အခါရာသီရွေ့ပေမယ့် . . .

Type
1

 

သိုက်စိုးထွန်း(နတ်ရွာ)

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့။


ရန်ကုန်၊ အင်းလျားကန်ကျွန်းဆွယ်အထက်နားက ဂဠုန်ဦးစောရဲ့အိမ်မှာ တပည့်တပန်းတွေနဲ့ ယောက်ယက်ခတ်နေတယ်။ ခင်မောင်ရင်ဆိုတဲ့သူမောင်းမယ့် စစ်စိမ်းရောင်ဖို့ဒ်ဆန်ထရပ်ကား၊ ဘညွန့်၊ မှုန်ကြီးနဲ့ မောင်နီတို့ နောက်ကနေ ခုန်တက်အပြီးမှာ ဝေါခနဲထွက်လာတယ်။ အချိန်က နံနက် ၈ နာရီခွဲ။

 

ဒါလဟိုဇီလမ်းနဲ့ ၄၂ လမ်းထောင့်မှာ ရပ်လိုက် တယ်။   မောင်နီက    ကားစောင့်နေခဲ့ပြီး   ကျန် သုံးယောက်က အတွင်းဝန်များရုံးကို အကဲခတ်လိုက် တယ်။ ပြီးတော့ ခင်မောင်ရင်က ‘သူရိယ’ သတင်းစာ တိုက်ကဖုန်းနဲ့   သူ့ဆရာဆီကို  ဆက်လိုက်တယ်၊ “ပစ္စတင်ကွင်းများ ရရှိပြီးပါပြီ”တဲ့။  ဒါက  ဒီနေ့ အစည်းအဝေးလုပ်ဖြစ်တဲ့အကြောင်း    လျှို့ဝှက် သတင်းပို့ချက်။


သတင်းရတာနဲ့   ဦးစောအိမ်က  ကားတစ်စီး ထပ်ထွက်လာတယ်။  သုခမောင်းတဲ့   ဂျစ်ကား၊ ကားပေါ်မှာ စိုးသူ၊ မောင်စိန်၊ သက်နှင်း၊ ရန်ကြီး အောင်တို့   လူတစ်စု။  လူတွေက  စစ်စိမ်းရောင် ဝတ်စုံတွေနဲ့။  လက်ထဲမှာက   တော်မီဂန်းတွေ၊ စတင်းဂန်းတွေနဲ့။ အိမ်ကထွက်တော့ နံနက် ၁၀ နာရီ။


တိုင်းပြည်အတွက် ကြေကွဲစရာကျရှုံးမှု


သေနတ်ပြောင်းဝချင်းရိုက်သံတွေ၊  လှေကား ပေါ်ကို အပြေးတက်တဲ့ ခြေသံပြင်းဖိနပ်သံတွေ၊ ညိုးညိုးညံညံအသံတွေ       ကြားရပြီးတဲ့နောက် အတွင်းဝန်များရုံး  အစည်းအဝေးခန်းမရဲ့   တံခါး ပေါက်မှာ လူတစ်စု   ဘွားခနဲပေါ်လာ၊   “မပြေးနဲ့၊ မထနဲ့”။ ဗိုလ်ချုပ်အောင်ဆန်းက ထအရပ်၊ “ပစ်…ပစ်….ပစ်” ဆိုတဲ့ မောင်စိုးရဲ့ အမိန့်ပေးသံနဲ့အတူ သေနတ်သံတွေတဒိုင်းဒိုင်း။ စက္ကန့်သုံးဆယ်လောက် မနားတမ်း ပစ်ခတ်ပြီးတဲ့အချိန်၊ ယမ်းခိုးယမ်းငွေ့ တွေနဲ့ မွှန်ထူနေတဲ့ခန်းမကြီးထဲမှာ ကျန်ရစ်ခဲ့တာက ခေါင်းဆောင်ကြီးတွေရဲ့ မြင်ရက်စရာမရှိတဲ့အဖြစ် ဆိုး။ အချိန်က နံနက် ၁၀ နာရီ ၃၇ မိနစ်။ သေနတ် ကိုယ်စီနဲ့ ရုံးထဲက ပြေးထွက်လာတဲ့သူတွေ ကြွေး ကြော်ကြတာက “အောင်ပြီ၊ အောင်ပြီ” တဲ့။ သူတို့ရဲ့ အောင်ပြီ၊ အောင်ပြီ ဟစ်ကြွေးသံနဲ့ ပြုခဲ့တဲ့အမှုက တကယ်တော့  တိုင်းပြည်အတွက်   ကြေကွဲစရာ ကျရှုံးမှုကြီးဖြစ်နေတာကို မသိကြလေရော့သလား။ 


တကယ်တော့   ဒီကိစ္စကြီးမဖြစ်ခင်ကတည်း က မသင်္ကာစရာ ရှေ့ပြေးဖြစ်ရပ်တွေ ဖြစ်ခဲ့တာ။ ဇွန်လ ၂၄ ရက်နေ့မှာ ဗြိတိသျှစစ်တပ် ပင်မလက်နက် ခဲယမ်းသိုလှောင်ရေးတပ် ‘ဘီအိုအေ’ကနေ ဘရင်း ဂန်း၊ တော်မီဂန်း၊ စတင်းဂန်း မောင်းပြန်လက်နက် ခဲယမ်းတွေကို   ပစ္စည်းထုတ်ပုံစံတုနဲ့  လူတစ်စုက  ထုတ်သွားတာ။       သတင်းရဲတပ်ဖွဲ့ကသိတော့ သက်ဆိုင်ရာကို တင်ပြတယ်။ ဒီဖြစ်စဉ်အရ ပြည်ထဲ ရေးဝန်ကြီးတာဝန်ကို ခေတ္တယူထားတဲ့ လယ်ယာ စိုက်ပျိုးရေးဝန်ကြီး   ပျော်ဘွယ် ဦးမြက   ဗိုလ်ချုပ် ရဲ့    ရုံးခန်းအပြင်မှာ     လုံခြုံရေးတပ်စိတ်တစ်စိတ် ချလိုက်တယ်။
သူ့ရုံးနားက   လုံခြုံရေးတွေကို  မြင်သွားတဲ့ ဗိုလ်ချုပ်က သူ့တပည့်ကို မေးသတဲ့။


“ဟေ့ကောင်၊ ငါ့ရုံးခန်းရှေ့က လက်နက်ကိုင် ရဲဘော်တွေက ဘာလုပ်တာလဲ”
“ပြည်ထဲရေးဝန်ကြီးက  လိုအပ်တယ်ထင်လို့ လုံခြုံရေးအစောင့်ချထားတာပါ”
“မလိုပါဘူးကွာ။  ငါ့ကို  ဘယ်သူကမှလည်း လုပ်ကြံမှာမဟုတ်ပါဘူး။ ငါကလည်း မစိုးရိမ်ပါဘူး။ ငါ့ရုံးခန်းရှေ့မှာ လက်နက်ကိုင်ရဲဘော်တွေ ချထား တာကို  ငါမမြင်ချင်ဘူး။  ဒီတော့   မင်းကိုယ်တိုင် ခုချက်ချင်း ပြည်ထဲရေးဝန်ကြီး ဦးမြဆီသွားပြီး ငါက ညွှန်ကြားတယ်လို့ပြော။ ငါ့ရုံးခန်းရှေ့က လက်နက် ကိုင် ရဲဘော်တွေကို    ချက်ချင်းပြန်ရုပ်ခိုင်းလိုက်။ ကဲ….မင်း အခုပဲ သွားပြောပေတော့”
ကိုယ့်လုံခြုံရေးထက် တိုင်းရေးပြည်ရာကိုသာ ရှေ့တန်းတင်ခဲ့တဲ့ ဗိုလ်ချုပ်၊  ကိုယ့်ကို  ဘယ်သူကမှ လုပ်ကြံလိမ့်မယ်လို့မထင်ခဲ့တဲ့ ဗိုလ်ချုပ်။ သူနဲ့အတူ နိုင်ငံ့ခေါင်းဆောင်ကြီးတွေဟာ မသမာသူတစ်စုရဲ့ သေနတ်ပြောင်းဝမှာ မတန်မရာ ကျဆုံးခဲ့ကြရတယ်။ ကျဆုံးချိန်မှာ ဗိုလ်ချုပ်ရဲ့အသက်က ၃၂ နှစ်စွန်းစွန်း လေးပဲ ရှိသေးတာ။  လူ့သက်တမ်းရဲ့   သုံးပုံတစ်ပုံ လောက်ပဲ နေရသေးတာ။ ကျန်တဲ့အာဇာနည်ကြီး တွေလည်း အရွယ်အကြီးဆုံးဖြစ်တဲ့ ဒီးဒုတ်ဦးဘချို တောင် ၅၄ နှစ်ပဲ ရှိသေးတာ။ ရဲဘော် ကိုထွေးဆိုရင် ၁၈ နှစ်တဲ့။ သခင်မြက ၄၉ နှစ်၊  ဦးရာဇတ်က  ၄၉  နှစ်၊ ဦးဘဝင်းက ၄၆ နှစ်၊ မန်းဘခိုင်က ၄၃ နှစ်၊ မိုင်းပွန်စော်ဘွားကြီး  စဝ်စံထွန်းက  အသက် ၄၀၊ ဦးအုန်းမောင်က ၃၄ နှစ်။ ပြောရရင်တော့ တိုင်းပြည် အတွက် အလုပ်လုပ်လို့ အကောင်းဆုံးအရွယ်တွေမှာ ကျဆုံးသွားကြတာ။    သက်ဆိုင်ရာမိသားစုတွေ အတွက်သာမက  တိုင်းပြည်အတွက်   ပြန်လည် အစားထိုးလို့မရနိုင်တော့တဲ့   ဆုံးရှုံးမှုကြီးတစ်ခု။   တိုင်းပြည်ရဲ့ အနာဂတ်ကို  ရိုက်ချိုးဖျက်ဆီးမှုကြီး၊   နိုင်ငံတော်လုပ်ကြံမှုကြီး။ 


အဓမ္မရယူဖို့ ကြိုးစားသူအတွက် နိဂုံးမလှတတ်


နိုင်ငံတော်လုပ်ကြံမှုကြီးကို ဦးဆောင်တဲ့သူက ဦးစော၊ သူကလည်း နယ်နယ်ရရပုဂ္ဂိုလ်တော့မဟုတ်။ ၁၉၄၀ ကနေ ၁၉၄၂ ခုနှစ်အထိ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့သူ။ သူရိယသတင်းစာတိုက်ပိုင်ရှင်၊ မျိုးချစ်ပါတီခေါင်းဆောင်။  လုပ်ကြံမှုကြီးကို  သွေးအေးအေးနဲ့ဆောင်ရွက်ပြီးတဲ့အချိန်၊ ဗိုလ်ချုပ်မရှိတဲ့ နောက်ပိုင်း၊ တိုင်းပြည်ကို  သူပဲဦးဆောင်အုပ်ချုပ် ရတော့မယ်ဆိုတဲ့  အတွေးနဲ့၊   ဆာဟူးဘတ်ရန့်နဲ့ တွေ့ရင်ဝတ်မယ့်  ဝတ်စုံကိုတောင်   အိပ်ခန်းထဲမှာ ဖြန့်ထားလိုက်သေးသတဲ့။ တကယ်တမ်းကျတော့ ဝန်ကြီးချုပ်ဖြစ်မလာဘဲ အဖမ်းခံရပြီး   ကြိုးစင်ပေါ် တက်သွားရတယ်။ အကြမ်းဖက်တဲ့နည်းနဲ့ အာဏာ ကို အဓမ္မရယူဖို့ ကြိုးစားသူအတွက် နိဂုံးမလှတတ် ဘူးဆိုတာ  နောက်မျိုးဆက်တွေအတွက်  နမူနာ ဖြစ်စဉ် တစ်ခုဆိုပါတော့။


ပြည်သူတစ်ရပ်လုံး  ယူကျုံးမရ


တိုင်းပြည်လွတ်လပ်ရေးအတွက် အရေးတကြီးလုပ်ကိုင်ဆောင်ရွက်စရာတွေကို ခြေလှမ်းစိပ်စိပ်နဲ့ မနားတမ်းဆောင်ရွက်နေရတဲ့အချိန်၊ လွတ်လပ်ရေးရောင်နီသန်းလာတဲ့အချိန်မှာမှ     ဒီအဖြစ်ဆိုးကြီး က  ဖြစ်သွားခဲ့တယ်။  တိုင်းပြည်ဟာ  ခလုတ်တိုက်၊ မှောက်လျက်လဲပြီး အကြီးအကျယ် အထိနာသွားခဲ့ တယ်။  ပြည်သူတစ်ရပ်လုံး  ယူကျုံးမရ   ဖြစ်ခဲ့ကြ ရတယ်။ ဒီလိုဖြစ်စဉ်မျိုး ဘာကြောင့်ဖြစ်ပွားခဲ့ရသလဲ။ ပြန်လည်ချေဖျက်လို့ မရနိုင်တော့တဲ့  အမည်းစက် ကြီးတစ်ခု   ဘာ့ကြောင့်စွန်းထင်းခဲ့ရသလဲ။   ဒီလို အဖြစ်ဆိုးမျိုးတွေ     နောက်နောင်မှာဖြစ်မလာဖို့  ဘာတွေပြင်ဆင်ကြရမလဲ။ မျိုးဆက်သစ်တွေဆီမှာ ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ အတွေးနဲ့ အမြင်မတူသူတွေ၊ ပြိုင်ဘက်တွေကို ရက်ရက်စက်စက် သတ်ဖြတ်တတ် တဲ့ စရိုက်ဆိုးတွေ ထပ်ဝင်မလာအောင် ဘယ်လို သွန်သင်မှုတွေ ပြုကြမလဲ။ 
အံ့သြဖို့ကောင်းတာက အာဇာနည်ခေါင်းဆောင် ကြီးတွေကို   လုပ်ကြံခဲ့သူကလည်း   သူ့ကိုယ်သူ အာဇာနည်ပါလို့    ကမ္ပည်းတပ်ထားသေးတယ်။ ‘သာယာဝတီ သူပုန်တောမှ အာဇာနည်ဂဠုန်စော’ တဲ့။ အာဇာနည်ဆိုတဲ့ စကားလုံးကို ဦးစော ဘယ်လို ကောက်ယူတယ်   မသိပေမယ့်  မြန်မာအဘိဓာန် ကတော့ “(၁)အကြောင်း ဟုတ်မဟုတ်ကို ကောင်းစွာ သိသောသူ။ (၂) သာမန်ထက် လက်ရုံးရည်၊ နှလုံးရည် ထူးကဲသာလွန်၍ အများအကျိုးအတွက်  သက်စွန့်ကြိုးပမ်းဆောင်ရွက်သူ”လို့ ဖွင့်ဆိုပါတယ်။


အာဇာနည်ဆိုတဲ့  စကားလုံးအပေါ်မှာ  ဦးစော ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုခဲ့တယ်ဆိုတာ မသိရပေ မယ့် သူ့ရဲ့ ဖွင့်ဆိုကောက်ယူပုံက  လွဲခဲ့တယ်လို့တော့ ကောက်ချက်ချစရာရှိပါတယ်။  စကားလုံးတစ်လုံး အပေါ်မှာ ကောက်ယူပုံလွဲရုံနဲ့ အကြံအစည်၊ အတွေး အခေါ်တွေမှားပြီး   ပြောဆိုမှု၊   လုပ်ကိုင်မှုတွေ၊ လျှောက်တဲ့လမ်းစဉ်တွေ မှားသွားနိုင်တယ်ဆိုတာကို ဒီဖြစ်ရပ်က  သက်သေခံနေပါတယ်။  အတွေးမှားတာ က တစ်ယောက်တည်း၊ နစ်နာသွားတာက တစ်ပြည် လုံး။ တစ်ဦးတစ်ယောက်ရဲ့  အတွေးအမြင်လွဲချော်မှု က တိုင်းပြည်ကို အထိနာစေခဲ့တယ်ဆိုရင် အစုအဖွဲ့ လိုက်လွဲမှားမှုက   ပိုလို့သာ   ဆိုးစရာရှိတော့တာပေါ့။ ဒါ့ကြောင့် ကိုယ်ကိုင်စွဲနေမိတဲ့ ဝါဒတစ်ခုက ဖြူစင် သန့်ရှင်းတဲ့ဝါဒ ဟုတ်၊  မဟုတ်  အမြဲဝေဖန်ဆန်းစစ် နေသင့်ပါတယ်။


ဦးစောကတော့  အကျဉ်းစံကာလ  သူ့သမီးဆီ ရေးတဲ့   စာတွေထဲမှာ  ဒေါသ၊   အာဃာတတွေ ကြောင့် ဒီလိုကျူးလွန်မိတဲ့အတွက် သူမှားကြောင်း ဝန်ခံထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နှောင်းခဲ့ပြီ လေ၊ ပြန်ပြင်လို့မှ မရနိုင်တော့တာ။ သူ့လုပ်ရပ်ဟာ သူတစ်ယောက်တည်းရဲ့ အကြံအစည်က  အစပျိုး ပေါက်ဖွားလာတဲ့   လုပ်ရပ်ဖြစ်နိုင်သလို    တခြား ပယောဂတွေရဲ့ ပူးပေါင်းမှုကြောင့်လည်း ဖြစ်နိုင် တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူကျူးလွန်တဲ့အမှုကြီး ကတော့  လူ့အသိုင်းအဝိုင်းရဲ့   အော့နှလုံးနာစရာ အမှုကြီးသာ ဖြစ်ပါတယ်။


အသက်နဲ့ရင်း သမိုင်းသင်ခန်းစာ


အာဇာနည်ဆိုတဲ့အဓိပ္ပာယ်ကို လိုသလိုဖွင့်ဆို ပြီး  ပုဂ္ဂိုလ်ရေးခံစားမှုတွေ၊   မကျေနပ်ချက်တွေ၊ ဣဿာ၊ မစ္ဆရိယစိတ်တွေကို ဖွင့်ချသွားခဲ့တဲ့ လုပ်ရပ် တစ်ခု တိုင်းပြည်မှာ ဖြစ်ခဲ့ပြီးပြီ။ အမည်းစက်ကြီး စွန်းခဲ့ပြီးပြီ။   နောက်နောင်အခါမှာ ဒီလိုအရုပ်ဆိုး အကျည်းတန်တဲ့ကိစ္စတွေ ထပ်မဖြစ်နိုင်တော့အောင် အကာအကွယ်ပေးနိုင်မယ့် စနစ်တွေကို ခိုင်ခိုင်မာမာ တည်ဆောက်ထားဖို့  လိုမှာပါ။   အာဇာနည်ဆိုတဲ့ စကားရပ်အပေါ် လိုသလိုအဓိပ္ပာယ်ကောက်ယူပြီးကိုယ်သတ်လိုသူကို  သတ်ဖြတ်နေသူတွေ  ပစ္စက္ခ အချိန်မှာ ရှိ၊ မရှိ မေးခွန်းထုတ်ပြီး ရလာတဲ့အဖြေ အတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေ ပြုကြရမှာပါ။ အမျိုးသားခေါင်းဆောင်ကြီးတွေရဲ့ အသက်နဲ့ရင်း ပြီးရခဲ့တဲ့ သမိုင်းသင်ခန်းစာကို ကျေကျေညက်ညက် နားလည်သဘောပေါက်ကြရမှာပါ။


အကြမ်းဖက်လမ်းစဉ် မလျှောက်လှမ်းသင့်


လုပ်ကြံသတ်ဖြတ်တဲ့နည်းလမ်းကို   အသုံးပြု တဲ့  ဝါဒမှန်သမျှက   အကြမ်းဖက်ဝါဒသာဖြစ်တဲ့ အကြောင်း၊  အကြမ်းဖက်လမ်းစဉ်ကို   ဘယ်လို ပုဂ္ဂိုလ်မျိုးမှ   မလျှောက်လှမ်းသင့်တဲ့အကြောင်း၊ အကြမ်းဖက်ဝါဒဟာ   ရွံမုန်းစရာ၊   ထိတ်လန့် ကြောက်ရွံ့စရာဝါဒတစ်ခုသာ   ဖြစ်တဲ့အကြောင်း မျိုးဆက်အားလုံး သဘောပေါက်နားလည်ဖို့ ကြိုးစား ကြရမှာပါ။ ဖြစ်ခဲ့ပြီးတာတွေကိုတော့ ပြန်လည် ပြုပြင်လို့  မရနိုင်တော့ပါဘူး။   အနာဂတ်ကိုသာ တတ်စွမ်းသမျှ   လှပအောင်ထုဆစ်  ပုံဖော်နိုင်ဖို့ ကြိုးပမ်းကြရတော့မှာပါ။


အကြမ်းဖက်ဝါဒကျင့်သုံးသူဆိုတာကလည်း ဆန်းတော့အဆန်းသား။ အမျိုးသားခေါင်းဆောင် ကြီးတွေကို  လုပ်ကြံသတ်ဖြတ်ခဲ့တဲ့   ဂဠုန်ဦးစော ကိုယ်တိုင်တောင်မှ  ‘သူ၏   နိုင်ငံရေးသက်တမ်း အနှစ် ၃၀ အတွင်း သူသည် အကြမ်းမဖက်မှုကို အစဉ်သဖြင့်   အခိုင်အမာယုံကြည်သူဖြစ်ခဲ့သည့် အတွက်  ဘညွန့်နှင့်  သူ၏   အပေါင်းအသင်းများ ဤကဲ့သို့ မိုက်မိုက်ကန်းကန်းဆင်ကန်းတောတိုးသကဲ့သို့  ကောက်ကျစ်ယုတ်မာလွန်းစွာ   ပူးပေါင်း ကြံစည်ကျူးလွန်ခဲ့သည့်ပြစ်မှုမျိုးကို သူ့အနေဖြင့်ထောက်ခံခွင့်ပြုပေးစရာ အကြောင်းမရှိ’ကြောင်း ရုံးတော်ရှေ့မှောက်မှာ   ထွက်ဆိုခဲ့ပါသေးသတဲ့။ အကြမ်းဖက်မှုကျူးလွန်သူတွေဟာ ကိုယ့်ကိုယ်ကိုယ် အကြမ်းဖက်မှုကျူးလွန်ပါတယ်လို့ ဝန်ခံလေ့မရှိ တဲ့အကြောင်း နမူနာတစ်ရပ်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် လူ့အသိုင်းအဝိုင်းမှာ အကြမ်းဖက်မှုမှန်သမျှ ကင်းစင် သွားဖို့   အားလုံးဝိုင်းဝန်း  ကြိုးပမ်းကြရမှာပါ။       


အမျိုးသားခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့ အာဇာနည်နေ့ရောက်လေတိုင်းမှာ    အာဇာနည် ပုဂ္ဂိုလ်ကြီးတွေရဲ့ ဂုဏ်ကျေးဇူးကို အထူးအောက်မေ့ ဆင်ခြင်ကြရမှာပါ။ ကိုယ်ကိုယ်တိုင်ဆင်ခြင်ရုံမက မျိုးဆက်သစ်လူငယ်တွေရဲ့ ရင်ထဲနှလုံးထဲမှာလည်း အာဇာနည်ဆိုတဲ့အဓိပ္ပာယ်၊ အာဇာနည်စိတ်ဓာတ်နဲ့ လုပ်ရပ်၊ အာဇာနည်တို့ရဲ့လမ်းစဉ်တွေ ကိန်းအောင်း လာအောင်၊ အာဇာနည်ခေါင်းဆောင်ကြီးတွေအပေါ် လေးစားကြည်ညိုစိတ်  တိုးပွားလာအောင် အသိ ပညာလက်ဆင့်ကမ်းမှုတွေ ပြုကြရမှာပါ။ 


အာဇာနည်နေ့မှာ       ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးတွေကို   လေးစား မြတ်နိုးစိတ်နဲ့ ဦးညွှတ်အလေးပြုကြမယ်။ လွမ်း ဆွတ်စိတ်နဲ့   သတိတရ   လွမ်းသူ့ပန်းခွေချကြ မယ်။ ကောင်းရာသုဂတိ   ရောက်ရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့သပြီး ပြုသမျှကုသိုလ်တွေကို ရည်စူးအမျှဝေမှုတွေ ပြုကြမယ်။ ခေါင်းဆောင်ကြီး တွေ   လျှောက်လိုခဲ့တဲ့   လမ်းစဉ်ကို   ဆက်လက် လျှောက်လှမ်းဖို့ အဓိဋ္ဌာန်တွေပြုကြမယ်။ ကျေးဇူးရှိ ခဲ့သူတွေအတွက် ကျေးဇူးသိတတ်စွာနဲ့ ကျေးဇူးဆပ် နိုင်ဖို့  ကြိုးစားကြရမယ်။ 


တစ်ပြည်လုံး ကြေကွဲဝမ်းနည်းဖွယ်


အာဇာနည်နေ့မှာ ဥသြသံတွေလည်း ဆူဆူညံညံ ရှိနေလိမ့်မယ်။ အာဇာနည်ဗိမာန်မှာ၊ အနယ်နယ် အရပ်ရပ်မှာရှိတဲ့ အာဇာနည်ကြီးတွေရဲ့ ရုပ်တုတွေ၊ ရုပ်ပုံတွေရှေ့မှာ လွမ်းသူ့ပန်းခွေတွေ ချကြလိမ့်မယ်။ ပြည်သူအားလုံးက  အလေးပြုကြလိမ့်မယ်။  လွမ်း မျက်ရည်တွေလည်း  စိုရွှဲကြလိမ့်မယ်။  ဒီနေ့မှာ တေးပြုစာဆို ဂီတာတင်အုန်းရဲ့ အလေးပြုပါတယ် ဆိုတဲ့သီချင်းသံက တစ်ပြည်လုံးမှာ ကြေကွဲဝမ်းနည်း ဖွယ်ရာ ဝေ့ဝဲလွင့်ပျံနေလိမ့်မယ်။


“နှစ်လနာရီ အခါရာသီရွေ့ပေမယ့် အာဇာနည် နေ့ကိုဖြင့် မမေ့သင့်ပါသလေ ယနေ့ဖြင့်သတိတရား ထားဖို့အခြေ အများပြည်သူတွေ အများပြည်သူတွေ အာဇာနည်နေ့ကိုလေ တွေးရှုကာပဲ အလေးပြုပါမယ် လေ”။