရ နိုင်ငံလူဦးရေ ၏ ထက်ဝက်ကျော်ခန့်သည် အခြေခံပညာအလယ် တန်းအဆင့်အောက်၌သာ ရှိနေသည်ဟုသိရသည်။ ပညာရေးအားနည်းချက်ရှိနေသောအခါ မျိုးဆက် များ၏ ဘဝအဆင့်အတန်းမှာလည်း နိမ့်ကျနေမည် ဖြစ်သည်။ မျက်မှောက်ကာလတွင် ကိုဗစ်-၁၉ ရောဂါနှင့် နိုင်ငံရေးပယောဂ လှိုင်းဂယက်တို့ကြောင့် ပညာသင်ကြားမှုအခွင့်အလမ်းများ ဆုံးရှုံးခဲ့ရသည့် ကလေးသူငယ်လူငယ်များကို တွေ့မြင်နိုင်သည်။ ယခုအခါ ပညာသင်နှစ်တစ်နှစ်ကို အဆင်ပြေ ချောမွေ့စွာ ပြီးဆုံးခဲ့ပြီဆိုသော်လည်း ကျောင်းတက် ရာခိုင်နှုန်း မပြည့်မီကြောင်းသိရသည်။ အချို့ဒေသ များ၌ အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုနှင့် အခြားအကြောင်းအမျိုးမျိုးတို့ကြောင့် ပညာမသင် ကြားနိုင်သော၊ ကျောင်းမတက်နိုင်သော လူငယ် လူရွယ်များရှိနေသည်။
ထို့ကြောင့် လာမည့်ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးရှိ ကျောင်းများအားလုံး ဖွင့်လှစ်နိုင် ရေး အစိုးရက ကြိုးပမ်းအားထုတ်မည်ဟုသိရသည်။ နယ်မြေဒေသအားလုံးတွင် ကျောင်းများဖွင့်လှစ် နိုင်ရေးအတွက် လိုအပ်သောဒေသ၌ စစ်အုပ်ချုပ် ရေးအမိန့်ထုတ်ပြန်ထားခြင်းသည် အကြောင်း တစ်ချက်ဖြစ်သည်။ ပြည်သူပြည်သားအားလုံး ပညာတတ်မြောက်ရေးအတွက် ပညာရေးဝန်ထမ်း များက အခက်အခဲအနှောင့်အယှက်များကြားမှ ဖြည့်ဆည်းပေးနေသည်ကို အသိအမှတ်ပြုရမည် ဖြစ်သည်။ အနှောင့်အယှက်များကို ကျော်လွှားနိုင် ရန်အတွက် လိုအပ်သည့်ဒေသများ၌ စည်းကမ်းများ ကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်နေသည်မှာ ဖြစ်သင့်ပါသည်။ လာမည့်ပညာသင်နှစ်တွင် အေးအေးချမ်းချမ်း ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းတက်သူဦးရေ တိုးပွားလာရေးအတွက် နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးမည်ဖြစ်၍ ဝမ်းမြောက်မိသည်။
ယနေ့ပင်စတင်လိုက်စို့
“စိတ်ပိုင်း၊ ရုပ်ပိုင်း အစဉ်ဖွံ့ဖြိုးကြီးထွားလာ နေတဲ့သူတို့လေးတွေအတွက် ပေးရမယ့်အဖြေဟာ မနက်ဖြန်မဟုတ် ဒီနေ့ပဲ”လို့ ဆိုပါတယ်။ အဓိပ္ပာယ် အလွန်လေးနက်ပြီး တာဝန်အဆင့်ဆင့်ရှိသူတွေ သာမက နိုင်ငံသားအားလုံးကို သတိပေးလိုက်တဲ့ တပ်လှန့်သံလို့ဆိုရင် ရတယ်။ ဒီနေ့တော့ ကလေး တွေအတွက် ဒီအဖြေပေးသွားပြီ၊ ကဲ . . . အားလုံးက လည်း ကလေးများအတွက် “ဒီနေ့” လို့ တူတူညီညီ ကတိပေးကြပါစို့။ အထက်ပါကဗျာစာသားလေး သည် ၁၉၄၅ ခုနှစ်က စာပေနိုဗယ်ဆုရ ချီလီနိုင်ငံမှ ကဗျာဆရာမကြီး Gabriela Mistral ရေးစပ်ခဲ့သည့် ကဗျာတစ်ပုဒ်ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ အဆက်မပြတ်ဖွံ့ဖြိုးနေသည့် ကလေးငယ် များအတွက် ပညာသင်ကြားပေးရေးကို ယနေ့ပင် အားလုံးစတင်လိုက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော် ထားသည့်ကဗျာလေးဖြစ်သည်။
ကျောင်းသား ကျောင်းသူများအတွက်
အကြောင်းအမျိုးမျိုးကြောင့် ကျောင်းနေခွင့် မရ၊ ကျောင်းထွက်ခဲ့ရသည့်ကလေးများ၊ ဘဝ ပြဿနာအဖုံဖုံကြောင့် မိဘအငြိုအငြင်ခံပြီး ပညာ သင်ကြားနေရသည့် ကလေးများ၊ မိဘအတွက် ဝင်ငွေရှာဖွေပေးနေရသည့်ကလေးများ၊ ဖိအား ပေးမှု၊ အကျပ်ကိုင်မှု၊ စိုးရိမ်ကြောက်လန့်မှု တို့ကြောင့် ကျောင်းမနေရသည့်ကလေးများ၊ ရပ်ရွာ ထဲတွင် ဆေးဖော်ကြောဖက်အလုပ်မခံရသည့် အပယ်ခံကလေးများ စသည်စသည် ပညာရေးနှင့် ဝေးနေရသည့် ကျောင်းသား ကျောင်းသူအရွယ် ကလေးငယ်များ မှာ နိုင်ငံတစ်ဝန်းတွင် အမြောက်အမြားရှိနေသည်။ အဆိုပါကလေးငယ်များ ပညာဆက်လက်သင်ကြား နိုင်ရေး မိဘ၊ ဆရာ၊ တာဝန်ရှိသူများ လက်တွဲ ပူးပေါင်း၍ ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ ယခုအခါ အကြောင်းအမျိုးမျိုးကြောင့် အခြေခံပညာ အလယ်တန်းအဆင့်သို့တက်ရောက်ရန် အခက်အခဲ ရှိနေသူလူငယ်များနှင့် ပုံမှန်ကျောင်းများမှ အလယ် တန်းအဆင့် မပြီးမြောက်မီ ကျောင်းထွက်ခဲ့ရသော ကလေးများအတွက်လည်း ပညာသင်ယူနိုင်မှု အစီအစဉ်များရှိနေပြီဖြစ်သည်။
ဆုံးခန်းတိုင်အောင်ပညာသင်ယူ
ကလေးများ၏အနာဂတ်သည် မိသားစု အတွက်သာမက တိုင်းပြည်အတွက်ပါ အလွန်အရေး ကြီးပါသည်။ ရှေးလူကြီးသူမများ ပြောသကဲ့သို့ “မျက်စိတစ်အောက်ကိုသာ မကြည့်ဘဲ မျက်စိ တစ်ဆုံးကြည့်” ဖို့လိုသည်။ ကလေးငယ်များ အနာဂတ်ကောင်းမွန်မှသာ အားလုံးအတွက် ပိုမိုကောင်းမွန်သည့် အနာဂတ်ဖြစ်လာမည်။ အကြောင်းအမျိုးမျိုးကြောင့် ကလေးငယ်များအား လျစ်လျူရှုမထားရန် မေတ္တာရပ်ခံလိုပါသည်။ လက်ရှိ ဘဝအခြေအနေအခက်အခဲကြောင့် ကလေးငယ် များ၏ဘဝများအား ရေမျောကမ်းတင်ဘဝမျိုးသို့ မရောက်စေလိုပါ။ ယနေ့မြန်မာနိုင်ငံအတွင်းရှိ အများစုဖြစ်သည့် ကလေးသူငယ်လူငယ်လူရွယ် များ၏ဘဝအခြေအနေအဆင့်အတန်းများ မည်သို့ ရှိသည်ကို လေ့လာဆန်းစစ်ကြည့်လျှင် သိနိုင်သည်။
ကြောင့်ကြပူပန်စရာမလိုဘဲ ပညာကို ဖြောင့်ဖြောင့်တန်းတန်း ဆုံးခန်းတိုင်အောင် သင်ကြားနိုင်သော ကလေးသူငယ်လူငယ်လူရွယ် များမှာ အနည်းစုဖြစ်ပါလိမ့်မည်။ ပညာကို ဆုံးခန်း တိုင်အောင်မသင်ယူနိုင်ဘဲ ဘဝကို ခက်ခဲကြမ်းတမ်း စွာဖြတ်သန်းနေကြရသည့် ကလေးသူငယ်လူငယ် လူရွယ်များ အနာဂတ်အတွက် စိုးရိမ်ပူပန်မိပါသည်။
မျှော်မှန်းသည့်ပန်းတိုင်သို့
မိဘအုပ်ထိန်းသူများအနေဖြင့် အခြား အကြောင်းအမျိုးမျိုးနှင့် မိမိတို့၏ဘဝများကြောင့် ကျောင်းသားအရွယ်ကလေးသူငယ်များ၏ ရှေ့ရေး ကို ပစ်ပယ်မထားရန်လိုအပ်သည်။ မိဘတိုင်းသည် မိမိတို့သားသမီးတိုင်းကို “ဆင်စီးမြင်းရံ” သည်ကို သာ မြင်လိုကြသည်။ ဉာဏ်ပညာထက်မြက်သူများ ဖြစ်လိုကြသည်။ မြန်မာနိုင်ငံမှ ကလေးသူငယ် လူငယ်လူရွယ်များသည် ဉာဏ်ရည်မနိမ့်ကျပါ။ ပင်ကိုအားဖြင့် အများစုသည် ဉာဏ်ကောင်းကြသည်။ ထူးချွန်ထက်မြက်သူများဖြစ်နိုင်သည်။ ထူးချွန် ထက်မြက်သည့် သို့မဟုတ် သင့်တင့်လျောက်ပတ် သည့်ဘဝတစ်ခုသို့ တက်လှမ်းနိုင်သော အစွမ်းအစ များရှိသည်။ သို့သော် ပညာကို ဆုံးခန်းတိုင်အောင် မသင်ကြားဘဲ၊ ပညာကို မျှော်မှန်းသည့်ခရီးတစ်ခုသို့ ရောက်အောင် မသင်ကြားဘဲနှင့် ရောက်ရှိနိုင်မည် မဟုတ်ပါ။
အချိန်ခါရှိခိုက် လုံ့လစိုက်၍ ကျောင်းနေ ပျော်ပြီး ပညာတော်အောင် အားလုံးက ရွက်ဆောင် ကြိုးပမ်းကြပါရန် အသိပေး နှိုးဆော်အပ်ပါ ကြောင်း။ ။
- Log in to post comments